Friday, August 6, 2010

. .

တွံတေးတူးမြောင်း အတွင်း သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရဘဲ တည်ဆောက်သည့် ဆိပ်ခံတံတားများကို စိစစ်အရေးယူသွားမည်


PDF Print E-mail
တွံတေးတူးမြောင်း အတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုချက်မရဘဲ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဆိပ်ခံတံတားများအား စိစစ်ကာဥပဒေနှင့်အညီ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ ဌာန၏ တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။


မြစ်ချောင်းနယ်၊ ကမ်းပါးနယ်၊ ကမ်းနားနယ်တို့တွင် လွန်းလမ်း၊ သင်္ဘောကျင်း၊ ရေစိုသင်္ဘောကျင်း၊ ရေလုံသင်္ဘောကျင်း တည်ဆောက်ခြင်း၊ ဆိပ်ခံတံတားနှင့် ရေဆင်းတံတား ဆောက်လုပ်ခြင်း၊ မြောင်းဖော်၍ သင်္ဘောကမ်းထိုးခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့် လျှောက်ထားခြင်းအပေါ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိစစ်ခွင့်ပြုရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၆/ကတွင် ဖော်ပြပါရှိသည်။


ထို့ကြောင့် လုပ်ငန်းများ လုပ်ဆောင်မည်ဆိုပါက အဆိုပါဦးစီးဌာန ၏ခွင့်ပြုချက်ကိုရယူရန်လိုအပ်ပြီး ခွင့်ပြုချက်မရှိဘဲ တည်ဆောက်လုပ် ကိုင်သည်ကိုတွေ့ရှိပါက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၂၅ ဖြင့် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေ ငါးသောင်းကျပ်ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်ကြောင်း ထုတ်ပြန်ထားသည်။
တွံတေးတူးမြောင်း အတွင်း၌ ခွင့်ပြုချက်မရဘဲ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဆိပ်ခံတံတားများ အား စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ရာ ဌာနသို့ခွင့်ပြုချက် လာရောက်တင်ပြပါက စိစစ်ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။


"တူးမြောင်းမှာ အထူးသဖြင့် တွံတေးမြို့နားမှာ ပုဂ္ဂလိကဆိပ်ခံ တံတားတွေ အများကြီးရှိနေပါတယ်။ ဒီဌာနရဲ့ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတာနဲ့ ဆောက်လုပ်ဆဲတံတားတွေကို စိစစ်ပြီး အရေးယူသွားမယ်။ အခုလတ်တလောမှာတော့ အဘက်ဘက်က နစ်နာမှုတွေမရှိအောင် ခွင့်ပြုချက်တောင်းခံလာမယ်ဆိုရင် သေချာစိစစ်ပြီး ခွင့်ပြုချက်ထုတ်ပေးဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒါကိုအချိန်ကာလ တစ်ခုထိပဲ ခွင့်ပြုမှာဖြစ်ပါတယ"ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှတာဝန် ရှိသူက ရှင်းပြသည်။


၎င်းကပင် ဆက်လက်၍ "ဆောက်ထားပြီး ဆိပ်ခံတံတားဖြစ်နေရင် ဆောက်ပြီးသား အဆောက်အဦကို ဖျက်ဖို့တော့ခက်ပါတယ်။ ဒါပေမဲ့ ဒီတံတားဆောက်ထားလို့ တူးမြောင်းကို ဘယ်လောက်ဆိုးကျိုး ရှိမလဲ၊ မဖျက်ဘဲနဲ့ ပြင်လိုက်ရင်ရော တူးမြောင်းအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိနိုင်တော့ဘူးလား။ တကယ်လို့ မရှိနိုင်ဘူးဆိုရင် ပြင်ဆင်ဆောင်ရွက် သွားရမယ်။ ဒါပေမဲ့ လုံးဝခွင့်ပြုလို့မရတဲ့ အနေအထားဆိုရင်တော့ ဖျက်ပေးရမှာဖြစ်ပါတယ်" ဟု ပြောပြခဲ့သည်။


ထိုသို့ အရေးယူမှုများ ပြုလုပ်ရန်စီစဉ်ရခြင်းမှာ တွံတေးတူးမြောင်း ရေရှည် တည်တံ့ရေးနှင့် ဆိပ်ခံတံတားဆောက်၍ စီးပွားရေးပြုလုပ်ရာမှ အညစ်အကြေး၊ စွန့်ပစ်ပစ္စည်းများကြောင့် တူးမြောင်းအတွင်း ရေထုညစ်ညမ်းမှု အခြေအနေများ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။

No comments:

Post a Comment