Tuesday, August 17, 2010

. .

ဟုမ္မလင်းနယ်မှာ ဖမ်းဆီးခဲ့တဲ့ တောဆင်ရိုင်းများ

သစ်ကြီး၊ ဝါးကြီးတွေ အဆင့်ဆင့်နဲ့ တောင်ကမ်းပါးယံတွေ၊
ပြီးတော့ လွင်ပြင် ကျယ်ပြောတဲ့ တောတန်းရှည်တွေရှိတဲ့နေ ရာပဲပေါ့။ အဲဒီဝန်းကျင်တခိုမှာက ချောင်း ငယ်၊မြောင်းငယ်တွေပါ ဟိုနေရာ၊ သည် နေရာ ပြန့်ကျဲနေတာတွေ့ရတယ်။ သစ်ပင် စိမ်းစိမ်း၊ ဝါးရုံစိမ်းစိမ်းတွေက စိမ်းလဲ့တဲ့ အရိပ်အရောင်တွေ ဖြန့်ကြက်လွှမ်းခြုံ နေတယ်။ တောဆင်ရိုင်းတွေက အနည်း ဆုံး(၄)ကောင်၊ (၅)ကောင်အုပ်ဖွဲ့ပြီးမှ ကျက်စားကြလေ့ရှိတယ်။ မြန်မာ့မြေပေါ်က ဆင်တွေရှိတဲ့ နေရာတွေထဲမှာ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ထဲမှာ အတွေ့ရများသလို ထီးလင်းမြို့နယ်၊ ဂန့်ဂေါနယ်ဒေသတွေမှာ လည်း လယ်ယာလုပ်ကွက်တွေကို ဝင် ရောက်စားသုံးကြတဲ့ တောဆင်တွေရှိနေ တယ်။ တောထဲ၊ တောင်ထဲက ဆင်ရိုင်း တွေလာရောက်လေ့ရှိတဲ့ အချိန်အခါကို တွက်ဆပြီး ဖမ်းဆီးနိုင်ဖို့ လှုပ်ရှားရတဲ့ အလုပ်ဆိုတာ အသက်နဲ့ခန္ဓာအိမ်ကို သေ မင်းနဲ့အလဲအထပ်လုပ်ပြီးမှ စွန့်လွှတ်စွန့်စား ရတဲ့အလုပ်ပါပဲ။

အပြောလွယ်သလောက် အလုပ်ခက်တဲ့ ပင်ပန်းကြမ်းရှခက်ထန်လွန်းတဲ့ ဒီဆင်ဖမ်းတဲ့အလုပ်ကို ဦးဆွေးဆံမြည့်လုပ် ကိုင်နေကြတဲ့ သူတွေရှိနေလို့သာ တောထဲမှာ တဲကလေးတွေထိုးပြီး စိုက်ပျိုးရေးလုပ်စား ကြရတဲ့လူတွေအတွက် ဆင်ရဲ့ဘေးအန္တရာယ်က လွတ်ကင်းကြရ တာပဲလို့ ဂုဏ်တင်စကား ပြောလို့ရတယ်။ တကယ်လည်း ဂုဏ်ယူစရာပါပဲ။

အဲဒီလိုကျွမ်းကျင်တဲ့ ဆင်ဖမ်းအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ အမှတ်မထင်ဆုံ ဖြစ်ရတယ်။ စေ့စပ်မှု၊ တိကျမှုရှိကြတဲ့ သတင်းသမားတွေဆီက အနံ့အသက်ရရှိခဲ့မှုနဲ့အတူ ဆင်ဖမ်းခေါင်းဆောင်ဦးလှဟန်ဆိုတာ မိုးညှင်းမြို့နယ်၊ နန့်ပုပ်ရွာမှာနေပါတယ်။ သတင်း ထောက်တွေဖြစ်တဲ့ ဦးပေါက်ကျိုင်း(မိုးညှင်း)၊ စိန်သိန်း(အိုးဘို)နဲ့ ကိုဆန်း(မိုးညှင်း)တို့က မိုးညှင်းမြို့နယ်သား ဆင်ဖမ်းခေါင်းဆောင်တစ်ယောက်အကြောင်းကို ဂုဏ်ယူမဆုံးဖြစ် နေကြ တာတွေ့ရတယ်။ ဦးလှဟန်ဟာ ထီးလင်းမြို့နယ်၊ ဂန့်ဂေါဒေသမှာ အခြေစိုက်တဲ့ ကောင်းမြတ် ကုမ္ပဏီမှာ သစ်လုပ်ငန်းလုပ်ကြရင်း အဲဒီက ဂန့်ဂေါနယ်မှာပဲ သစ်တွေ ဆွဲနေရင်းနဲ့ လမ်းမှာ မထင်မှတ်ဘဲ ဆင်ရိုင်းနဲ့တွေ့ရာက ဆင်ရိုင်းကိုဖမ်း နိုင်ခဲ့ကြတယ်။

''ကျွန်တော်တို့ သွားတုန်းကတော့ သစ်လုပ်ငန်းလုပ်ဖို့သွားတာပဲဗျ။ ဒါပေမယ့် ဟို ရောက်တော့ ဆင်(၅)ကောင်ရှိနေတယ်ဆိုတာနဲ့ ဆင်ဖမ်းဖြစ်သွားတာပဲ။ အဲဒီဆင်တွေကို ထိန်းကျောင်းရင်း အပန်းဖြေနေတဲ့အချိန် ဖောင်းပြင်မြို့နယ်ထဲ မန်စီကျေးရွာနားက တော ကြီးထဲ ဆင်ရိုင်း(၄)ကောင်လောက် ဝင်လာတယ်ဆိုလို့ အဲဒီမှာစပြီးတော့ ဖမ်းဖြစ်ခဲ့တယ်။ ဒီလိုနဲ့ (၂ဝဝ၉)ခုနှစ်၊ အောက်တိုဘာလထဲမှာ ခန္တီးခရိုင်ထဲက ဟုမ္မလင်းမြို့နယ်ကို ခရီးဆက် ခဲ့တယ်။ ဟောဒီမိုးညှင်းကနေ ထွက်သွားတော့ (၁၂)ယောက်ပါ။ အားလုံးပဲ ခြေလျင်ခရီး ထွက်ခဲ့တာပေါ့။ (၁၅)ရက်ကျော်ကျော်လောက် အပင်ပန်းခံပြီးမှ သွားခဲ့ရတာပါ။

ဆင်လည်းဖမ်းရမှာဆိုတော့ ဒီကနေ ဆင်ရောယူသွားပါတယ်။ ဟုမ္မလင်းနယ်ထဲမှာ ဆင်ဖမ်းတော့ ပထမဆုံးညမှာပဲ ဆင်ပေါက်(၃)ကောင်ဖမ်းမိတယ်။ (၂)ကောင်က အရှင်မိ တာပါ။ ဘယ်လိုဖမ်းရသလဲဆိုတော့ လယ်ကွင်းနားမှာ စပါးဝင်စားနေခိုက် အိမ်ဆင်နဲ့သွား တိုက်ပြီး ဖမ်းတာပေါ့။ ဆင်အဖွဲ့ရဲ့အခေါ် ဖန်တီးလုံးလို့ခေါ်သဗျ။ ဖန်စီး၊ ခေါင်းစီးပေါ့။ ဆင်တွေရပြီးတော့အပြန် (၄)ရက်လောက်ကြာတော့ ဆင်ရိုင်း(၂)ကောင်ထပ်ရပြန်တယ်။ ဒီလိုနဲ့ ရက်ပေါင်း(၂ဝ)လောက်ကြာတဲ့အခါ ဆင်ရိုင်း(၇)ကောင်ထပ်ပြီး ရရှိပြန်တယ်။

ဆင်ကုမ္ပဏီကလည်း နေရာရွှေ့ပြီး အထက်ဘက်ကို ရွှေ့ပြီး ဆင်ဖမ်းဖို့ ပြင်ဆင်ပါတယ်။ ရက်ပေါင်း (၂ဝ)ကျော်လောက်မှာ တောာ့ ဆင်တစ်ကောင် ရလိုက်တယ်။ နောက် ထပ်(၅)ရက် အကြာမှာ ဆင်တစ်ကောင်နဲ့ (၄)ရက်လောက် အကြာမှာ ဆင်တစ်ကောင် ရရှိခဲ့သလို (၁ဝ)ရက်လောက် ကြာတော့ တစ်ကောင် ထပ်ရပါတယ်။ သိပ်မကြာလိုက်ဘူး။ (၅)ရက်လောက် ရှိလာတဲ့အခါ ဆင်ရိုင်း (၅)ကောင် လက်ရမိပြန်ပါတယ်။ ဆင်ရိုင်း တွေတောထဲမှာ ရှိနေပါသေးတယ်။ ဦးလှဟန် (ဆင်ဖမ်းအဖွဲ့ခေါင်းဆောင်)က ဆင်ဖမ်းရတဲ့ အတွေ့အကြုံတွေ ပြောပြပါတယ်။ လူသူအရောက်အပေါက် နည်းပါးတဲ့ တောထဲ၊ တောင်ထဲမှာနေထိုင်ကြရပြီးတော့ နိုင်ငံတော် အတွက် အဖိုးထိုက်တဲ့ တော ဆင်ရိုင်းတွေကို ဖမ်းဆီးရတဲ့အလုပ်ဟာ အသက်စွန့်ပြီးမှ လုပ် ကိုင်ကြရတာပါ။ ကားတွေ၊ စက်ယန္တရားတွေ မရောက်မပေါက်နိုင်တဲ့ တောကြိုလျှိုမြောင်တွေနဲ့ တောင်ကုန်းကမူ တွေပေါ်မှာရှိနေတဲ့ သစ်ပင်တွေကို ရယူနိုင်ဖို့အတွက် ဆင်တွေက အသုံးဝင်လှတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ ဖမ်းဆီးရရှိခဲ့တဲ့ဆင်တွေကို လိမ္မာအောင် အကျ အနသင်ပြပေး ရပြန်တယ်။ ဆင်တွေလူတို့ခိုင်းသမျှ တတ်သိနားလည်ပြီး ယဉ်ပါးလာအောင် ရက်ရှည် ရှည်သင်ပြပေးရတယ်။

မိုးညှင်းမြို့နယ်က သွားရောက်ဖမ်းဆီး ခဲ့ကြတဲ့ဆင်ဖမ်းအဖွဲ့ဟာဖမ်းဆီးရမိသမျှတော ဆင်ရိုင်းတွေကို ယဉ်ပါးလာစေတဲ့အထိ သင်ပြ ပေးပြီးသစ်ထုတ်လုပ်ရေးမှ တိုင်းမန်နေဂျာ ဦးခင်ညိုလှိုင်ကတစ်ဆင့် နိုင်ငံတော်ကို ဆင် (၇)ကောင် အပ်နှံပေးခဲ့တယ်လို့သိရတယ်။ ဟုမ္မလင်းနယ်ကနေ ဗန်းမောက်နဲ့ အင်းတော် မြို့နယ်တွေကို ဖြတ်သန်းခဲ့ပြီးမှ ကချင်ပြည် နယ်ကို ပြန်လာခဲ့ကြတယ်။ ဦးလှဟန်ကတော့ သူ့ရဲ့ဘဝကျင်လည်မှု တစ်စိတ်တစ်ဒေသကို ပြောပြရာမှာတော့ ''ဒီလိုဆင်ဖမ်းတဲ့ ပညာ ရပ်ကို နန့်စီးအောင်မှ ဆရာဦးမျိုးကိုဆီမှာ စတင်သင်ကြားခဲ့တာပါ။ အတွေ့အကြုံစပြီး ရရှိခဲ့တာကလည်း မိုးညှင်းရဲ့ အရှေ့တောင်၊ ကောက်ကွေ့ချောင်းဖျားမှာ ပထမဆုံးဖမ်းခဲ့ တယ်။ အဲဒီကောက်ကွေ့ချောင်းဖျား ဆိုတာ မြို့လှနယ်မှာပေါ့။ တာဝယ်ဆိုတဲ့ ကချင်ရွာမှာ ဆင်ဖမ်းနည်းကို လက်တွေ့ ကွင်းဆင်းခဲ့ရတာပါ။ တာဝယ်ရွာတောနက်ထဲက ဆင်ရိုင်း(၄)ကောင်စပြီးဖမ်းရတယ်။ နောက်ပြီး ဟုမ္မလင်း လေယာဉ်ကွင်း အနီးဝန်းကျင်တစ်ခိုမှာ သောင်းကျန်းနေတဲ့ တောဆင်ရိုင်းအုပ်ပေါ့။ ဆင်မိသားစုအလိုက် ဖမ်းပေးဖို့၊ အကူအညီ တောင်းတာနဲ့ပဲ ဆင်ရိုင်းတွေ ဖမ်းဆီးခဲ့ရတယ်။ ဆင်တွေကို ဖမ်းတဲ့အခါမှာ ကျုံးသွင်းပြီးဖမ်းယူတာရှိတယ်။ သူ့ကျတော့ ခြံတွေကာရံပြီးမှ ဆင်တွေကို ရိုက်ပြီးမောင်းရတယ်။ ကျုံးသွင်းပြီး ဖမ်းတဲ့စနစ်မို့ ကျုံးစနစ်လို့ ခေါ်တာပဲ။ ကြိုးကွင်းပစ်ပြီး ဖမ်းတဲ့နည်း ကျတော့မီလာရှီကာ စနစ်ပေါ့။ တကယ်တော့ နိုင်ငံတော်က ခွင့်ပြုတာက ကျုံးသွင်းပြီး ဖမ်းယူတဲ့နည်းကိုပဲ ခွင့်ပြုတာပါ။ ကြိုးကွင်းပစ်ပြီး ဖမ်းတဲ့နည်းကို မီလာရှီကာကိုတော့ ဆင်တွေအထိနာတဲ့အပြင် အခန့်မသင့်ရင် ရုန်းကန်ရင်းနဲ့ သေသွားနိုင်လို့ အန္တရာယ်ကြီးမားတာပေါ့လေ။ ကြိုးကွင်းပစ်ဖမ်းယူတဲ့အခါ လည်ပင်းကို စွပ်ပြီးဖမ်းရတာ။ ဖမ်းရင်းနဲ့ တစ်ဖက်ဆင်ကို ဖမ်းမိတဲ့အခါ ဆင်ချင်းကပ်သွားပြီး ဆင်ရိုင်းက ရုန်းကန်လှုပ်ရှားလိုက်ရင် တောင့် ခိုင်နေအောင် သစ်ပင်ကြီးမှာ ကြိုးနဲ့(၃)ပတ်၊ (၄)ပတ် ပတ်ချည်ရတယ်။ လိုက်ပြီးဖမ်းရမည့် ကြိုးကိုလည်း အိမ်ဆင်ရဲ့ဗိုက်မှာ ကြိုးနဲ့ချည်နှောင် ထားရတယ်။ ဆင်ဖမ်းတဲ့ကြိုးဟာ (၂)ကျပ် လုံးခန့်အရွယ်ပေါ့။ အရှည်က (၃၇)တောင် (ပုံမှန်)ခန့်ရှိရမယ်။ ဒီလိုကြိုးကိုလည်း ကိုယ်တိုင် စနစ်တကျကျစ်ယူရတာ''လို့ ပြောပြတယ်။

ဦးလှဟန်ပြောတော့မှပဲ ဟိုးတစ်ချိန်က အတော်နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား တစ်ခုကို ခပ်ရေးရေး ပြန်လှန်စဉ်းစားမိပြန်ရဲ့။ ကျော်ဟိန်းနဲ့ နေအောင်ပါဝင်တဲ့ ''မီလာရှီကာ စိုင်းဗေဒါ''ဇာတ်ကားကြီးထဲမှာ ဆင်တွေကို ကြိုးကွင်းနဲ့ဖမ်းတာကို ပြထားတာမို့ ဗဟုသုတ ရရှိစေခဲ့ပါတယ်။ မီလာရှီကာကြိုးနဲ့ ဖမ်းယူတဲ့နည်းကို ပြခဲ့တာပဲဆိုတာ အခုမှသဘောပေါက် ခဲ့သလိုရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ ဆင်ဖမ်းကြတဲ့လူတွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေ ဟာ နိုင်ငံတော်အတွက် သစ်ထုတ်လုပ်ရေး ကဏ္ဍတွေမှာ အရေးပါစေတဲ့ ဆင်ကောင်းတွေကို တစ်နည်းတစ်ဖုံ ပံ့ပိုးကူညီပေးနေတယ် ဆိုတာ မြေကြီးလက်ခတ်မလွဲဘူး။

ယဉ်ယဉ်သိန်း(နဘား)

No comments:

Post a Comment