
နယ်စပ်မှ ၀င်ရောက်လာသည့် တရုတ်နိုင်ငံလုပ် ကျင်းထုံးခြင်ဆေးခွေနှင့် ဘေဘီကဲ(Baby Care) ခြင်ဆေးခွေများတွင် သတ်မှတ်ထားသော ဓာတုပစ္စည်းများ ပိုမိုပါဝင်နေသဖြင့် သုံးစွဲသူများ၏ ကျန်းမာရေးကိုပါ ထိခိုက်နိုင်၍ ပိုးသတ်ဆေးဥပဒေအရ အရေးယူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ခြင်ဆေးခွေများမှာ ခြင်ဆေးထွန်းထားသည့် အချိန်အတွင်း ခြင်များ ပြုတ်ကျ သေဆုံးသဖြင့် လူများ သဘောကျကြသည့်အတွက် ဈေးကွက်အတွင်း ရောင်းအားအကောင်းဆုံး ခြင်ဆေးခွေများဖြစ်ကြောင်း ရန်ကုန်နှင့် နယ်မြို့များရှိ ဈေးဆိုင်ရှင်များက ပြောသည်။ “ဒီခြင်ဆေးနှစ်မျိုးဟာ မှတ်ပုံတင်ထားခြင်း မရှိတဲ့အပြင် ကျင်းထုံ ခြင်ဆေးခွေမှာဆို ဒီနိုင်ငံအတွင်း မှတ်ပုံမတင်ထားသေးတဲ့ Meperfluthrim ဓာတုပစ္စည်းက ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ အမြင့်ဆုံးနှုန်းထက်တောင် ပိုမိုပါဝင်နေတာကို တွေ့ရတယ်။ အခု ဒါတွေကို စစ်ဆေးပြီးရင်လည်း နောက်ပိုင်းတွေမှာ တခြားတရားမ၀င် ၀င်ရောက်လာတဲ့ ခြင်ဆေးတွေကိုလည်း ထပ်မံစစ်ဆေးဖို့ အစီအစဉ် ရှိပါတယ်”ဟု မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ သီးနှံကာကွယ်ရေး ဌာနခွဲမှာ ဒုတိယ အထွေထွေမန်နေဂျာ ဦးအေးထွန်းက ပြောသည်။ Meperfluthrimကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမြင့်ဆုံး ၀ဒသမ၀၄ ရာခိုင်နှုန်းသာ ထည့်သွင်းအသုံးပြုရန် ခွင့်ပြုထားသော်လည်း ဓာတ်ခွဲစမ်းသပ်ချက်များအရ ကျင်းထုံခြင်ဆေး အပြာတွင် ၀ဒသမ၀၆၄၁ ရာခိုင်နှုန်း၊ အနီတွင် ၀ဒသမ၁၁၅၉ ရာခိုင်နှုန်းနှင့် အစိမ်းတွင် ၀ဒသမ၁၁၂၉ ရာခိုင်နှုန်းအထိ ပါဝင်ကြောင်း သိရသည်။ “တခြား ခြင်ဆေးတွေက အငွေ့ယဉ်နေလို့လား မသိဘူး။ နှစ်တိုင်သုံးတိုင် ထွန်းရတယ်။ ဒီခြင်ဆေးကတော့ ထွန်းထားရင် ခြင်တွေပါ ပြုတ်ကျသေတဲ့အတွက် လာမေးတဲ့သူ အရမ်းများပြီး အခုတလော ရောင်းအားအကောင်းဆုံး ခြင်ဆေးပဲ”ဟု ကုန်စုံဆိုင်တစ်ဆိုင်က ပြောသည်။ ပုံမှန်အားဖြင့် ခြင်ဆေးငွေ့မှာ ရှူရှိုက်မိသည်နှင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်ထဲ ရောက်ရှိသွားပြီး ကြာလာပါက အသက်ရှူလမ်းကြောင်း ရောဂါများဖြစ်သည့် အဆုတ်ရောင်ခြင်း၊ ရင်ကျပ်ရောဂါများ ခံစားကြလေ့ရှိသဖြင့် ခြင်ဆေးငွေ့ မရှူရှိုက်မိစေရန် ကျွမ်းကျင်ဆရာဝန်များက အကြံပြု ပြောကြားထားသည်။
“ဒီခြင်ဆေးက အနံပြင်းတာလည်း မဟုတ်ဘဲ အရမ်းမွှန်တယ်။ ခြင်ဆေးထွန်းပြီး ခဏလောက်နေတာနဲ့ ခြင်တွေကတော တဖြုတ်ဖြုတ်နဲ့ သေတယ်။ဒါပေမဲ့ အခု ကျင်းထုံခြင်ဆေးငွေ့ ရှူပြီးမှ မဖြစ်တာ နှစ်ချီနေတဲ့ ရင်ကျပ်ရောဂါ ပြန်ဖြစ်လာလို့ အခုထိ ဆေးသောက်နေရတယ်”ဟု ဒေါက်တာထွန်းသိန်းက ပြောသည်။ ခြင်ဆေးငွေ့မှာ ခြင်ကိုသေစေသည်အထိ မဟုတ်ဘဲ ခြင်ပြေးရုံ ဓာတုပစ္စည်း ၀ဒသမ၃ ရာခိုင်နှုန်းသာ ထည့်သွင်းအသုံးပြုခွင့် ပေးထားပြီး ပြည်တွင်းတွင် ထုတ်လုပ်သည့် ခြင်ဆေးများမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ပိုးသတ်ဆေးဌာနတွင် စစ်ဆေး၍ ခွင့်ပြုမှသာ ဈေးကွက်အတွင်း ဖြန့်ချိခွင့်ရှိကြောင်း ဂေါ်ဇီလာခြင်ဆေးခွေမှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးစန်းဝင်းက ပြောသည်။ ကျင်းထုံခြင်ဆေးခွေတွင် အပေါ်အခွံ၌ တံဆိပ်အမည်နှင့် ခြင်နိုင်ဆေးခွေဟုသာ မြန်မာလို ရေးသားထားပြီး ကျန်တစ်ခုလုံး တရုတ်စာများဖြင့်သာ အညွှန်းများ ရေးသားထားသဖြင့် မည်သည့်ဓာတုပစ္စည်းများ ပါဝင်သည်ကို အလွယ်တကူ မသိရှိနိုင်ကြောင်း သိရသည်။ ပြည်တွင်းတွင် တရားဝင် မှတ်ပုံတင်ပြီး ဖြန့်ချိနေသည့် ခြင်ဆေး အမျိုးအစားပေါင်း ၁၃၃မျိုးခန့် ရှိကြောင်း သိရသည်။
No comments:
Post a Comment