Tuesday, August 17, 2010

. .

တရုတ်နယ်စပ်တွင် မြန်မာဘက်မှ လုံခြုံရေး တင်းကြပ်

E-mail Print

၂၀၁၀ ရွေးကောက်ပွဲကျင်းပရက် ကြေငြာသည့် သြဂုတ်လ ၁၃ ရက်နေ့မှစ၍ ရွှေလီမြစ်တစ်လျှောက် တရုတ်နှင့်မြန်မာ နယ်စပ် ကူးသန်းသွားလာသည့် စက်လှေဆိပ်များ၌ မြန်မာပုလိပ်နှင့်လ၀ကအဖွဲ့များ တိုးမြှင့်ချထားပြီး ခရီးသွားများ အား စစ်ဆေးနေကြောင်း သိရသည်။
အဆိုပါ စက်လှေဆိပ်များသည် မူစယ်နှင့် နမ့်ခမ်းမြို့နယ်အတွင်း၌ရှိပြီး နမ့်ခမ်းမြို့နယ် မန့်နောင်ရွာလှေဆိပ်တွင် ပုလိပ်နှင့်လ၀ကများက စောင့်ကြပ်စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“နမ့်ခမ်းမြို့နယ် ကွန်ဟိုင်း ဒီဘက်ကမ်း မန့်နောင်ရွာ လှေဆိပ်မှာ ရဲနဲ့ လ၀က ရောစောင့်နေတယ်၊ သွားတဲ့လူတိုင်းကို စစ်ဆေးတယ်၊ ရွာလူကြီးဘယ်သူလဲ အဖေအမေဘယ်သူလဲ နေရပ်လိပ်စာ အဲဒါတွေမေးပြီးမှ သွားခွင့်ပြုတယ်” ဟု သူက ပြောသည်။

နမ့်ခမ်းမြို့နယ်ရှိ အခြားစက်လှေဆိပ်များဖြစ်သော နောင်တိန်း၊ ဟိုဆိုင်းနှင့် မန့်ဟောင်းရွာ လှေဆိပ်များ၌လည်း လ၀က အစောင့်များချထားကြောင်း သိရသည်။

ထို့အပြင် မူစယ်မြို့နယ်ရှိ ပန်ခမ်း၊ နောင်မို၊ မန့်ဟောင်းလွိုင်၊ ဟိုဆောင်၊ ဖွေးဟုန်းနှင့် နမ့်စွမ်း လှေဆိပ်များတွင်လည်း အရပ်ဝတ် လုံခြုံရေးများချထားသည်ဟု သူကဆိုသည်။ “အခုက နမ့်ခမ်းကလှေဆိပ်တိုင်းမှာ လ၀ကအဖွဲ့တွေရှိတယ်။ မူစယ်လှေဆိပ်တွေမှာလည်း အရပ်ဝတ်ပုလိပ်တွေ ချထားတာပဲ။ အရင်တုန်းကမရှိဘူး။ တစ်ခါတစ်လေမှ ရှိတတ်တယ်။ မှတ်ပုံတင်ပြနိုင်မှသွားလို့ရတယ်။ အခုမှစစ်ဆေး နေတာ”- ဟု ဆိုသည်။

ဒေသခံများက တရုတ် - မြန်မာနှစ်နိုင်ငံနယ်စပ်အကြား ရွှေလီမြစ်တစ်လျှောက် စက်လှေဖြင့် ကုန်ပစ္စည်းသယ်ယူရာတွင် အဆိုပါ စက်လှေဆိပ်များ အသုံးပြုခြင်း ဖြစ်သည်။

No comments:

Post a Comment