ဘာလင်တံတိုင်းသည် အနောက် ဂျာမဏီ နှင့် အရှေ့ဂျာမဏီကို ပိုင်းခြားထားခဲ့သည့် တံတိုင်းကြီး ဖြစ်သည်။ နေတိုး စစ်အုပ်စု၏ အနောက်အုပ်စုနှင့် ၀ါဆော တို့၏ အရှေ့အုပ်စုကို ပိုင်းခြားထားသည့် သံကန့်လန့်ကာ (Iron Curtain) ၏ ပြယုဂ်လည်း ဖြစ်ခဲ့သည်။
ဘာလင်တံတိုင်းကြီးသည် အရှေ့ဂျာမဏီနှင့် အနောက်ဂျာမဏီကို ၁၉၆၁ သြဂုတ် ၁၃ မှ ၁၉၈၉ နိုဝင်ဘာ ၉ ထိ ရာစုနှစ်၏ လေးပုံတစ်ပုံခန့်ကြာအောင် ပိုင်းခြားထားခဲ့သည်။ ထိုကာလအတွင်း တရားဝင် စာရင်းအရ အနောက်ဂျာမဏီသို့ ဖြတ်ကူးရန် ကြိုးပမ်းသည့် လူ (၉၈) ယောက်ခန့် အသတ်ခံခဲ့ရသည်။ အရှေ့ဂျာမဏီ အစိုးရသည် ဘာလင်တံတိုင်းအား တရားမ၀င် ဖြတ်ကျော်၍ အနောက်သို့ ကူးပြောင်းလိုသူတိုင်းအား ပစ်သတ်ရန် နယ်ခြားစောင့် တပ်များအား အမိန့်ပေးထားခဲ့သည်။
ဒုတိယကမ္ဘာစစ် ပြီးနောက် နာဇီ ဂျာမဏီ၏ နယ်မြေများကို ပို့စ်ဒမ်သဘောတူညီချက်အရ အမေရိကန် ၊ အင်္ဂလန် ၊ ပြင်သစ် နှင့် ဆိုဗီယက် တို့က အပိုင်း (၄) ပိုင်း ခွဲခြမ်းခဲ့ကြသည်။ ဂျာမဏီ၏ မြို့တော် ဘာလင်ကိုလည်း နိုင်ငံပေါင်းစုံ အဖွဲ့ကြီး၏ ရုံးဌာနချုပ်အဖြစ် ထားရှိခဲ့သည်။ စစ်ပွဲကာလအတွင်း ပေါင်းစည်းခဲ့ကြသည့် မဟာမိတ် စစ်တပ်များအနေဖြင့် စစ်ပွဲအပြီးတွင် ဂျာမဏီကို ပူးတွဲအုပ်ချုပ်ရန် ရည်ရွယ်ခဲ့ကြသည့် အားလျော်စွာ ပြင်သစ် ၊ အင်္ဂလိပ်နှင့် အမေရိကန်တို့သည် ၁၉၄၉ တွင် အနောက်ဂျာမဏီကို ထူထောင်ပေးခဲ့ပြီး ဆိုဗီယက်တို့က အရှေ့ဂျာမဏီကို ထူထောင်ကာ စစ်အေးတိုက်ပွဲ ကာလကို စတင်ခဲ့ကြသည်။ အနောက်ဂျာမဏီသည် ဈေးကွက်စီးပွားရေးစနစ်ကို ထူထောင်၍ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာ အရှေ့ ဂျာမဏီသည် ဆိုဗီယက်ပုံစံ စီမံကိန်းချ စီးပွားရေးစနစ်ကို ထူထောင်ကာ ဗဟိုအစိုးရစနစ် ကျင့်သုံးခဲ့သည်။
၁၉၅၂ ခုနှစ်အထိ အရှေ့ဂျာမဏီနှင့် အနောက်ဂျာမဏီ၏ နယ်ခြားများကို လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ၁၉၅၂ ဧပြီ ၁ တွင် အရှေ့ဂျာမဏီနှင့် ဆိုဗီယက် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြကာ နယ်ခြားကာကွယ်ရေးကို တိုးမြှင့်ကြရန် သဘောတူညီ ခဲ့ကြသည်။
၁၉၅၂ ဧပြီ ၁ တွင် ဂျာမဏီနှင့် ဆိုဗီယက် နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အရှေ့နှင့် အနောက် ဂျာမဏီနှစ်နိုင်ငံအား သံဆူးကြိုးဖြင့် ကာရံခဲ့ကြသည်။ ဘာလင်မြို့တွင်းရှိ အရှေ့နှင့် အနောက် နယ်ခြားကို ဆက်လက် ဖွင့်ထားခဲ့သော်လည်း ဖြတ်သန်းခွင့်များကို တင်းကြပ်ခဲ့ကြသည်။ ၁၉၆၂ တွင် အရှေ့ဂျာမဏီသည် ၄င်းပိုင်နက် အတွင်းပိုင်း မီတာ (၁၀၀) ခန့်တွင် ဒုတိယ ခြံစည်းရိုးကို ထပ်၍ ခတ်ခဲ့သည်။ ထို ခြံစည်းရိုးနယ်နိမိတ်အတွင်းရှိ နေအိမ်များကို ဖယ်ရှားခဲ့သဖြင့် သေမင်းလမ်းကြား ဟု ခေါ်တွင်သည့် လူမဲ့ဒေသ တစ်ခု ဖြစ်လာခဲ့သည်။ အဆိုပါ သေမင်းလမ်းကြားကို ကျောက်စရစ်ခဲများဖြင့် ခင်းထားပြီး အကာအကွယ်မရှိပဲ နယ်ခြားစောင့်တပ်များက အချိန်ပြည့် စောင့်ကြပ်နေခဲ့ကြသည်။
ဘာလင်တံတိုင်းကို အောက်ပါအတိုင်း အဆင့်ဆင့် မွမ်းမံခဲ့သည် -
- သံဆူးကြိုး (၁၉၆၁)
- အဆင့်မြှင့်သံဆူးကြိုး (၁၉၆၂ - ၁၉၆၅)
- ကွန်ကရစ် တံတိုင်း (၁၉၆၅ - ၁၉၇၅)
- နယ်ခြား တံတိုင်း (၁၉၇၅ - ၁၉၈၉)
ဘာလင်တံတိုင်းကို စတုတ္ထအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် ၁၉၇၅ ခုနှစ်တွင် စတင်မွမ်းမံခဲ့ပြီး ၁၉၈၀ တွင် ပြီးစီးခဲ့သည်။ ဤအကြိမ်တွင် အပိုင်း (၄၅၀၀၀) ခွဲ၍ ကွန်ကရစ်ဖြင့် တည်ဆောက်ခဲ့ပြီး တံတိုင်းကြီးသည် (၃.၆ မီတာ) - ၁၂ ပေ မြင့်ကာ (၁.၂ မီတာ) - ၄ ပေ ကျယ်သည်။ စတုတ္ထအကြိမ် ပြုပြင်မွမ်းမံခြင်းသည် ဂျာမန်မတ် - (၁၆,၁၅၅,၀၀၀) ( ၃,၆၃၈,၀၀၀ US$) ခန့် ကုန်ကျခဲ့သည်။ တံတိုင်း၏ အပေါ်ပိုင်းကို တွယ်တက်ခြင်း မရှိနိုင်ရန်အတွက် ချောမွတ်အောင် ပြုလုပ်ထားပြီး တံတိုင်းတလျောက် သံဆူးကြိုးများ ၊ အချက်ပြ ဝါယာကြိုးများ ၊ ယာဉ်အတားအဆီးများ ၊ အစောင့်ခွေးများဖြင့် စောင့်ကြပ်ခဲ့သည်။ စောင့်ကြည့်မျှော်စင် (၁၁၆) ခုနှင့် ကတုတ်ကျင်း (၂၀) လည်း တည်ဆောက်ထားခဲ့သည်။
No comments:
Post a Comment