Wednesday, August 11, 2010

. .

ရဲမွန်တပ်တွင်းအခြေအနေ မအေးသေး

တက်လူ / ၁၀ သြဂုတ် ၂၀၁၀


ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ရဲမွန်တပ်တွင်းတွင် ရဲဘော်များ၏ စုငွေကိစ္စကို ရွေးကောက်ပွဲပြီးမှသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုချက်အပေါ် ဆက်လက်မကျေမနပ်ဖြစ်နေကြသည်ဟု ရဲမွန်တပ်တွင်း သတင်းများအရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရဲမွန်တွင် ပစ်ခတ်နေကြပြီဟုလည်း ရန်ကုန်တွင် အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်နေသည်။

“သြဂုတ်လ (၈) ရက်နေ့က ရဲမွန်မှာ ပစ်နေခတ်နေကြတယ်လို့တောင် ကြားတယ်။ ဒါပေမယ့် တိတိကျကျတော့ မသိရသေးပါဘူး” ဟု ထောက်ကြန့်မြို့ခံတဦးက ပြောသည်။

ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတဦးက ယင်းသို့ ပစ်ခတ်မှုဖြစ်သည်ဆိုသည်မှာ မဟုတ်ကြောင်း ပြောသည်။

“လူတွေက အပိုတွေပြောတယ်၊ မဟုတ်ဘူး။ ရဲမွန်မှာ ရဲဘော်တွေ စုငွေလိုလို့ တောင်းဆိုတာ ဟုတ်တယ်။ အခုတော့ ဒီကိစ္စကို နေပြည်တော်က ဘာလုပ်မယ်ဆိုတာ မသိရသေးဘူး။ ကျနော်တို့ လုံခြုံရေးတော့ ချထားတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်ဇူလိုင် တတိယပတ်၌ ရဲမွန်တပ်တွင်းတွင် လစာမှ လစဉ်ဖြတ်နေသည့် စုငွေကို ပြန်လည်ရရှိလိုကြောင်း တပ်မတော်သားများက တောင်းခံမှုပေါ်ပေါက်ခဲ့သဖြင့် ယင်းသို့ လုံခြုံရေးချထားခြင်းဖြစ်ကြောင်း တပ်တွင်းမှ သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းသို့ ရဲမွန်တပ်အတွက် လုံခြုံရေးအင်အား တိုးမြှင့်ချထားရသည့်အတွက် (၂၂) ပြည့် ရှစ်လေးလုံးအရေးတော်ပုံနေ့တွင် ရန်ကုန်၌ လုံခြုံရေးမတင်းကျပ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

ရန်ကုန်တိုင်းအတွင်း အင်းတိုင်၊ ရဲမွန်၊ ထောက်ကြန့်၊ လှည်းကူးတို့တွင် နေပြည်တော်မှ လုံခြုံရေးအင်အားများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အင်အားများ ပိုမိုချထားကြောင်း သိရသည်။

ရန်ကုန်တွင် ရဲမွန်တပ်တွင်း မငြိမ်မသက်ဖြစ်မှုများကို စိတ်ဝင်စားမှုများရှိနေကြပြီး တပ်ကိုတပ်ကပြန်ဝိုင်းသည့်အတွက် အ၀ိုင်းခံရသော ရဲမွန်တပ်သားများအပေါ် ရန်ကုန်ပြည်သူတို့က ကရုဏာသက်နေကြကြောင်း ရန်ကုန်မြို့ခံအချို့ထံမှ သိရသည်။

“တပ်ကို တပ်ကလည်းပြန်ဝိုင်းတာပဲ။ အမှန်တော့ ရဲမွန်တပ်ဆိုတာ အစဉ်အလာကောင်းတဲ့ တပ်တခုပဲ။ ဘာလို့လဲဆိုတော့ အဲဒီမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ခေတ္တထိန်းသိမ်းခံရတဲ့လူတွေကို ရဲဘော်တွေက ကိုယ်ချင်းစာစိတ်ထားပြီးတော့ ကူညီမှုတွေပြုလုပ်ခဲ့တဲ့ အစဉ်အလာရှိခဲ့တာကိုး” ဟု နိုင်ငံရေးသမားဟောင်းတဦးက ပြောသည်။

No comments:

Post a Comment