Friday, August 20, 2010

. .

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သမိုင်းစဉ်

စနေနေ့ ၂၁-၈-၂၀၁၀(၁:၁၃ နံနက်ပိုင်း)

အောင်နိုင်သူတို့နေထိုင်တဲ့ ကမ္ဘာကြီးမှာ လူသားတွေကြောင့် သဘာဝပတ်ဝန်းကျင်ဘယ်လောက်ထိ ပြောင်းလဲသွားတယ်ဆိုတာ အများသိအောင် ပြန်လည်ဖြန့်ဝေပေးလိုက်ပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း၂၅၀-ကျော်က စက်မှုတော်လှန်ရေးဟု ခေါ်ရလောက်အောင် စက်ကိရိယာများကို စတင်အသုံးပြုလာခဲ့ကြပြီး ယင်းတို့ကို မောင်းနှင်ရန် ရေနံအစရှိသော ရုပ်ကြွင်းလောင်စာတို့ကို လောင်မြှိုက်ရာမှ ကမ္ဘာကို ပူနွေးစေသည့် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ လေထုတွင်း လွန်ကဲစွာ ၀င်ရောက်လာခြင်း၊ ကမ္ဘာလူဦးရေ တစ်ဟုန်တိုး များပြားလာကာ လူနေမှုအဆင့် မြင့်လာသည်နှင့် အမျှ ရုပ်ကြွင်းလောင်စာ သုံးစွဲမှု မြင့်မားလာခြင်း၊ အစိုးရများနှင့် အဖွဲ့အစည်းများက ရာသီဥတု ပြောင်းလဲမှု ပြဿနာ ကိုင်တွယ်မှု စသည်တို့ ဆက်နွယ်ပါဝင်နေသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သမိုင်းစဉ်ကို အောက်ပါအတိုင်း တင်ပြလိုက်ပါသည်။

  • ၁၇၁၂-ခုနှစ်

ဗြိတိသျှလူမျိုး သောမတ်နျူကိုမင်က ရေနွေးငွေ့ဖြင့် မောင်းသော အင်ဂျင်စက်ကို တီထွင်ခြင်းဖြင့် စက်မှုတော်လှန်ရေးခေတ်ကို အစပျိုးပေးလိုက်သည်။ အင်ဂျင်စက်လည်ပတ်ရန် ရုပ်ကြွင်းလောင်စာ တစ်မျိုးဖြစ်သော ကျောက်မီးသွေးကို ကျယ်ပြန့်စွာ စတင်အသုံးပြုကြသည်။

  • ၁၈၀၀-ပြည့်နှစ်

ကမ္ဘာ့လူဦးရေ သန်းတစ်ထောင် ပြည့်သည်။

  • ၁၈၂၄-ခုနှစ်

ပြင်သစ်ပညာရှင် ဂျိုးဇက်ဖူရီယေးက ဖန်လုံအိမ် အာနိသင်အကြောင်း စတင်ဖေါ်ထုတ်ရေးသားခဲ့သည်။ ကမ္ဘာမြေပြင်၊ ရေပြင် စသည်တို့မှ ကောင်းကင်ယံသို့ ပြန်ကန်ထွက်လာသော အပူဓာတ်များကို လေထုတွင်းရှိ ဓာတ်ငွေ့ အချို့က စုတ်ယူထိန်းသိမ်းထားခြင်းဖြင့် ကမ္ဘာကို ပူနွေးစေသည်ကို ဖန်လုံအိမ် အာနိသင်ဟု ခေါ်သည်။

  • ၁၈၆၁-ခုနှစ်

ရူပဗေဒပညာရှင် ဂျွန်တင်ဒေါလ်က ရေငွေ့နှင့် အချို့ဓာတ်ငွေ့များသည် ဖန်လုံအိမ် အာနိသင်ကို ဖန်တီးဖြစ်ပေါ်စေကြောင်း ပြောဆိုသည်။

  • ၁၈၈၆-ခုနှစ်

ကမ္ဘာပထမဆုံး မော်တော်ကားဟု အသိအမှတ်ပြုခံရသော ယာဉ်ကို ကားလ်ဘင်းဇ်က ထုတ်လုပ်သည်။ နောင်တွင် ကားစီးရေ အမြောက်အများ ထုတ်လုပ်လာကာ ကားအင်ဂျင်မှ ထွတ်သော ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏသည် ကမ္ဘာကို ပူနွေးစေရာတွင် အရေးပါသော အချက်များအနက် တစ်ရပ်ဖြစ်လာသည်။

  • ၁၈၉၆-ခုနှစ်

ဆွီဒင်ပညာရှင် အာရင်းနီးယပ်စ်က စက်မှုလုပ်ငန်းများက အသုံးပြုသော ကျောက်မီးသွေးကြောင့် ဖြစ်ပေါ်သော ဖန်လုံအိမ် အာနိသင် အပူဓာတ်သည် လေထုတွင်း ရှိနှင့်ပြီး အပူဓာတ်ကို ပိုမိုပြင်းထန်လာစေလိမ့်မည်ဟု ပြောသည်။

  • ၁၉၀၀-ပြည့်နှစ်

ဆွီဒင်ပညာရှင် အန်းစထရောင်းက လေထုတွင်းရှိ ကာဘွန်ဒိုင်အောက်ဆိုက်၏ ပမာဏသည် နည်းပါးလှစေကာမူ အားကောင်းသော ဖန်လုံအိမ် အာနိသင် အပူဓာတ်ကို ဖြစ်ပေါ်စေကြောင်း ပြောဆိုသည်။

  • ၁၉၂၇-ခုနှစ်

ရုပ်ကြွင်းလောင်စာများမှ ထွက်သော ကာဘွန်ဒိုင်အောက်ဆိုက်၏ ပမာဏသည် တစ်နှစ်လျှင် တန်ချိန် ဘီလျံတစ်ထောင် အမှတ်သို့ ရောက်ရှိသည်။

  • ၁၉၃၀-ပြည့်နှစ်

ကမ္ဘာ့လူဦးရေ သန်းနှစ်ထောင် ပြည့်သည်။

  • ၁၉၃၈-ခုနှစ်

ကမ္ဘာတစ်ဝှမ်းလုံးရှိ မိုးလေ၀သစခန်း ၁၄၇-ခုမှ ရသော အချက်အလက်များကို လေ့လာ၍ ဗြိတိသျှပညာရှင် ဂိုင်းကာလင်ဒါက ၁၉-ရာစုအတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန် တက်လာနေကြောင်း၊ တစ်ချိန်တည်းတွင်ပင် လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်၏ ပမာဏလည်း လိုက်တက်လာကြောင်း ထုတ်ဖော်သည်။

  • ၁၉၅၈-ခုနှစ်

လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်၏ ပမာဏ စနစ်တကျ တိုင်းတာခြင်းကို ဒေးဗစ်ကီးလင်းက စတင်ဆောင်ရွက်သည်။ လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်၏ ပမာဏ ၃၁၅ ပီပီအမ် (လေထုအပုံ ၁-သန်းလျှင် ကာဘွန်ဒိုင်အောက်ဆိုက် ၃၁၅ ပုံ) သို့ရောက်သည်။ ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၃.၉ ဒီဂရီ စင်တီဂရိတ် ရှိသည်။

  • ၁၉၆၀-ပြည့်နှစ်

ကမ္ဘာ့လူဦးရေ သန်းသုံးထောင် ပြည့်သည်။

  • ၁၉၆၅-ခုနှစ်

အမေရိကန်သမ္မတ၏ အကြံပေးကော်မတီက မြင့်မားလာနေသော ဖန်လုံအိမ် အာနိသင်သည် အမှန်တကယ် စိုးရိမ်ရကြောင်း သတိပေးသည်။

  • ၁၉၇၂-ခုနှစ်

ပထမကုလသမဂ္ဂ ပတ်ဝန်းကျင်ရေးရာ ညီလာခံကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကျင်းပသော်လည်း ရာသီဥတုပြောင်းလဲမှုအကြောင်း ဆွေးနွေးမှု မရှိခဲ့ချေ။

  • ၁၉၇၅-ခုနှစ်

ကမ္ဘာ့လူဦးရေ သန်းလေးထောင် ပြည့်သည်။

  • ၁၉၈၇-ခုနှစ်

ကမ္ဘာ့လူဦးရေ သန်းငါးထောင် ပြည့်သည်။

  • ၁၉၈၈-ခုနှစ်

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရများ ကြား ဆက်သွယ်ညှိနှိုင်းရေးအဖွဲ့ (IPCC)ကို ဖွဲ့စည်းသည်။

  • ၁၉၈၉-ခုနှစ်

ရုပ်ကြွင်းလောင်စာများမှ ထွက်သော ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏသည် တစ်နှစ်လျှင် တန်ချိန် ဘီလျံခြောက်ထောင် အမှတ်သို့ ရောက်ရှိသည်။

  • ၁၉၉၀-ပြည့်နှစ်

(IPCC)၏ ပထမ အစီရင်ခံစာ ထွက်ပေါ်သည်။ လွန်ခဲ့သောရာစုနှစ်အတွင်း ကမ္ဘာပျမ်းမျှ အပူချိန်သည် ၀.၃မှ ၀.၆ စင်တီဂရိတ် တက်ခဲ့ကြောင်း၊ လူတို့၏ ပယောဂကြောင့် ထွက်သော ဖန်လုံအိမ် ဓာတ်ငွေ့‎များ လေထုတွင်းဝင်ရောက် နေကြောင်း စသဖြင့်ပါရှိသည်။

  • ၁၉၉၂-ခုနှစ်

ဘရာဇီးနိုင်ငံ ရီအိုဒီဂျနီရိုမြို့တွင် ကျင်းပသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင်ကို သဘောတူရေးဆွဲသည်။ ဖန်လုံအိမ် ဓာတ်ငွေ့‎ထွက်ရှိမှုကို အန္တရာယ်ဖြစ်စေနိုင်သည့် ပမာဏအထိ မရောက်စေရန် ထိန်းချုပ်ဖို့ ရည်ရွယ်သည်။

  • ၁၉၉၅-ခုနှစ်

(IPCC)၏ ဒုတိယ အစီရင်ခံစာ ထွက်ပေါ်သည်။ ဖန်လုံအိမ် ဓာတ်ငွေ့‎ထွက်ရှိမှုကို ရည်ညွန်း၍ ကမ္ဘာရာသီဥတုအပေါ် လူသားတို့၏ လုပ်ဆောင်ချက်က သက်ရောက်လွှမ်းမိုးမှု လက္ခဏာများကို တွေ့ရကြောင်း ကြေငြာသည်။

  • ၁၉၉၇-ခုနှစ်

တိုကျိုသဘောတူညီချက်ကို ချုပ်ဆိုနိုင်သည်။ တိုကျိုသဘောတူညီချက်အရ ဖွံ့ဖြိုးပြီးနိုင်ငံများသည် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုကို ၁၉၉၀-ပြည့်နှစ်က ထုတ်လွှင့်ခဲ့သည့် ပမာဏထက် ပျမ်းမျှ ၅% လျော့ချရန် တာဝန်ရှိသည်။ ယင်းရည်မှန်းချက်ကို ၂၀၀၈-ခုနှစ်မှ ၂၀၁၂-ခုနှစ်အတွင်း အကောင်းအထည် ဖော်ကြရမည်။ ဓာတ်ငွေ့ထုတ်လွှင့်မှု ကန့်သတ်ချက်ကို ဖွံ့ဖြိုးပြီးနိုင်ငံများ ပေါ်တွင်သာ ထားရှိခြင်းကို အမေရိကန်က လက်မခံချေ။ ဖွံ့ဖြိုးဆဲနိုင်ငံများကပါ ဓာတ်ငွေ့ထုတ်လွှင့်မှုကို ကန့်သတ်ပါမှ တိုကျိုသဘောတူညီချက်ကို အတည်ပြုနိုင်မည်ဟု ဆိုသည်။

  • ၁၉၉၈-ခုနှစ်

ကမ္ဘာပျမ်းမျှ အပူချိန် အမြင့်ဆုံးအမှတ်သို့ ရောက်သည်။ ၁၉၆၁ မှ ၁၉၉၀ ခုနှစ်များအတွင်း ပျမ်းမျှထက် ၀.၅၂ ဒီဂရီ စင်တီဂရိတ်တက်သည်။

  • ၁၉၉၉-ခုနှစ်

ကမ္ဘာ့လူဦးရေ သန်းခြောက်ထောင် ပြည့်သည်။

  • ၂၀၀၁-ခုနှစ်

(IPCC)၏ တတိယ အစီရင်ခံစာ ထွက်ပေါ်သည်။ ကမ္ဘာအပူချိန် တက်နေမှုသည် စက်မှုလုပ်ငန်းများမှ ထွက်သော ဖန်လုံအိမ် ဓာတ်ငွေ့‎များကြောင့် ဖြစ်ကြောင်း အထောက်အထားပို၍ ခိုင်လုံလာသည်ဟု ပါရှိသည်။

  • ၂၀၀၅-ခုနှစ်

တိုကျိုသဘောတူညီချက်သည် နိုင်ငံတစ်ကာ ဥပဒေအဖြစ် ရောက်ရှိသည်။

  • ၂၀၀၆-ခုနှစ်

ရုပ်ကြွင်းလောင်စာများမှ ထွက်သော ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏသည် တစ်နှစ်လျှင် တန်ချိန်ဘီလျံ ရှစ်ထောင် အမှတ်သို့ ရောက်ရှိသည်။

  • ၂၀၀၇-ခုနှစ်

(IPCC)၏ စတုတ္ထ အစီရင်ခံစာ ထွက်ပေါ်သည်။ ကမ္ဘာရာသီဥတု ပြောင်းလဲနေမှုသည် လူ့ပယောဂကြောင့် ဖြစ်ကြောင်း ၉၀% သေချာသည်ဟု ကြေငြာသည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် အစည်းအဝေး ကျင်းပပြီး ၂၀၀၉-ခုနှစ် အကုန်တွင် ရာသီဥတုဆိုင်ရာ စာချုပ်ထွက်ပေါ်ရေး ကြိုးပမ်းရန် ဆုံးဖြတ်သည်။ လွန်ခဲ့သော ငါးနှစ်အတွင်း ပျမ်းမျှ ကမ္ဘာအပူချိန်သည် ၁၄.၅ဒီဂရီ စင်တီဂရိတ် ဖြစ်လာသည်။

  • ၂၀၀၈-ခုနှစ်

လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ ၃၈၂ ပီပီအမ်သို့ ရောက်သည်။

  • ၂၀၀၉-ခုနှစ်

တရုတ်သည် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှင့်မှုတွင် အမေရိကန်ကို ကျော်တက်ကာ ဓာတ်ငွေ့အများဆုံး ထုတ်သော နိုင်ငံဖြစ်လာသည်။

  • ၂၀၀၉-ခုနှစ်၊ ဒီဇင်ဘာ

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် စည်းဝေး၍ တိုကျိုသဘောတူညီချက်ကို ပြင်ဆင်ရန်၊ သို့မဟုတ် စာချုပ်အသစ်ချုပ်ရန် ကြိုးပမ်းကြမည်။

No comments:

Post a Comment