
မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ခဲ့သည့် နေအိမ်အား ရောင်းချတော့မည်ဟု သိရသည်။ ပြီးခဲ့သည့်နှစ် ဇွန်လက ကွယ်လွန်ခဲ့သည့် Popဂီတ ဘုရင်ကြီးသည် လော့စ်အန်ဂျလိစ်၊ ဟိုလ်ဘီဟေးလ်ရှိ စံအိမ်ကြီးအား တစ်လလျင် ဒေါ်လာတစ်သိန်းဖြင့် ငှားရမ်းနေထိုင်ခဲ့သည်။ ထိုစံအိမ်ကြီးတွင် မိုက်ကယ်သည် Propofol ဆေးဝါးလွန်ကျွံမှုကြောင့် နှလုံးထိခိုက်ကာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
အသက် (၅၀)အရွယ်တွင် မိုက်ကယ်ခေါင်းချသွားရာ အဆိုပါ အိမ်ကြီးအား ယခုအခါ ဒေါ်လာ(၂၉)သန်းဖြင့် ရောင်းချတော့မည်ဟုဆိုသည်။ Ed ardy၏ CEOဖြစ်သူ ဟူးဘတ်ဂုဇ်ပိုင်ဆိုင်သည့် အိမ်ကြီးအား ဂုဇ်က တစ်လဒေါ်လာသုံးသိန်းဖြင့် ငှားရမ်းနိုင်ရန် ကြိုးပမ်းခဲ့သေးသော်လည်း အဆင်မပြေသဖြင့် ၀ယ်ဈေးထက် အရှုံးခံ ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ (၂၀၀၈)ခုနှစ်က ထိုအိမ်ကြီးအား ၀ယ်ယူရန် ဂုဇ်သည် ဒေါ်လာ(၃၉)သန်း ကျခံသုံးစွဲခဲ့ရသည်။ မိုက်ကယ်သည် ၎င်းမကွယ်လွန်မီ အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သည့် This is It ဖျော်ဖြေပွဲအတွက် အနီးရှိ Staplesစင်တာတွင် လေ့ကျင့်ရန် အဆိုပါ စံအိမ်ကြီးအား ငှားရမ်းခဲ့ခြင်းဖြစ်သည်။ မိုက်ကယ်သည် ယင်းအိမ်ကြီးတွင် ၎င်း၏ ကလေးများဖြစ်သည့် ပရင့်စ်မိုက်ကယ်၊ ဘလန့်ကက်၊ ပဲရစ်တို့နှင့်အတူ နေထိုင်ခဲ့ခြင်းဖြစ်သည်။ အိမ်ကြီးသည် စတုရန်းပေ (၁၇၂၀၀) ကျယ်ဝန်းပြီး အိပ်ခန်း(၇)ခန်း၊ အိမ်သာ(၁၃)ခန်း၊ ကားဂိုဒေါင် (၇)ခုနှင့် ရေကူးကန်တို့ ပါဝင်ကြောင်းလည်း သိရသည်။
No comments:
Post a Comment