Tuesday, August 17, 2010

. .

ရွေးကောက်ပွဲကြောင့် စာမေးပွဲများ စောစစ်မည်

E-mail Print
Share/Save/Bookmark ရွေးကောက်ပွဲ မတိုင်မီ စာမေးပွဲများ အပြီးစစ်ရန် ညွှန်ကြား ချက်ကြောင့် တက္ကသိုလ်များ၏ ဒုတိယ နှစ်ဝက် စာမေးပွဲကို သတ်မှတ် ရက်ထက် စောစစ်မည့် အတွက် သင်ခန်းစာ များအား အလျင်အမြန် သင်ကြား လျက်ရှိရာ ကျောင်းသူ ကျောင်းသားများ စာလိုက်နိုင်မှု အခက်အခဲ ဖြစ်နေကြောင်း သိရှိရသည်။

“စာမေးပွဲကို လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ ဖြေရမယ်ဆိုတော့ ဆရာမတွေက စာတွေပြတ်အောင် တွန်းသင်နေတော့ ကျမတို့ မလိုက်နိုင်တော့ဘူး၊ အခုချိန်အထိ စာတွေကလည်း မပြတ်သေးဘူး”ဟု ရန်ကုန်မြို့ ဒဂုံ တက္ကသိုလ်မှ သမိုင်းဘာသာ ဒုတိယ နှစ် ကျောင်းသူ တဦးက ပြောသည်။

ပုံမှန်အားဖြင့် ဒုတိယ နှစ်ဝက် စာမေးပွဲများကို စက်တင်ဘာ လကုန်ပိုင်းနှင့် အောက်တိုဘာ လဆန်းပိုင်းတွင် စစ်ဆေးလေ့ရှိသော် လည်း ယခု စက်တင်ဘာ ၁၅ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

ရွေးကောက်ပွဲမတိုင်မီ အဆင့်မြင့်ပညာ ဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ် အသီးသီးတွင် စာမေးပွဲများ အပြီးစစ်ရမည် ဟူသော ညွှန်ကြားချက် ရှိသောကြောင့် ယင်းသို့ စာစစ်ရက်ရှေ့တိုးရခြင်း ဖြစ်ကြောင်း ဒဂုံ တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ ဆရာမ တဦးက ပြောသည်။

“စာမေးပွဲက စက်တင်ဘာ ၁၅ ဆိုတော့ စာမေးပွဲအတွက် အခုကတည်းက ပြင်ဆင်နေကြရပြီ၊ သင်ခန်းစာတွေလည်း အပြတ်ဖြတ် ကြပေါ့၊ အဆင်ပြေအောင် လုပ်နေရတာပဲ”ဟု အဆိုပါ တွဲဖက် ပါမောက္ခ က ပြောသည်။

ထို့အပြင် အဝေးသင်များကိုလည်း ယခင်က နိုဝင်ဘာလပိုင်းတွင် အနီးကပ် ၁၀ ရက်နှင့် စာမေးပွဲဖြေဆိုရက်ကို တပြိုင်တည်း ကျင်းပသော်လည်း ယခု အောက်တိုဘာလတွင် အနီးကပ် ၁၀ ရက် သင်ကြားခြင်းနှင့် စာမေးပွဲကို ရှေ့တိုးသည်ဟု သိရသည်။

ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်မီသော ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ ပါမောက္ခ အိမ်သို့ တိုင်စာပို့ခြင်း၊ အုပ်ထိန်းသူ မိဘက ပါမောက္ခကို လာရောက် တွေ့ဆုံ၍ လက်မှတ်ထိုး အာမခံရခြင်း၊ အကယ်၍ ဤသို့ လာရောက်ခြင်း မရှိပါက ဒုတိယ နှစ်ဝက်စာမေးပွဲကို ဖြေဆိုခွင့်မပြုဟု ထုတ်ပြန် ကြေညာထားကြောင်း၊ စာမေးပွဲရက်ကိုလည်း ကြေညာထားကြောင်း ဒဂုံ တက္ကသိုလ် ဥပဒေ နောက်ဆုံးနှစ် ကျောင်းသားတဦးက ပြောသည်။

“စက်တင်ဘာလ ၁၅ ရက်နေ့ စဖြေရမှာပါ၊ ကြားထဲမှာ တနင်္ဂနွေ တရက်ပဲ ပိတ်တယ်၊ ၇ ဘာသာ ဖြေရမှာ။ ကျနော်က ကျောင်း တက်ရက် ၇၅ ရာခိုင်နှုန်း ပြည့်တော့ ပြသနာမရှိဘူး၊ ကျောင်းသား တော်တော် များများကတော့ မပြည့်လို့ ရှင်းနေရ တယ်”ဟု ၎င်းက ပြောဆိုသည်။

စာမေးပွဲတွေကိုစောစောဖြေဆိုရန် သင်ခန်းစာများကို အမြန်သင်ကြားသည်။ ထိုသင်ခန်းစာများကို သင်ကြားနေချိန် ကျောင်းသူ ကျောင်းသားများမရှိခြင်းကြောင့် အတန်းတွင်း မရှိသောကျောင်းသား၊ ကျောင်းသူများကို ကျောင်းခေါ်ကြိမ် မပြည့်သူများ အဖြစ် သတ်မှတ်၍ မိဘများထံ တိုင်ကြားစာများပို့ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

“ကျနော်တို့က နေ့ဘက် တက်တာ၊ အတန်းချိန်က အားလုံးပေါင်း ၇ ချိန်ရှိတယ်။ မနက် ၈း၄၅ ကစပြီး ညနေ ၃နာရီ ၀န်းကျင်အထိ တပတ် ၃ ရက်လောက်ပဲ လာနိုင်တယ်၊ ကားက ၃ ဆင့် စီးရတယ်။ ပြီးတော့ အရမ်းပင်ပန်းတယ်၊ တခါတလေ သူငယ်ချင်းတွေနဲ့ ဒီနေ့ မင်းတို့ တက်လိုက် နောက်တပတ် မင်းတို့နား ဆိုပြီး လုပ်ရတယ်။ နောက်မှ သူငယ်ချင်းတွေ ဆီက စာ အပြန်အလှန်ကူးရ တယ်၊ တခါတလေ ကျူတိုရီရယ်ရှိတဲ့ အပတ်လောက်ပဲ ပုံမှန်လာဖြစ်တယ်၊ အခု ကျောင်းတက်ရက် မပြည့်တော့ဘူး၊ ဒါပေမယ့် အဆင်ပြေအောင်တော့ ဖြေရှင်းပေးမယ်လို့ ပြောပါတယ်”ဟု တောင် ဒဂုံ မြို့နယ်မှ ကျောင်းသား တဦးက ပြောသည်။

တက္ကသိုလ် ကောလိပ်များကို မြို့ပြင်များတွင် ထားရှိသောကြောင့် ကျောင်းသား၊ ကျောင်းသူ အများစုမှာ ငွေကြေး အဆင်မပြေမှု များ နှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် တပတ် ၃ ရက်၊ ၄ ရက် ခန့်သာ ကျောင်းတက်နိုင်ပြီး အတန်းပျက်ရခြင်း မျိုး ရှိသည့်အတွက် ကျောင်းခေါ်ချိန် မပြည့်သည့် ကျောင်းသားများမှာ အများစုဖြစ်နေသောကြောင့် ဆရာ၊ ဆရာမများ အနေဖြင့် လည်း အခက် အခဲဖြစ်နေကြောင်း သိရှိရသည်။

စစ်အစိုးရက လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

No comments:

Post a Comment