Thursday, August 19, 2010

. .

မန်ယူတိုက်စစ်မှူးသစ်ဘီဘီ၏ ကစားဟန်ကို နည်းပြဖာဂူဆန် မမြင်ဖူးခဲ့ဟုဆို

“ကျွန်တော့်မှာ ဘီဘီရဲ့ ကစားပုံကို မှတ်တမ်းတင်ထားတဲ့ DVDတောင် မကြည့်ဖူးလိုက်ပါဘူး။ ကွီရော့စ်ရဲ့ ထောက်ခံမှုနဲ့ တခြားအသင်းတွေထက် လက်ဦးမှုယူပြီး စာချုပ်လိုက်တာပါ”
Posted on Aug 18 10 - 07:24 PM | Hits : 732
မန်ယူတိုက်စစ်မှူးသစ်ဘီဘီ၏ ကစားဟန်ကို နည်းပြဖာဂူဆန် မမြင်ဖူးခဲ့ဟုဆို

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က ၎င်းမကြာသေးမီက ၀ယ်ယူလိုက်သည့် တိုက်စစ်မှူးသစ် ဘီဘီသည် နည်းပြသက်တမ်းတလျှောက် ကစားဟန်ကို လုံးဝမမြင်ဖူးဘဲ ၀ယ်ယူခဲ့သည့် ပထမဆုံး ကစားသမားဖြစ်ကြောင်း ၀န်ခံပြောကြားလိုက်သည်။ ယူနိုက်တက်သို့ ပေါင်စတာလင် (၇.၄)သန်းဖြင့် ရောက်ရှိလာသည့် အသက်(၂၀)အရွယ် ဘီဘီ၏ ကစားဟန်ကို ဆာဖာဂူဆန်အနေနှင့် ရုပ်မြင်သံကြားမှပင် မကြည့်ခဲ့ဖူးပေ။ မြို့ခံပြိုင်ဖက် မန်ချက်စတာစီးတီးက အီတလီတိုက်စစ်မှူး မာရီယိုဘာလော့တယ်လီအား ခေါ်ယူပြီး အက်စ်တန်ဗီလာမှ အင်္ဂလန် တောင်ပံသမား ဂျိမ်းစ်မီလ်နာအား စာချုပ်နိုင်ရန် နီးစပ်နေချိန်တွင် မိမိတို့အနေနှင့် လိုအပ်သော အသင်းအင်အားကို ဖြည့်ဆည်းရမည်ဖြစ်ကြောင်း ဆာဖာဂူဆန်က ပြောကြားခဲ့သည်။ ဖာဂူဆန်က မိမိ၏ လက်ထောက်နည်းပြဟောင်း ကားလို့စ်ကွီရော့စ်က ဘီဘီအား ခေါ်ယူသင့်သည်ဟု ထောက်ခံခဲ့ကြောင်း၊ ထို့အပြင် ရီးယဲလ်မက်ဒရစ်နှင့် ဘင်ဖီကာတို့ကပါ ဘီဘီအား ခေါ်ယူရန် ကြိုးပမ်းနေသည်ကို သိရှိခဲ့ကြောင်း၊ ယင်းအတွက်လည်း မိုက်ရူးရဲဆန်ဆန် ကစားသမား ခေါ်ယူမှု ပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဆာဖာဂူဆန်က ထုတ်ဖော်ပြောဆိုသွားသည်။

Manchester United

(မန်ယူကစားသမားသစ်များနှင့် နည်းပြဖာဂူဆန်)

ဘီဘီသည် ယူနိုက်တက်သို့ ပေါ်တူဂီ မထင်မရှား ကလပ်အသင်းလေး ဗစ်တိုးရီးယားဒီဂွီမာရေးစ်မှ ရောက်ရှိလာခြင်းဖြစ်သည်။ နည်းပြကြီးက ယူနိုက်တက် အသင်းပိုင်ရှင်များသည် ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကျော် ဂျပန်တပ်သားများ၏ ကာမီကာဇီဆန်ဆန် ဇွတ်တိုးလုပ်ရပ်မျိုးဖြင့် ငွေကြေးသုံးစွဲရန် သဘောတူပေးခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ “ကျွန်တော့်မှာ ဘီဘီရဲ့ ကစားပုံကို မှတ်တမ်းတင်ထားတဲ့ DVDတောင် မကြည့်ဖူးလိုက်ပါဘူး။ ကွီရော့စ်ရဲ့ ထောက်ခံမှုနဲ့ တခြားအသင်းတွေထက် လက်ဦးမှုယူပြီး စာချုပ်လိုက်တာပါ”ဟု ဆာဖာဂူဆန်ကဆိုသည်။ သို့သော်လည်း လေ့ကျင့်ခန်း ဆင်းသည့်အခါ ဘီဘီ၏ စွမ်းဆောင်မှုများက မိမိကို အထင်ကြီးစေခဲ့ကြောင်း ယူနိုက်တက်ကို နှစ်ပေါင်း(၂၀)ကျော် ကိုင်တွယ်လာသည့် ဆာဖာဂူဆန်က ပြောကြားသွားသည်။ ဘီဘီကလည်း မိမိသည် အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်တွင် အကောင်းဆုံး ကစားပြနိုင်ပြီး ဂိုးများလည်း သွင်းယူနိုင်ခဲ့သည်ဟုဆိုသည်။ အင်္ဂလန် အမှတ်ပေးချန်ပီယံဘွဲ့ကို (၁၈)ကြိမ် ရယူထားနိုင်သည့် ယူနိုက်တက်သည် ယခုရာသီတွင် လူသိများခြင်း မရှိသေးသည့် လူငယ်ကစားသမား (၃)ဦးကိုသာ ပေါင်(၂၅)သန်း အကုန်အကျခံ ၀ယ်ယူခဲ့ပြီး အသင်းရှိ ၀ါရင့်ကစားသမားများနှင့် တွဲဖက်ကာ ပုံစံသစ်ဖြင့် တည်ဆောက်ရန် ပြင်ဆင်လျက်ရှိသည်။ ဆာဖာဂူဆန်က အသင်းအနေနှင့် အလွန်ဈေးကြီးသော ကစားသမားမျိုးကို အရေးတကြီး မလိုအပ်ဟုလည်း သုံးသပ်ခဲ့သည်။ “ကစားသမားတစ်ယောက်ရဲ့ တန်ဖိုးဟာ ပေါင်သန်း(၂၀)အထက် ရှိနေမှ ထိပ်တန်းအဆင့်လို့ ပြောနိုင်တာ မဟုတ်ပါဘူး။ အဲရစ်ကန်တိုနာကိုပဲကြည့်လေ။ သူ့အတွက် ပေးရတဲ့ဈေးနဲ့ သူယူနိုက်တက်အတွက် လုပ်ပေးခဲ့တာတွေ ယှဉ်ကြည့်ရင် ဈေးနှုန်းနဲ့ စွမ်းဆောင်ရည် အမြဲတမ်း ဆက်စပ်နေတာ မဟုတ်ဘူးဆိုတာ သိသာမှာပါ”ဟု ဆာဖာဂူဆန်က ပြောကြားသွားသည်။

No comments:

Post a Comment