Thursday, August 19, 2010

. .

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ထုတ်ပစ်မှု အဖွဲ့အတွင်း မကျေနပ်ကြ

ရဲရင့် / ၁၉ သြဂုတ် ၂၀၁၀


နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရာတွင် ပိုလျှံသည့် ဒီကေဘီအေတပ်ဖွဲ့ဝင် (၂,၀၀၀) ကျော်အား အဖွဲ့မှ ထုတ်ပယ်လိုက်သည့် အကျိုးဆက်ကို ဒီကေဘီအေ ခေါင်းဆောင်များ ပေးဆပ်ကြရမည်ဟု အပယ်ခံတပ်မှူးတဦးက ပြောကြားသည်။

လက်နက်ကိုင် အင်အား (၃,၀၀၀) ကျော်ရှိသည့် ဒီကေဘီအေ အဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရာတွင် နအဖမှ တပ်ရင်း (၃) ရင်းစာ စစ်သည်အင်အား (၁,၀၀၀) ခန့်သာ လက်ခံသောကြောင့် ကျန်တပ်ဖွဲ့ဝင် (၂,၀၀၀) ကျော်ကို အဆင့်အလိုက် နစ်နာကြေးပေးကာ အဖွဲ့မှ ထုတ်ပယ်လိုက်သည့်အတွက် အပယ်ခံများအကြား မကျေနပ်မှုများ ဖြစ်ပေါ်နေသည်။

“ဒီကိစ္စကို ပြေလည်အောင် မညှိနှိုင်းဘဲ အဖွဲ့ဥက္ကဋ္ဌ ဦးသာထူးကျော်နဲ့ ဒု-ဥက္ကဋ္ဌ စောကျော်သန်းတို့ဟာ သူတို့ကိုယ်ကျိုးအတွက် နအဖနဲ့ပေါင်းပြီး တချိန်က ကိုယ့်အမျိုးသားအတွက် အသက်ပေး အတူတွဲ တိုက်ပွဲဝင်လာခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေရဲ့ သစ္စာကိုမှမထောက်ဘဲ ကိုယ့်အမျိုးသားတပ်ကို ဗမာတပ်ထဲသွင်းပြီး ကျန်တဲ့လူတွေကို မျက်နှာလွှဲခဲပစ် လုပ်တာကို အများစုက လုံးဝမကျေနပ်ဘူး။ ဒီဆိုးကျိုးတွေကို သူတို့ပေးဆပ်ရမှာဖြစ်တယ်” ဟု အဆိုပါတပ်မှူးက ပြောသည်။

မြ၀တီခရိုင်အခြေစိုက် ဒီိကေဘီအေ (၉၉၉) မှ ထုတ်ပယ်ခံရသည့် အသက် (၅၀) အရွယ်ရှိ စောစေးက “အမျိုးသားရေးအတွက် လုပ်ဆောင်ခဲ့တာတွေဟာ နောက်ဆုံးမှာ လူငယ်တွေ ဗမာစစ်သားဖြစ်ပြီး အသက်အရွယ်ကြီးသူတွေ တပ်က အထုတ်ခံလိုက်ရတယ်။ အရာရှိအဆင့်တွေကို တောထဲမှာ မြေတကွက်နဲ့ နစ်နာကြေးတချို့ပေးပြီး ရဲဘော်တွေကျတော့ မြေကွက်တောင်မရဘဲ ကျပ် (၁) သိန်း၊ (၂) သိန်းလောက်နဲ့ ကျေနပ်လိုက်ရတာတွေ ရှိတယ်။ အောက်ခြေရဲဘော်တွေက မကျေနပ်ပေမယ့် ဘာမှ မတတ်နိုင်တော့ဘူး။ ဒီပြဿနာဆက်က အခြေအနေတွေ ရှုပ်ထွေးပြီး ကရင်တွေအချင်းချင်း သတ်ဖြတ်ကြမယ့် အခြေဆိုက်ဦးမယ်” ဟု ပြောသည်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသည့် စစ်ရေးပြပွဲကို မြိုင်ကြီးငူ ဌာနချုပ်တွင် ယမန်နေ့၌ ပထမအသုတ်အဖြစ် စတင်ကျင်းပခဲ့သည်။

ဒုတိယအသုတ်အဖြစ် ယခုလ (၂၀) ရက်တွင် (၉၉၉) တပ်မှ ဗျူဟာမှူး စောချစ်သူအဖွဲ့က မြ၀တီမြို့နယ်ရှိ မယ်ပလက်ရွာ၌ လည်းကောင်း၊ တတိယအသုတ်အဖြစ် (၂၄) ရက်တွင် ဒီကေဘီအေ ကလို့ထူးဘောဒေသမှ ဗိုလ်မှူးကြီး စောမောသိုဦးစီးအဖွဲ့ က မြ၀တီမြို့နယ်ရှိ မေတ္တာလင်းမြိုင်ရွာ၌လည်းကောင်း ပြုလုပ်မည်ဟု သိရသည်။

မြိုင်ကြီးငူတွင် ယမန်နေ့က ပြုလုပ်သည့် ဌာနချုပ်တပ်ရင်းများ ကိုယ်စားပြု နယ်ခြားစောင့်တပ်ရင်းအမှတ် (၁၀၀၄) အသွင်ပြောင်းပွဲကို နအဖ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။

ဒီကေဘီအေ ဒု-ဥက္ကဋ္ဌစောကျော်သန်းက “တောထဲမှာ ကျန်ရှိနေသေးတဲ့ ကျနော်တို့ သွေးချင်းညီအစ်ကိုတွေလည်း ကိုလိုနီနယ်ချဲ့ဖက်ဆစ်တွေနဲ့ ပြည်ပြေးနိုင်ငံရေးသမား သစ္စာဖောက်များရဲ့ သွေးထိုးမြှောက်ပင့်နေကြတာကို နားမယောင်ဘဲ အားလုံးရဲ့အကျိုးကို ဆောင်ရွက်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ သယ်ပိုးထမ်းဆောင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်၏ ဂုဏ်ပြုချီးမြှင့်ငွေဟုဆိုကာ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက ဒီကေဘီအေအဖွဲ့သို့ ကျပ်ငွေ (၂,၃၈၃) သိန်းနှင့် ဒုက္ခိတဖြစ်သွားသည့် တပ်ဖွဲ့ဝင် (၄၀) တို့အား နစ်နာကြေးများ ပေးအပ်ခဲ့သည်။

ဒီကေဘီအေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့သော်လည်း တိုးတက်သော ကရင်ဗုဒ္ဓဘာသာအစည်းအရုံးအမည်ဖြင့် အဖွဲ့နာယက ဆရာတော် ဦးသုဇန၊ ဥက္ကဋ္ဌ ဦးသာထူးကျော်တို့ ဦးဆောင်ကာ ဆက်လက်တည်ရှိနေမည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ကာ ဒီကေဘီအေအဖွဲ့ကို ၁၉၉၄ နှစ် ဒီဇင်ဘာ (၂၁) ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
X















No comments:

Post a Comment