Friday, August 6, 2010

. .

ဧရာဝတီမြစ်ရေကြီး၊ ကမ်းပါးပြို

ကသာမြို့၊ အထက်ဝဲကြီးရွာရှိ လူနေအိမ်တန်း (၂)တန်း ရေအောက်ထဲ နစ်မြုပ်ခဲ့ ဧရာဝတီမြစ်သည် ကသာမြို့နယ်၏ အလယ်ဗဟိုကိုဖြတ်၍ အရှေ့မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းလျက်ရှိရာ ကသာမြို့နယ်၌ နှစ်စဉ် ဇွန်လ၊ ဇူလိုင်လနှင့် အောက်တိုဘာလ တို့တွင် အမြင့်ဆုံး မိုးရေချိန် လက်မရောက်အောင် မိုးရွာသွန်းလေ့ ရှိပြီး ဧရာဝတီမြစ်သည်လည်း ရေကြီးရေလျှံ လေ့ရှိသည်။ ထိုသို့ မြစ်ရေကြီးမှုကြောင့် ဧရာဝတီမြစ်၏ အရှေ့ဘက်နှင့် အနောက် ဘက် တို့တွင် မြေနုကျွန်းများ ဖြစ်ပေါ်လေ့ ရှိပြီး ဒေသခံတောင်သူလယ်သမားတို့ အတွက် နှုံးတင်မြေနုသည် ရာသီသီးနှံများ အောင်မြင် ဖြစ်ထွန်းရေးအတွက် ကြီးစွာ သော အထောက်အကူကို ရရှိစေခဲ့ပါသည်။

ဧရာဝတီမြစ်သည် ဒေသခံတောင်သူ လယ်သမားတို့အတွက် ထိုမျှအကျိုးရှိစေရုံမက စားသုံးကုန်ပစ္စည်း အများအပြားကိုလည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအဖြစ်လည်း အသုံးပြုနေရသလို နှစ်စဉ် သစ်တန်ချိန် တစ်သိန်းကျော်လည်း သယ်ယူ ပို့ဆောင်နေရသဖြင့် လူထုအတွက် မရှိမဖြစ်အရေးပါလှသော မြစ်တစ်စင်းပင် ဖြစ်လေသည်။ ဤသို့ ကျေးဇူးကြီး လှသော ဧရာဝတီသည် တခါတခါတွင်တော့ ဒေါသကြီးတတ်လေသည်။ ဧရာဝတီမြစ်၏ ဒေါသကြီး မှုကြောင့် အိမ်ခြေရာခြေများအချို့ နစ်မြုပ်ဆုံးရှုံးတတ်သည့်အပြင် သက်ရှိ သတ္တဝါများ ၏အသက်ကိုလည်း နုတ်ယူသွားလေ့ရှိပါသေးသည်။ ယခု ဇူလိုင်လအတွင်း၌ လည်း ဧရာဝတီမြစ်ရေသည် တိုးလိုက်ကျလိုက်နှင့် ပြင်းထန်စွာ လွန်းထိုးနေမှုကြောင့် ရေကြီးခါ ကမ်းပါးများပြိုကျမှု များပြားခဲ့ပါသည်။ ကသာမြို့နယ်အပိုင်ရှိ ကျေးရွာအတော် များများ၌ ရေလွမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီး ကျေးရွာအချို့တွင်လည်း ကမ်းပါးပြိုမှုများကြောင့် လူနေအိမ်ခြေအချို့ အပြီးအပိုင်ဖြိုဖျက်ပြောင်းရွှေ့မှုများ အရေးပေါ် ပြုလုပ်ခဲ့ကြရပါသည်။

အထက်ဝဲကြီးကျေးရွာသည် အဆိုးရွားဆုံးဖြစ်သည်။ (၂ဝ၁ဝ)ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့အထိ လူနေအိမ်ခြေ(၃၁)လုံး ပြောင်းရွှေ့ခဲ့ရာ ယခုအခါ ပြောင်းရွှေ့ခဲ့သော အိမ်ယာများအားလုံး ရေအောက်နစ်မြုပ်သွားခဲ့ပါသည်။

အထက်ဝဲကြီးကျေးရွာသည် အိမ်ခြေ(၂၅ဝ)ရှိပြီး လူဦးရေမှာ(၁၅၇၉)ယောက် နေထိုင်သော အုပ်စုကျေးရွာကြီး ဖြစ်ပါသည်။ ဧရာဝတီ မြစ်ကမ်းပါးနှင့် ကိုက်(၅ဝဝ)ကျော် ဝေးကွာသောကြောင့် မြစ်ကမ်းပါးတို့၌ ခိုင်ခိုင်ခန့်ခန့် အိမ်ကြီးအိမ်ကောင်းများ ဆောက်လုပ် နေထိုင်ခဲ့ကြပါသည်။ ထိုရွာ၌ အိမ်တန်း(၆)တန်းရှိပြီး ယခုကမ်းပါး တိုက်စားမှုကြောင့် အိမ်တန်း(၂)တန်းခန့် ရေအောက် ရောက်ရှိသွားကြောင်း သတင်းရရှိသဖြင့် လျှပ်တစ်ပြက်မှ သွားရောက် သတင်းရယူခဲ့ပါသည်။

ထိုကျေးရွာ၏ ဥက္ကဋ္ဌ ဦးသိန်းဖေက -

'' ကျွန်တော်တို့ ကြိုသိလိုက်နိုင်တဲ့အတွက် ရွာသူရွာသားတွေ ထိခိုက်မှုတစ်စုံတရာ တော့ မရှိပါဘူး။ အခုအထိ မိုးရိပ်ရေရိပ်က မကုန်သေးတော့ အခြေအနေကို စောင့်ကြည့် နေရတုန်းပါပဲ။ လိုအပ်ရင် ထပ်ဖျက်ရဦးမှာပေါ့၊ အခု ရွာတန်း(၂)တန်းလောက် ပါသွားတာ ဖြစ်လို့ ရွာလယ်လမ်းမကြီးဟာ အခုတော့ ကမ်းနားလမ်းဖြစ်နေပြီး အိမ်ဖျက်လိုက်ကြတဲ့ အိမ်ထောင်စုတွေအများစုကတော့ ရွာထဲက ဆွေမျိုးတွေအိမ်မှာပဲ နေကြပါတယ်။ နေစရာ အဆင်မပြေတဲ့သူတွေကို စိုက်ပျိုးရေးရုံးဝင်းနဲ့ ဘုန်းကြီးကျောင်း ဘုရားဝင်းထဲမှာ ယာယီတဲ ထိုးပြီးနေကြတယ်။ ကျွန်တော်တို့ရွာမှာ ခက်တာက နောက်ကို ထပ်ဆုတ်လို့ မရနိုင်တော့ဘူး။ ရွာရဲ့အရှေ့မှာ ဧရာဝတီမြစ်ရှိနေသလို ရွာနောက်မှာလည်း အင်းအိုကြီးရှိနေတယ်။ အခု ရွာအနောက်မှာလည်း မြစ်ရေတွေ ဝင်နေပြီ။ ဒါပေမယ့် စိုးရိမ်စရာ မရှိပါဘူး။ ကျွန်တော် တို့က ရေဝင်တာ မကြောက်ရဘူး။ ကမ်းပါးပြိုမှာပဲ ကြောက်နေရတာ။ ဟိုအရင်ကတော့ ကမ်းပါးတွေပြိုဖူးပါတယ်။ ဒါပေမယ့် ရွာကိုမထိခိုက်ဘူး။ အဆိုးဆုံး ဖြစ်ရင်တောင် တောင်ယာစပါးခင်း (၁၅)ဧကလောက်ပဲ ရေအောက်ရောက်သွားတတ်တာပါ။ လွန်ခဲ့တဲ့ (၇)နှစ်လောက်ကတော့ သံပုရာကုန်းဆိုတဲ့ရွာ ကမ်းပါးထဲ ပါသွားဖူးတယ်။ အဲဒီရွာကလည်း ရွာကြီးတစ်ရွာပါပဲ။ အဲဒီလိုပါပြီးတဲ့ နောက်တော့ တုတ်ကြီးရွာ မြောက်ဘက်ကို ရွာလုံးကျွတ် ပြောင်းရွှေ့သွားကြတယ်။ အခုတော့ အဲဒီသံပုရာရွာသစ်လည်း ရေဝိုင်းနေပြန်ပြီလို့ ကြားရတယ်။ ကျွန်တော်တို့ အထက်ဝဲကြီးရွာအနေနဲ့ကတော့ ရေကျသွားရင် ရွာရဲ့ မြောက်ဘက်တစ်မိုင်ခွဲလောက်အထိ ပြောင်းရွှေ့ကြမယ်လို့ စဉ်းစားထားကြပါတယ်။ အကွက်အမှတ် (၆၅ဝ)ကွင်းလို့ ခေါ်တဲ့နေရာပါ ''ဟု ပြောကြားပါသည်။ ကသာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယတပ်ရင်းမှူးဖြစ်သူ ဦးဇော်လတ်ကလည်း -

'' ကျွန်တော်တို့ ဒါတွေမဖြစ်ခင်မှာ အထက်ဝဲကြီးရွာနားက မင်းလယ်ရွာမှာ ဘေးဒုက္ခဆိုင်ရာ စီမံခန့်ခွဲရေး သင်တန်းဖွင့်လှစ်ပြီး မီး၊ ရေ၊ လေ ဆိုင်ရာ အန္တရာယ် တွေတွေ့လာရင် ဘယ်လိုကာကွယ်ဆိုတာတွေ ပို့ချထားပါတယ် '' ဟု ပြောကြားခဲ့သည်

ထိုသို့ ကမ်းပါးပြိုရေနစ်မြုပ်သည့်ရွာ၌ တွေ့ရသော မယကအဖွဲ့ဝင်ဖြစ်သူ ကသာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမောင်မောင်လေးအား တွေ့ဆုံမေးမြန်းရာ '' ကျွန်တော်က ကသာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးဖြစ်တော့ ဒီမှာဖြစ်နေတဲ့ ဖြစ်စဉ်တွေ၊ ကယ်ဆယ်ရေးတွေအတွက် ရောက်နေတာပါ။ ကျွန်တော်တို့အနေနဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင် (၅၅၆)ဦးရှိပြီး အရေးအကြောင်းဆို ကူညီနိုင်အောင် အဆင်သင့်ပြင်ထားပါတယ်။ မယက တာဝန်ရှိသူအနေနဲ့ကတော့ နေရာချထားရေးနဲ့ အခြား လိုအပ်တာကို ကူညီသွားမှာပါ'' ဟု လျှပ်တစ်ပြက်ဂျာနယ်ကို ပြောကြားပါသည်။

မြေစာရင်းအုပ်စု တာဝန်ခံဖြစ်သူ ဦးကျော်မင်းထွန်းကလည်း -

'' ကသာမြို့နယ်ထဲမှာ နှစ်စဉ်လိုလို စိုက်ပျိုးမြေတွေ ကမ်းပါးပြိုတဲ့အထဲ ပါလေ့ ရှိပါတယ်။ မနှစ်ကတော့ အင်းရွာသပြေသာမှာ စာသင်ကျောင်းနဲ့ ယာယီလူနေအိမ်တွေ ရွှေ့ပြောင်းခဲ့တာရှိခဲ့ပါတယ်။ ဒီနှစ်ဘယ်လောက်အထိ ကမ်းပါးတွေပြိုတယ်ဆိုတာကတော့ ရေကျချိန် ဆောင်းတွင်းပိုင်းရောက်မှပဲ စာရင်းအတိအကျ သိရမှာပါ '' ဟု ဖြည့်စွက် ပြောကြားခဲ့ပါသည်။

မြို့ခံတစ်ဦးကတော့''အရင်ကငါးလူးတုန်းရွာရေထဲပါသွားတာ။ ရွေကူမြို့နယ်အပိုင် ရွာအချို့ ရွာလုံးကျွတ်မြစ်အောက် ရောက်သွားတာ ကြားဖူးတယ်။ အခုလည်း အထက် ဝဲကြီးရွာမှာ ကမ်းပါးပြိုတယ်။ ဒါတွေဟာမြစ်လယ်မှာ သောင်တွေ ထွန်းလာလို့ဖြစ်ပါတယ်။ ဘာကြောင့် သောင်တွေထွန်းသလဲ ဆိုတာ မသိရပေမယ့် အဖြေရှာသင့်ပါတယ်။ အခု အထက်ဝဲကြီးရွာရဲ့ ကမ်းစပ်ကို ဝါးလုံးထောက်ကြည့်တော့ ဝါးတစ်ပြန်စာ မမီနိုင်ဘူး ဖြစ်နေတယ်။ ထပ်ပြီး ကမ်းပါးပြိုမယ်ဆိုရင် ရွာသူရွာသားတွေ အတွက် အတော်ကို စိုးရိမ်ရပါတယ်။ ဒါက ရွာသားတွေအတွက် ပြောတာပါ။ အများအတွက်ပြောရမယ်ဆိုရင် ဧရာဝတီမြစ် ကြောင်းပိတ်သွားမှာကို စိုးရိမ်တယ်ဗျာ။ ကျွန်တော်တို့ တတွေဟာ ရေလမ်းကိုပဲ အားကိုး နေရတာဖြစ်တော့ ဧရာဝတီကြီး ပီပီပြင်ပြင်စီးဆင်းနေတာကို မြင်ချင်ပါတယ် '' ဟု သူ၏ စိုးရိမ်စိတ်ကို ပြောပြခဲ့ပါသည်

No comments:

Post a Comment