Tuesday, August 17, 2010

. .

လိုင်စင်မဲ့ကား တန်ဖိုးဖြတ်ရာတွင် ဝန်ထမ်းများ လာဘ်စား

E-mail Print
Share/Save/Bookmark လိုင်စင်မဲ့ ကားများကို တန်ဖိုးဖြတ် အခွန်ဆောင်စေ၍ လိုင်စင် လုပ်ပေးရာတွင် လာဘ်ပေး လာဘ်ယူမှုများ ပေါ်ပေါက်နေပြီး ၀န်ထမ်း အချင်းချင်း အပြန်အလှန် တိုင်ကြားကြကာ ၀န်ကြီးဌာနများ အကြားတွင်လည်း မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

dkba-cars

ထိုင်း-မြန်မာ နယ်စပ်မှတဆင့် မြန်မာပြည်တွင်းသို့ ဝင်ရောက်မည့် ကားများ (ဓာတ်ပုံ - ဧရာဝတီ)

“မြ၀တီမြို့မှာ လိုင်စင်မဲ့ ကားတွေကို လာဘ်ပေး လာဘ်ယူလုပ်ပြီး တန်ဖိုး သတ်မှတ် အခွန် ဖြတ်တာ။ ပြည်နယ် အခွန်ဦးစီးမှူးနဲ့
မြို့နယ်အခွန် ဦးစီးမှူးကြားမှာ ပြဿနာ တက်ကုန်တယ်။ အခု အဲဒီမှာ တိုင်ကြ တောကြနဲ့ လိုင်စင်မဲ့ကား အခွန်ဆောင် တာတွေ ခဏရပ် နေတယ်” ဟု ရန်ကုန်မြို့ရှိ အကောက်ခွန် ဦးစီးဌာန (ရုံးချုပ်)၊ စုံစမ်း စစ်ဆေးရေး ဌာနခွဲမှ တာဝန်ရှိသူ တဦးက ပြောသည်။

ပြည်ပမှ တရားမဝင် တင်သွင်းထားသော ယာဉ်များအား “ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့” တွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၄ ခု လက်အောက်မှ ဌာနခွဲများ ပူးပေါင်း ပါဝင်သည်။

ယင်း ပူးပေါင်းထားသည့် ဌာနခွဲများတွင် ပြည်တွင်း အခွန်များ ဦးစီးဌာနက ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာ့ စီးပွားရေးဘဏ်၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနနှင့် နယ်စပ်ကုန်သွယ်ရေး ဦးစီး ဌာနတို့က အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

လိုင်စင်မဲ့ကားများကို တန်ဖိုးသတ်မှတ်ရေးအဖွဲ့က စိစစ်တန်ဖိုးသတ်မှတ်ပြီး ကားတန်ဖိုး၏ ၈၅ ရာခိုင်နှုန်းကို အခွန်ဆောင်စေရာတွင် လိုင်စင်မဲ့ကားပိုင်ရှင်က လာဘ်ငွေ ပေးပြီး ကားတန်ဖိုးကို လျှော့ချသတ်မှတ်စေခြင်းဖြင့် အခွန်အနည်းငယ်သာ ဆောင်ခွင့်ရအောင် ကြိုးပမ်းကြကြောင်း၊ ထိုသို့ ကြိုးပမ်းရင်း ၀န်ထမ်းများအကြား မကျေနပ်မှုများ လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အခွန်ဆောင်မည့် ကားပိုင်ရှင်၊ ကားပွဲစားများက ၎င်းတို့နှင့် သိကျွမ်းရင်းနှီးသော ဌာနဆိုင်ရာ ၀န်ထမ်းများကို
ချိတ်ဆက် ပေးကမ်းပြီး အခွန်ဆောင်ကြောင်း သိရသည်။

“ပြည်တွင်းအခွန် ဦးစီးမှူးနဲ့ ပိုင်တဲ့သူက ပြည်တွင်းအခွန် ဦးစီးမှူးကို လာဘ်ထိုးပြီး အခွန်နည်းနည်းပဲ ဆောင်ရအောင်လုပ်တယ်။
အကောက်ခွန် အရာရှိနဲ့ ပိုင်တဲ့သူကလည်း အကောက်ခွန် အရာရှိကို လာဘ်ထိုးတယ်။ အဲဒီလိုပုံစံနဲ့ အချင်းချင်း ဝေစု မတည့်ကြတော့တာ” ဟု အစိုးရ အရာရှိတဦးက ရှင်းပြသည်။

လိုင်စင်မဲ့ကားများ အခွန်ဆောင်သည့် ကိစ္စနှင့် ပတ်သက်ပြီး အထူးသဖြင့် ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အကောက်ခွန် ဦးစီးဌာန အကြားတွင် မကျေမနပ်မှုများ ပိုများနေသည်ဟု သိရှိရသည်။

“တကယ်ဆို ဒီလိုင်စင်မဲ့ကား ဒဏ်ရိုက်တဲ့အလုပ်က အကောက်ခွန်ဦးစီးဌာနရဲ့ အလုပ်။ ပြည်တွင်းအခွန်ဆိုတာ ရလာတဲ့ အကျိုးအမြတ်ပေါ်မှာပဲ အခွန်ကောက်ရတာ။ ပြည်တွင်းအခွန်က တရားမ၀င်ပစ္စည်းတွေကို ဥပဒေနဲ့အညီ ဘယ်လိုဒဏ်ရိုက်ရ မယ်ဆိုတာ သေသေချာချာ မသိဘဲ လုပ်ချင်ရာလုပ်တော့ ပြဿနာတွေ တက်လာတယ်။ ရှေ့လျှောက် ဒီထက်ပို ပြဿနာကြီးလာမှာ” ဟု အကောက်ခွန် ဦးစီးမှူးတဦးက ဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း အခွန်ဆောင်ရန်လာသော လိုင်စင်မဲ့ကားများကို ၎င်းတို့လက်ထဲသို့ အပ်နှံပြီးမှ အခွန်ဆောင်ခွင့်ပြုရန် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ကို ဖိအားပေးကြောင်း သိရသည်။

“ရဲကဖမ်းဆီးလိုက်တဲ့ လိုင်စင်မဲ့ကားတစီး အခွန်ဆောင်ပြီးတာနဲ့ ချက်ချင်းပဲ ဖမ်းဆီးတဲ့ရဲအတွက် အခွန် ၁၀ ရာခိုင်နှုန်း ဆုကြေးပေးရတယ်။ အဲဒီတော့ ရဲက အခွန်ဆောင်မယ့် ကားတိုင်းကို သူတို့လက်ထဲ အပ်စေချင်တယ်” ဟု
ပြည်တွင်းအခွန် ဦးစီးဌာနမှ အရာထမ်းတဦးက ပြောဆိုသည်။

ရန်ကုန်မြို့တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်တွင်းအခွန်ဦးစီးမှူး အငြိမ်းစား ဗိုလ်ကြီး ဇေယျာသည် ယာဉ်ထိန်းရဲများနှင့် ညှိနှိုင်းပြီး အခွန်ဆောင်ရန်လာသော ကားတိုင်းကို ရဲဖမ်းဆီးကားများအဖြစ် သတ်မှတ် အခွန်ဆောင်စေကြောင်း ကားပိုင်ရှင်များထံမှ သိရသည်။

ရန်ကုန်မြို့ ဟံသာဝတီကားဈေးကွက်မှ ကားပွဲစားတဦးက “တန်ဖိုးဖြတ်တဲ့ဈေးက တသမတ်တည်းမရှိဘူး။ ငွေပေးရင် နည်းတယ်။ ငွေမပေးရင် အခွန် တအားများတယ်။ မကျေနပ်တဲ့သူက တိုင်တယ်” ဟု ပြောသည်။

တချို့ လိုင်စင်မဲ့ကားများကို တန်ဖိုးသတ်မှတ်ရာတွင် ဈေးကွက်ပေါက်ဈေးထက် များပြားသောကြောင့် ယာဉ်ပိုင်ရှင်များသည် အခွန်မဆောင်ဘဲ ရှောင်တိမ်းကုန်ကြကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ ကားဈေးကွက်တွင် ကားဈေးနှုန်း အတက်အကျမရှိဘဲ တည်ငြိမ်နေပြီး အရောင်းအ၀ယ် ရပ်ဆိုင်းနေကြောင်း ကားပွဲစားများက ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသမှ နောက်ဆုံးရရှိသော သတင်းများအရ နယ်စပ် ကုန်စည် စီးဆင်းမှုများ ရပ်ဆိုင်းနေသည့်တိုင် မဲဆောက်ဘက်မှ ကားစီးရေ ၂၀ ခန့် မြန်မာဘက် အခြမ်းသို့ ဝင်ရောက်လာကြောင်း သိရသည်။

No comments:

Post a Comment