Friday, August 6, 2010

. .

ရုရှားတောမီး လူ၄၀သေဆုံး

ရုရှားတောမီးလောင်ကျွမ်းသည့် ဒေသများ အရေးပေါ်အခြေအနေ ကြေညာ ကမ္ဘာပေါ်တွင် ဂျုံတင်ပို့မှု အများဆုံး နိုင်ငံတစ်ခုဖြစ်သည့် ရုရှားတွင် ဂျုံစိုက်ခင်း ဧရိယာ မြောက်မြားစွာ မီးလောင်ပျက်စီးသွားသဖြင့် (၂၂)လအတွင်း ကမ္ဘာ့ဂျုံဈေးနှုန်းသည်လည်း အမြင့်ဆုံးထိ တက်သွား

ရုရှားတောမီးလောင်ကျွမ်းသည့် ဒေသများ အရေးပေါ်အခြေအနေ ကြေညာ










ရုရှားအစိုးရသည် တောမီးများ ပြင်းထန်စွာ လောင်ကျွမ်းနေသည့် ဒေသကြီး (၇)ခုတို့တွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာလိုက်ပြီး ထိုနေရာများရှိ လက်နက်တိုက်များကို အထူးစောင့်ကြပ်ရန် စစ်တပ်များကို အမိန့်ပေးထားလိုက်ကြောင်း သိလိုက်ရသည်။ အနည်းဆုံး လူ(၄၀)မျှ သေဆုံးစေခဲ့သည့် တောမီးလောင်မှုများအတွက် အစိုးရက ဩဂုတ်(၂)ရက်နေ့က အရေးပေါ် အခြေအနေ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Russia Wildfire

ဇာဘုရင်ခေတ်နောက်ပိုင်း အမြင့်ဆုံး ရောက်ရှိလာသည့် အပူလှိုင်းကြောင့် တောမီးများ လောင်ကျွမ်းခဲ့ပြီး ထောင်ပေါင်းများစွာသော အိုးအိမ်များ ပျက်စီးလျက်ရှိသည်။ ကမ္ဘာပေါ်တွင် ဂျုံတင်ပို့မှု အများဆုံး နိုင်ငံတစ်ခုဖြစ်သည့် ရုရှားတွင် ဂျုံစိုက်ခင်း ဧရိယာ မြောက်မြားစွာ မီးလောင်ပျက်စီးသွားသဖြင့် (၂၂)လအတွင်း ကမ္ဘာ့ဂျုံဈေးနှုန်းသည်လည်း အမြင့်ဆုံးထိ တက်သွားသည်။

Russia Wildfire

“မိသားစု အမြောက်အမြားမှာ ဘာမှလက်ကျန် မရှိတော့ဘူး။ မီးကအားလုံးကို ၀ါးမြိုဖျက်ဆီးလိုက်တယ်”ဟု သမ္မတ ဒီမီထရီ မက်ဗီဒက်ဗ်က ရုပ်မြင်သံကြားမှတဆင့် ပြောကြားခဲ့သည်။ “တကယ့်ကို ဆိုးသွမ်းတဲ့ကိစ္စကြီးပါပဲ”ဟု သမ္မတကဆိုသည်။ ဗိုလ်ဂါမြစ်ဝှမ်းရှိ လူဦးရေ ထူထပ်ရာ ဒေသမျးတွင် ပျံ့နှံ့လောင်ကျွမ်းနေသည့် တောမီးသည် မော်စကိုရှိ အာဏာပိုင်များအား ခေါင်းခဲစေခဲ့သည်။ (၁၈၈၀)နောက်ပိုင်း ရုရှား၏ အပူဆုံးရာသီကို ဖြတ်သန်းနေရပြီးနောက် မီးလောင်ကျွမ်းနေသည့် ဒေသများတွင် ကောင်းကင်တစ်ခွင် မဲမှောင်ပိတ်ဖုံးနေကြောင်းလည်း သိရသည်။

Russia Wildfire

ဝန်ကြီးချုပ် ဗလာဒီမာပူတင်က ဒေသခံ အုပ်ချုပ်ရေး အဖွဲ့များအား လက်နက်တိုက်များ၊ နျူကလီးယား ဓာတ်ပေါင်းဖိုများနှင့် အခြားသော အန္တရာယ်ရှိနိုင်သည့် အဆောက်အအုံများကို အစွမ်းကုန် ကာကွယ်ရန် ညွှန်ကြားထားသည်။ ရုရှားအစိုးရပိုင် ရိုစတမ် နျူကလီးယား ဓာတ်အားပေး ကော်ပိုရေးရှင်းမှ ဆာဂျီနာဗီကော့ဗ်က လက်တလောတွင် နျူကလီးယား ဓာတ်အားပေး စင်တာများ အန္တရာယ် မရှိသေးကြောင်း ပြောကြားခဲ့သည်။ “နိုင်ငံအလယ်ပိုင်းက တောမီးက အခြေအနေ တော်တောာ်ဆိုးနေတယ်။ တောင်ဖက်ပိုင်းမှာလည်း တောမီးစလောင်မယ့် အခြေအနေမျိုး ကြုံနေရတယ်။ ဒါပေမယ့် ဓာတ်အားပေး စင်တာတွေ အခြေအနေကောင်းနေပါတယ်”ဟု နာဗီကော့ဗ်ကဆိုသည်။

Russia Wildfire

ဝန်ကြီးချုပ် ပူတင်က မီးငြှိမ်းသတ်ပြီးသည့် နယ်မြေများမှ မီးကြွင်းမီးကျန်များ လေနှင့်အတူ ပျံ့နှံ့ပြီး နောက်ထပ်တောမီးသစ်များ လောင်ကျွမ်းလာနိုင်ကြောင်း သတိပေးထားသည်။ ၎င်းသည် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များအား မီးဘေးကြောင့် ပျက်စီးသွားသည့် နေအိမ်များအတွက် ပြန်လည်ဆောက်လုပ်ပေးမည့် အိမ်ရာစီမံကိန်းများအတွက် Timelineများ၊ အခြားသော သတင်းအချက်အလက်များကို ပေးပို့ရန် တောင်းခံထားကြောင်း သိရသည်။ တောမီးသည် နေရာပေါင်း (၇၀၀)ခန့် ပျံ့နှံ့လောင်ကျွမ်းနေပြီး ဩဂုတ်လ (၂)ရက်နေ့ထိ စတုရန်း ကီလိုမီတာ (၁၂၁၀)မျှ ကူးစက်ခဲ့သည်။ ဩဂုတ်လ (၁)ရက်နေ့တွင် သေဆုံးသူ (၂၈)ဦး ရှိခဲ့ပြီး နောက်တစ်ရက်တွင် (၄၀)ထိ မြင့်တက်ခဲ့ကြောင်းလည်း ရုရှားကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

No comments:

Post a Comment