Saturday, August 7, 2010

. .

အင်ဒိုနီးရှား ရွှေတိဂုံပုံတူစေတီ ဝါကျွတ်ချိန် အနေကဇာ တင်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အင်ဒိုနီးရှားနိုင်ငံ မီဒန်မြို့ ၌ တည်ထားသော ရွှေတိဂုံစေတီတော်ပုံတူ အနေကဇာ တင်ပွဲသို့ မြန်မာပြည်မှ ဘုန်းတော်ကြီး အပါး ၆ဝဝ ကျော် လာမည့် အောက်တိုဘာလတွင် ကြွချီမည်ဟု သိရသည်။

သာသနာရေး ဦးစီးဌာနနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနတို့က တိုင်းနှင့် ပြည်နယ်များရှိ သံဃာ့မဟာနာယက ဆရာတော်များ၊ ပရဟိတလုပ်ငန်း လုပ်ကိုင်နေသော ကျောင်းတိုက်များမှ ဆရာတော်များ၊ စာသင်၊ စာချ ဆရာတော်များ စုစုပေါင်း အပါး ၆ဝဝ ကို ရွေးချယ်ပင့်ဖိတ်ထားခြင်း ဖြစ်သည်။

“သာသနာရေး ဦးစီးဌာနနဲ့ အကျွမ်းတဝင်ရှိတဲ့ မြို့နယ်သံဃာ့နာယက ခေါင်းဆောင်တွေကိုပဲ ရွေးဖိတ်တာပါ။ ဦးဇင်းတို့ မပါဘူး။ ဦးဇင်းတို့လည်း ပရဟိတလုပ်ငန်း ဆောင်ရွက်တာ ကြာခဲ့ပြီ။ ဘာလို့ မဖိတ်လဲတော့ မပြောတတ်ဘူး” ဟု ရန်ကုန်တိုင်း သာကေတမြို့နယ်ရှိ ပရဟိတလုပ်ငန်း ဆောင်ရွက်နေသော ကျောင်းထိုင်ဆရာတော် တပါးက မဇ္ဈိမကို မိန့်တော်မူသည်။

သံဃာတော်များ ကြွချီမည့် ခရီးစဉ်အတွက် မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နေသော ဦးဝင်းဖေ ဦးဆောင်သည့် မေတ္တာစင်တာ DBO (Dhamma Brothers Organization) အဖွဲ့က အခမဲ့ စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

ဘုရားအနေကဇာ တင်ပွဲသို့ ကြွရောက်မည့် ဆရာတော်များမှာ ယခုအခါ နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပြီး ဖြစ်သည်။

“ဦးဇင်းတို့တွေ အကုန်လုံး နိုင်ငံကူးလက်မှတ် လုပ်ပြီးသွားကြပြီ။ ဘုန်းကြီးအပါး ၆ဝဝ ကျော်ကို ဇူလိုင်လတုန်းက ရန်ကုန်ကို ပင့်ပြီး နိုင်ငံကူးလက်မှတ် တခါထဲ လုပ်ပေးတယ်။ စင်းလုံးငှား လေယာဉ် ၅ စီးနဲ့ အောက်တိုဘာ ၂၉ ရက်နေ့ ထွက်မယ်လို့ ပြောတယ်။ ဘုန်းကြီး ၁ဝ ပါးကို ကပ္ပိယတဦးနှုန်း ပါမယ်” ဟု မန္တလေးမြို့ရှိ ကျောင်းထိုင်ဆရာတော် တပါးက မဇ္ဈိမကို မိန့်ကြားသည်။

ယင်းခရီးစဉ်တွင် နေပြည်တော်ရှိ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ ဝန်ထမ်း ၃ဝ ခန့်လည်း လိုက်ပါသွားမည်ဟု သိရပြီး ယခု အနေကဇာတင်ပွဲ ပြုလုပ်မည့် ရွှေတိဂုံပုံတူ စေတီကို အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း ဆူမတြားကျွန်းစု၏ မြို့တော်မီဒန်တွင် တည်ထားသည်။

No comments:

Post a Comment