
ဟောလီးဝုဒ်၏ လူငယ်အဆိုတော် မင်းသမီးလေး ဟီလာရီဒပ်ဖ်၏ မင်္ဂလာပွဲာတ်ပုံများ ပထမဆုံးအကြိမ် ပေါ်ထွက်လာခဲ့သည်။ ဩဂုတ်လ (၁၄)ရက်နေ့ မင်္ဂလာပွဲကျင်းပရာ ညချမ်းအချိန်တွင် ရိုက်ကူးထားသော ဓာတ်ပုံများသည် အရည်အသွေး အလွန်မကောင်းလှသော်လည်း OKမဂ္ဂဇင်းက ထည့်သွင်းဖော်ပြခဲ့သည်။
အသက်(၂၂)နှစ်အရွယ် ဟီလာရီသည် သူမ၏ချစ်သူ ဟော်ကီကစားသမား မိုက်ကော်မရီနှင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ “လက်ထပ်ပွဲ အတွေ့အကြုံဟာ ကျွန်မအတွက် တကယ့်ကို အံ့ဩစရာပါပဲ”ဟု ဟီလာရီက ပြောကြားခဲ့သည်။ ဟီလာရီသည် သူမ၏ လက်ထပ်ပွဲကို ရင်းနှီးသည့် မိတ်ဆွေအနည်းငယ်နှင့် မိသားစုများကိုသာ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံများထဲတွင် ဟီလာရီသည် အဖြူရောင် သတို့သမီး ၀တ်စုံရှည်ကို ဆင်မြန်းထားပြီး မိုက်ကိုမူ အနက်ရောင် ရိုးရာပွဲတက်ဝတ်စုံဖြင့် တွေ့ရသည်။ ကယ်လီဖိုးနီးယား၊ ဆန်တာဘာဘရာရှိ လက်ထပ်ပွဲကို သီးသန့်ငှားရမ်းထားသည့် ခန်းမတစ်ခုတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မိနစ်(၂၀)မျှသာ ကြာမြင့်ခဲ့သည်။ ဟီလာရီသည် ယခုနှစ်လယ်က မိုက်ထံမှ ဒေါ်လာ(၁)သန်းတန် လက်စွပ်တစ်ကွင်းကို ဟာဝိုင်အီတွင် လက်ခံရရှိခဲ့ပြီး ၎င်းတို့နှစ်ဦး စေ့စပ်ခဲ့ခြင်းဖြစ်သည်။
လက်ထပ်ပွဲသို့မူ ဧည့်သည်(၁၀၀)ခန့် တက်ရောက်ကြောင်း သိရသည်။ ယခင်Disneyစတား ဟီလာရီ၏ ခင်ပွန်းသည် မိုက်သည် ကနေဒါ စီးပွားရေး လုပ်ငန်းရှင် ဘီလ်ကော်မရီ၏ သားဖြစ်ပြီး ချမ်းသာကြွယ်ဝကာ အဆင့်အတန်းမြင့်သော မိသားစုမှဖြစ်သည်။ အခြားသော သတင်းများက ဟီလာရီနှင့် မိုက်တို့သည် မင်္ဂလာပွဲ မကျင်းပမီကတည်းက ဟီလာရီ၏ တောင်းဆိုမှုကြောင့် လက်ထပ်စာချုပ်တစ်ခု ချုပ်ဆိုပြီးဖြစ်ကြောင်းလည်း ဖော်ပြသွားသည်။
No comments:
Post a Comment