Friday, August 6, 2010

. .

ပြည်ပမှလုပ်သားရှာဖွေမှု အင်္ဂလိပ်ဘာသာစကားနှင့် အရည်အသွေးဦးစားပေးလာ

ရဲလင်းထွဋ်

ပြည်ပနိုင်ငံ လုပ်ငန်းခွင်များအတွက် လုပ်သားခေါ်ယူရာတွင် အင်္ဂလိပ် ဘာသာစကားနှင့် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးပိုင်းကို အဓိကထား ရွေးချယ်ခေါ်ယူလာကြောင်း ပြည်ပအလုပ် အကိုင်လုပ်ငန်းများမှ သိရသည်။

"အင်္ဂလိပ်စကားက မဖြစ်မနေ လိုလာတယ်။ ကလေးတွေမှာ အရည် အချင်းရှိတဲ့တိုင် ဘာသာစကား အခက်အခဲကြောင့် ကိုယ့် အရည်အချင်းကို မဖော်ထုတ်ပြနိုင်တာမျိုးကြောင့် အင် တာဗျူးမအောင်တာတွေ ရှိတတ်ကြတယ်။ နောက်တစ်ခုကတော့ တကယ် အရည်အသွေးပြည့်အောင် လေ့ကျင့် သင်ကြားထားဖို့ပေါ့။သင်တန်းတက်တိုင်း နိုင်ငံခြားကိုသွားရတာမျိုး မဟုတ်ဘူးလေ"ဟု Star Resources Hospitality Management Academy မှ Training Director ဦးအောင်မြစိုးက ပြောသည်။

အချို့သော မြန်မာလုပ်သားများသည် အတတ်ပညာလက်မှတ်အတုများကို ကိုင်ဆောင်သွားခြင်း၊ အမှန်တကယ် ကျွမ်းကျင်မှုမရှိဘဲ ပြည်ပသို့ သွားရောက်လုပ်ကိုင်ခြင်းများကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြဿနာများ မကြာခဏ ပေါ်ပေါက်လျက်ရှိကြောင်း သိရသည်။

မြန်မာအသင်း(စင်ကာပူ) အတွင်းရေးမှူး ဦးညီညီထွန်းက "ဥပမာ စင်ကာပူကို အလုပ်လာလုပ်တဲ့ မြန်မာတစ်ယောက်က စားဖိုမှူး လက်မှတ်ကို ကိုင်ပြီး ရောက်လာတယ်။ တကယ်လည်းချက်ခိုင်းရော သူက ဘာမှ မချက်တတ်ဘူး။ အဲဒီတော့ သူ့ကို အလုပ်က ပန်းကန်ဆေးခိုင်းတာမျိုးတွေဖြစ်တယ်။ ဒါကို သူက သူ့ကိုခေါ်တဲ့အလုပ် မခိုင်းဘူးဆိုပြီးပြောရင် သူမတတ်လို့ သူတတ်တာကို ခိုင်းတာ ဖြစ်တဲ့အတွက် ဒါဖြေရှင်းရခက်သွားပြီ"ဟု ပြောသည်။

ထို့ကြောင့် အရည်အချင်း အစစ်အမှန်ရရှိရေးသည် အလုပ်အကိုင်ရှာဖွေရေးများမှ စိစစ်ခေါ်ယူမှုများရှိသကဲ့သို့ လုပ်ငန်းခွင်အတွက် တိုက်ရိုက် အသုံးပြုနိုင်မည့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အတတ်ပညာသင်တန်းကျောင်း အချို့သို့လည်း ချိတ်ဆက်ခေါ်ယူ မှုများ ရှိလာကြောင်း သိရသည်။

Star Resources မှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်နေရီအောင်က "ဒူဘိုင်း ဟိုတယ်တွေက ခေါ်တဲ့အခါမှာ သူတို့ တွေကိုယ်တိုင် အင်တာဗျူးလုပ်ပြီးမှ စိတ်တိုင်းကျခေါ်သွားတဲ့အတွက် ဟိုမှာ မလုပ်တတ်တာတို့ ဘာတို့ မဖြစ်တော့ဘူး။ နောက်ပြီး ဟိုမှာအရင် ရောက်နေတဲ့ ကလေးတွေရဲ့ အလုပ်အကိုင် ကျွမ်းကျင်မှုကြောင့် နောက်ထပ်ခေါ်ချင်ရင် ဒီမှာလာခေါ်ဖို့ပဲ သူတို့တွေ စီစဉ်လာ ကြတယ်"ဟု ဆိုသည်။

ရန်ကုန်အခြေစိုက် ပြည်ပအလုပ် အကိုင်ရှာဖွေရေးလုပ်ငန်းအချို့အနေဖြင့်လည်း ၎င်းတို့ရရှိသော လုပ်သားအမှာစာများအတွက် လုပ်ငန်းခွင်အတတ် ပညာများကို အမှန်တကယ်တတ်ကျွမ်းသောသူများကိုရှာဖွေရာတွင် သင်တန်းကျောင်းများကို ဆက်သွယ် ရှာဖွေလာသည်ဟု ဆိုသည်။

၃၈ လမ်းအတွင်းရှိ ပြည်ပအလုပ် အကိုင်လုပ်ငန်းမှ ဒါရိုက်တာတစ်ဦးက "စင်ကာပူကအလုပ်ခေါ်ရင် လုပ်ငန်းကျွမ်းကျင်တဲ့သူတွေ ခေါ်တာများတယ်။ အင်္ဂလိပ်စကား ပြောနိုင်ရမယ်ဆိုတော့ ဒီမှာ လာလျှောက်တဲ့သူတွေတိုင်းကို သေချာစစ်ဆေးဖို့ဆိုတာ မလွယ်ဘူး။ ဒါကြောင့် နာမည်ရှိတဲ့သင်တန်းကျောင်းတွေက Well Train ဖြစ်တဲ့လူ ရှာရတယ်။ မဟုတ်ရင် ဒီမှာတုန်းကတော့ အကုန်တတ် တယ်ဆိုပြီး ဟိုရောက်မှ တစ်ခုမှခိုင်းမရရင် ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ရော၊ မြန်မာလုပ်သားတွေရဲ့ Image အတွက်ပါ မကောင်း ဘူး"ဟု ပြောသည်။

လတ်တလောခေါ်ယူနေသည့် အလုပ်အကိုင်များအတွက် အဓိကအကျဆုံးသည် အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းမှုဖြစ်ပြီး ဒုတိယ ဦးစားပေးမှာ လုပ်ငန်းအတွေ့အကြုံနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှုဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment