Thursday, August 19, 2010

. .

မြန်မာ နစက၏ ပြန်ပေးဆွဲခံ ဘင်္ဂလီ ငါးဖမ်းသမားများ ပြန်လည် မလွှတ်မြောက်သေး

8/18/2010
Adjust font size:

-------------
ထွန်းထွန်း
-------------

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြားတည်ရှိသော နတ်မြစ်

မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ နစက၏ များမကြာမှီက ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသော ဘင်္ဂလားဒေခ်ျ့ ငါးဖမ်း သမားများ ယခုအချိန်ထိ ပြန်လည် လွှတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ငါးဖမ်းသမားများမှာ အာဘဒူ လာအာဇိဆ် အသက် (၂၅) နှင့် ရော်ဟော်မောက် အူမာ အသက်(၂၂)တို့ ဖြစ်ကြောင်းသိရသည်။

သူတို့နှစ်ဦးအား သြဂတ်စ်လ ၁၅ ရက်နေ့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ၀ါးခွပ်ချောင်း မြို့နယ် အုန်းသီးပြင် နယ်စပ် အနီးရှိ နတ်မြစ် အတွင်း ငါးရှာဖွေနေစဉ် နစကများက မော်တော်ဘုတ် တစီးဖြင့် ရုတ်တရက် ၀င်ရောက် လာပြီး ဖမ်းဆီး ခေါ်ဆောင်ခဲ့သည်။

ဘင်္ဂလားဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့ အမှတ် ၄၂ ဘီဒီအာရ် တပ်ရင်းမှ မြန်မာ နစက တာဝန် ရှိသူများထံ စာရေးပြီး အဆိုပါ ငါးဖမ်းသမားများကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုထားသည်ဟု သိရသည်။

အလားတူ လွန်ခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ကလည်း နစကတပ်ဖွဲ့ တဖွဲ့သည် ဘင်္ဂလားဒေ့ခ်ျ ရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာပြီး နတ်မြစ်အတွင်း ငါးဖမ်းနေသော တံငါသည် ၂ ဦးကို ပြန်ပေးဆွဲ ခေါ်ဆောင် သွားခဲ့သည်။

ပြန်ပေးဆွဲ ခေါ်ဆောင်ခြင်း ခံရသူ ၂ ဦးမှာ ဇင်းဂျီးဟိုဆိန် အသက် (၂၈ နှစ်) နှင့် ရာချတ် အသက် (၁၃) ဆိုသူတို့ ဖြစ်ပြီး သူတို့ကို အဆိုပါနေ့ ညဥ့်အချိန်တွင် ပြန်ပေး ဆွဲခေါ် ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြန်ပေးဆွဲမူများမှာ နစက တပ်သား ၂ ဦး နတ်မြစ်ကို လှေဖြင့် ဖြတ်ပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ ဇူလိုင်လ ၂၇ ရက်နေ့က ထွက်ပြေးသွားပြီး နောက်ပိုင်းတွင် ပေါ်ပေါက် လာခြင်း ဖြစ်သည်။

အဆိုပါ တပ်သား ၂ ဦးကို ဖမ်းဆီးပြီး ပြန်ပို့ရန် မြန်မာဘက်က ဘင်္ဂလာ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဒီအာရ်ထံသို့ အကြောင်း ကြားခဲ့သော်လည်း ဘီဒီအာရ်ဘက်မှ ယနေ့အချိန်ထိ ဖမ်းဆီး ပြန်ပို့ရန် ပျက်ကွက်နေသဖြင့် နစက အရာရှိများ အထူး မကျေမနပ် ဖြစ်နေသည်ဟု သိရသည်။

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။

No comments:

Post a Comment