-------------
တာကလူး
-------------

မောင်တောမြို့နယ် နတ်မြစ်ကမ်းခြေ
ကျေးရွာသား တဦးက “ စစ်ဆင်ရေးမှာတော့ စစ်တပ်၊ နစက၊ လုံထိန်းနဲ့ အထူးရဲတပ်ဖွဲ့တွေ ပါဝင် ပါတယ်။ သူတို့က ကျေးရွာသားတွေကို ပေါ်တာ ဆွဲတာ၊ ဓါးပြတွေကို ရှာဖွေ ခိုင်းတာ - အဲသလို မျိုးတော့ လုပ်တာတော့ မရှိဘူး။ ဒါပေမယ့်လည်း တောင်ကျော် လမ်းတွေကို ပိတ်တယ်။ ပင်လယ်ထဲသွားပီး ငါးမရှာရဘူး ဆိုတဲ့ ပိတ်ဆို့မူတွေကြောင့် ဒေသခံ လူထုတွေ အလုပ်ပျက် အကိုင်ပျက် ဖြစ်နေကြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို သြဂတ်စ်လ ၉ ရက်နေ့က မောင်တောမြို့ ၄ မိုင်ရပ်ကွက်ရှိ ဟိန္ဒီလူမျိုးများ နေထိုင်ရာ ကျေးရွာ တရွာကို ဓါးပြ၀င်တိုက်ပြီးနောက် နောက်တစ်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဓါးပြမှုတွင် လူငယ်တစ်ဦးနှင့် ရွာသား တစ်ဦး သေဆုံးခဲ့ပြီး ၅ ဦးခန့် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ကျေးရွာသား များက ဓါးပြများကို ပြန်လည် ခုခံခဲ့ကြရာမှ ဓါးပြများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံး ဒဏ်ရာ ရရှိခဲ့ကြခြင်း ဖြစ်သည်။
အလယ်သံကျော်မှ ဒေသခံ တဦးကလည်း “ စစ်ဆင်ရေး လုပ်နေတာက နှစ်ပတ်ခန့်ရှိနေပါပြီ။ ဒေသခံ ပြည်သူတွေကို မေယုတောင်တန်း အတွင်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားပြီး နတ်မြစ်ကမ်းခြေ တလျှောက်နဲ့ အလယ်သံကျော် ပင်လယ်ကမ်းနား တလျှောက်မှာလည်း ငါးဖမ်းလှေများ ၀င်ထွက်ခွင့်ကို ပိတ်ပင်ထားတဲ့ အတွက် တောင်ယာ လုပ်ကိုင် စားသောက်နေတဲ့ သူတွေနဲ့ ငါးဖမ်းသမားများမှာ ထိခိုက် နစ်နာနေကြရပါတယ်” ဟု ပြောသည်။
စစ်ဆင်ရေးမှာ နှစ်ပတ်နီးပါးခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အာဏာပိုင် အနေဖြင့် ဓါးပြများကို အပြီးပြတ် ချေမှုန်း နိုင်ခြင်း မရှိသေးကြောင်း ဒေသတွင်းက လာသော သတင်းများအရ သိရသည်။
သို့သော်လည်း သြဂတ်စ်လ ၁၆ ရက်နေ့က မေယုတောင်တန်းတွင် အမျိုးသမီးများကဲ့သို့ ခေါင်းမြီးခြုံ ဘူရခါကို ၀တ်ဆင်ပြီး သွားလာနေသော ဓါးပြ ၂ ဦးကို အာဏာပိုင်များက ဖမ်းဆီးနိုင်ခဲ့ပြီး တခြား သူတို့၏ လုပ်ဖေါ်ကိုင်ဘက် တစ်ဦးကိုလည်း မောင်တောမြို့ အမှတ် ၅ ရပ်ကွက် နေအိမ်မှ ဖမ်းဆီး နိုင်ခဲ့သည်ဟု သိရသည်။
ဖမ်းဆီးခံရသူများမှာ မောင်တော အမှတ်(၅) ရပ်ကွက်မှ ရယက အတွင်းရေးမှူးဟောင်း နူအာလာမ် (၄၈)နှစ်၊ မိုဟာမက် (၃၀)နှစ်နှင့် ကာချမ် (၂၈)နှစ်တို့ ဖြစ်ကြပြီး သူတို့ကို ယခုအခါ ကျီးကန်းပြင် နစကဌာနချုပ်တွင် ဖမ်းဆီး ထိန်းသိမ်းထားသည်။
ယခုနှစ်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဓါးပြများ အထူးသောင်းကျန်းနေပြီး နေ့စဉ် ရက်ဆက် ဆိုသလို ဓါးပြတိုက်မူများ ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
No comments:
Post a Comment