Monday, August 30, 2010

. .

ရသေ့တောင် မစဲကျွန်း ၂၄ ရွာမှ စပါးခင်များကို ပိုးကောင်များ ၀င်ရောက်ဖျက်ဆီး

8/29/2010
Adjust font size:

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် တောင်ပိုင်း မစဲကျွန်းတွင် တည်ရှိသော ရွာပေါင်း ၂၄ ရွာမှ စပါးခင်များကို အမည်မသိ ပိုးကောင်များက ၀င်ရောက် ဖျက်ဆီးနေသဖြင့် စပါးခင်းများ အကြီးအကျယ် ပျက်စီးနေကြောင်း လယ်သမားများက ပြောသည်။

ကြက်ရိုးဆိပ် ကျေးရွာမှ လယ်သမား တဦးက “ ပိုးက လေးမျိုး လောက်ရှိပါတယ်။ အရောင်စုံပါဘဲ။ သူတို့ကျပီ ဆိုရင် ဖူးနေတဲ့ စပါးဖူးက အစ အောက်ခြေ ရေစပ်နားထိ စပါး အူတိုင် တခုလုံးကို စားပစ်ပါတယ်။ ခုလို ပိုးကောင်တွေ ဖျက်ဆီးခံနေရတဲ့ အတွက် လယ်သမားတွေ အထူး စိတ်မကောင်း ဖြစ်နေကြပါတယ်” ဟု ပြောသည်။

အဆိုပါ ပိုးကောင်များမှာ ကူတောင်နှင့် မင်းကန်းချောင်း အ၀ိုင်းတွင် စတင် ကျရောက်ပြီး ယခုအခါ တကျွန်းလုံးတွင် ကျယ်ကျယ် ပြန့်ပြန့် ကျရောက်နေကြောင်း သူက ပြောသည်။

“ပိုးကောင်တွေက ကူတောင် အ၀ိုင်းမှာ စကျပြီး အခုတော့ တကျွန်းလုံး အနှံ့ ပျံ့နှံ့နေပါပြီ။ ပိုက်ဆံ ချမ်းသာတဲ့ သူတွေက ပိုးသတ်ဆေး တစ်ဗူးကို ကျပ် ၆၀၀၀ နဲ့ ၀ယ်ပီး စပါးခင်းတွေကို ဖျန်းပါတယ်။ နည်းနည်းတော့ သက်သာပါတယ်။ ဒါပေမယ့် ဆေးဝယ်ပီး မသတ်နိုင်တဲ့ လယ်သမားက အများကြီးဆိုတော့ အဲဒီ ပိုးမသတ်နိုင်တဲ့ စပါးခင်းတွေက ပိုးတွေက ဆက်ပြီး ကူးစက် သွားပြီး ထပ်ဖျက်ဆီးတော့တာ ပါဘဲ” ဟု သူက ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ကျွန်းသူ ကျွန်းသားများက ရယက များမှ တဆင့် မြို့နယ် စိုက်ပျိုးရေး ဌာနကို တင်ပြထားသော်လည်း ယခုအချိန်ထိ တစုံတရာ လာရောက်နှိမ်နှင်းခြင်း မရှိသေးကြောင်း သူက ပြောသည်။ ကြံ့ဖွတ်မှ ပိုးသတ်ဆေးများ ဖြန့်ဝေပေးမည်ဟု သတင်း ဖြစ်နေသော်လည်း ယခုအချိန်ထိ လာရောက် ဖြန့်ဖြူးခြင်း မရှိသေးကြောင်း သိရသည်။

ယခု ပိုးကောင်များ ကျရောက်နေသော ကျေးရွာများမှာ ဇီးကိုင်း၊ ညောင်ပင်လယ်၊ ဆားပြင်ကြီး၊ ဆားပြင်ချေ၊ ဥဂ္ဂါ၊ ကြက်ရိုးဆိပ်၊ မင်းကန်းချောင်း၊ ကူတောင်၊ ရွေလောင်းတင်၊ ကံပြင်၊ ပဇင်းမော်၊ ကျောက်ဆိပ်၊ ရီပိတ်ဆုံ၊ အနောက်ပြင်၊ ကျွန်းကြီးစသည့် ကျေးရွာများ ပါဝင်သည်။

ယခုကဲ့သို့ စပါးခင်းများကို ပိုးကောင်များ ၀င်ရောက် ဖျက်ဆီးနေသဖြင့် စပါးရာသီချိန်တွင် ရိတ်သိမ်းစရာ စပါးမကျန်ဘဲ ဖြစ်နိုင်သွားနိုင်သဖြင့် လယ်သမားများ အကြီးအကျယ် စိတ်ထိခိုက်နေကြသည်ဟု သိရသည်။

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။

No comments:

Post a Comment