စိုးမိုး /
အသက် (၁၃) နှစ်နှင့် (၁၈) နှစ်ကြား မြန်မာကလေးသူငယ်များသည် လူကုန်ကူးသူများ၏ ပစ်မှတ်ဖြစ်လာကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးကြီး စစ်အေးက ပြောကြားသည်။
ယခုနှစ် မြန်မာနိုင်ငံတွင်း လူကုန်ကူးမှု စုစုပေါင်း (၆၆) မှုတွင် ကလေးသူငယ်လူကုန်ကူးခံရမှု (၃၈) မှု ပါဝင်ကြောင်း ရဲမှူးကြီး စစ်အေးက ယခုလ (၅) ရက်တွင် ပြုလုပ်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ အစည်းအဝေးတွင် ထုတ်ဖော်ပြောခြင်း ဖြစ်သည်။
“လက်ရှိအချိန်တွင် အသက် (၁၃) နှစ်မှ အသက် (၁၈) နှစ်အောက် ကလေးငယ်များကို အဓိကထား လူကုန်ကူးလာကြပြီး တရုတ်နိုင်ငံသို့ ဦးတည်ကြောင်း သိရပါတယ်” ဟု ရဲမှူးကြီး စစ်အေးက ပြောသည်။
လူကုန်ကူးခံရသူများမှာ တရုတ်နိုင်ငံသို့ ရောင်းစားခြင်းခံရပြီး အများစုမှာ ကျေးလက်နေ တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ်ပေးခြင်း ခံကြရသည်ဟု ဆိုသည်။
ယခုနှစ်အတွင်း လူကုန်ကူးသူများက အမျိုးသမီးတဦးလျှင် ရွှေ (၂၀) ကျပ်သား (ကျပ်သိန်း ၁၃၀ ခန့်) မှ ရွှေ (၄၀) ကျပ်သား (ကျပ်သိန်း ၂၅၀ ခန့်) အထိရမည်ဟု ပြောဆိုဆွဲဆောင်ပြီး လူကုန်ကူးမှုများ လုပ်ဆောင်လာကြောင်းလည်း သိရသည်။
မြန်မာအမျိုးသမီးများနှင့် ကလေးသူငယ်များ လူကုန်ကူးခံရမှုများတွင် တရုတ်နိုင်ငံသို့ (၇၉.၂) ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ (၉.၂) ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံသို့ (၀.၆) ရာခိုင်နှုန်း၊ ပြည်တွင်းဖြစ်ပွားမူ (၁၁) ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ စစ်တမ်းတွင် ဖော်ပြသည်။
ယင်းလူကုန်ကူးခံရမှုများတွင် အဓမ္မ ထိမ်းမြားလက်ထပ်ခံရမှု အများဆုံးဖြစ်ပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေမှု၊ အဓမ္မ လုပ်အားခေါင်းပုံဖြတ်မှု၊ အဓမ္မ သူတောင်းစားအဖြစ် စေခိုင်းမူတို့ ဖြစ်သည်ဟု ဆိုသည်။
တအိမ်ထောင် ကလေးတယောက် မူဝါဒအရ သာမက ရိုးရာဓလေ့ အရပါ သားယောက်ျားလေးများကို တန်ဖိုးထားသော တရုတ်နိုင်ငံတွင် အရွယ်ရောက် အမျိုးသားများမှာ လက်ထပ်ရန် အမျိုးသမီး ရှားပါးနေခြင်းကြောင့် အိမ်နီးချင်း ဆင်းရဲသည့် မြန်မာနိုင်ငံမှ အမျိုးသမီးများကို လူကုန်ကူးသူများမှတဆင့် ၀ယ်ယူ လက်ထပ်နေကြခြင်းဖြစ်သည်။
၂၀၀၆ ခုနှစ်မှ လက်ရှိအချိန်ထိ လူကုန်ကူးမှုပေါင်း (၅၃၄) မှုကို တားဆီးနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
No comments:
Post a Comment