Thursday, August 5, 2010

. .

ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နုတ်ထွက်

NEJ / ၀၅ သြဂုတ် ၂၀၁၀

ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက တာဝန်မှ နုတ်ထွက်လိုက်ကြောင်း ယနေ့ထုတ်ဖော်ပြောကြားလိုက်သည်။

“ဒီနေ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ကျနော်ရဲ့ တင်ပြချက်ကို တင်ပြပြီးပါပြီ။ ဒီနေ့ နုတ်ထွက်ခဲ့တာပါ။ အဓိကတင်ပြတာကတော့ ရွေးကောက်ပွဲဆိုင်ရာတင်ပြချက်ပေါ့၊ ဒီနေ့ရက်စွဲနဲ့ပါ။ အချက် (၃) ချက် ပါပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

၎င်းက “တချက်က ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီပန်းတိုင်ကို ချီတက်ရာမှာ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်ပြီး တဖြည်းဖြည်း ပိုမိုကောင်းမွန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ နိုင်ငံရေးအခင်းအကျင်းထဲကို ကျနော်တို့ ပါဝင်ခဲ့တာပါ” ဟု ပြောဆိုသည်။

၎င်းက ဆက်လက်ပြီး ဒုတိယအချက်အနေဖြင့် ယခုအခါ ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်လာမှုများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး ကြိုးပမ်းမှုများ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၏ ရွေးကောက်ပွဲအကြိုကာလ လိုလားချက်များဖြစ်သော ပြည်သူတရပ်လုံး နိုင်ငံရေးတွင် ပါဝင်ခွင့်ရရှိရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ မြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခွင့်ရရှိရေး၊ နိုင်ငံရေးအင်အားစုများကို လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်ပြုရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ရရှိရေး၊ လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်စေရေး စသည့်အချက်များ ပေါ်ထွန်းလာမှု တစုံတရာမရှိခဲ့ကြောင်း တင်ပြထားသည်ဟု ပြောကြားသည်။

ထို့အတွက် ၎င်းအနေဖြင့် ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲနိုင်ငံရေးအခင်းအကျင်း၌ ဆက်လက်ပါဝင်မည် မဟုတ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြခြင်းဖြစ်သည်ဟု သိရသည်။

“နောက်ဆုံးတချက်ကတော့ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ တာဝန်ကိုလည်း ကျနော် ဆက်လက်ဆောင်ရွက်သွားမှာမဟုတ်ကြောင်း ဆိုတဲ့ အချက် (၃) ချက်ကို ကျနော်တင်ပြခဲ့တာပါ” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ယခုကဲ့သို့ ပါတီမှ နုတ်ထွက်ခြင်းသည် ပါတီနှင့်တစုံတရာသဘောထား ကွဲလွဲခြင်းကြောင့်မဟုတ်ကြောင်း၊ ပါတီအနေဖြင့်လည်း ပါတီရပ်တည်ရှင်သန်ရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရေးအတွက် ဆက်လက်ကြိုးပမ်းကြဦးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌနေရာကို ဒု-ဥက္ကဋ္ဌ (၂) ဦးဖြစ်သည့် ဦးသိန်းဌေးနှင့် ဦးဌေးတို့က ယာယီဆက်လက် တာဝန်ယူလုပ်ဆောင်သွားမည်ဟု သိရသည်။

“လာမည့်ရွေးကောက်ပွဲ နိုင်ငံရေးအခြေအနေကတော့ လက်ရှိတည်ဆဲအစိုးရက သူဖြစ်ချင်တဲ့ပုံစံအတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးအတွက်ကို သူတို့ အတင်း တွန်းတွန်းတိုက်တိုက်ဆောင်ရွက်သွားလိမ့်မယ်လို့ ကျနော်ထင်တယ်။ ရွေးကောက်ပွဲအပြီး ဟိုဘက်မှာတော့ ကျနော်တို့ နိုင်ငံရေးအခင်းအကျင်းသစ်တွေ ပေါ်လာဦးမှာပါ။ အဲဒီအနေအထားပေါ်မှာ ဒီမိုကရေစီအင်အားစုအတွင်း ညီညီညွတ်ညွတ်နဲ့ ရှေ့ဆက်ဆောင်ရွက်နိုင်မယ့်အခြေအနေတွေ ပေါ်လာမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီအခြေအနေပေါ်မှာ ကျနော်ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြီးခဲ့သည့်ဧပြီ (၈) ရက်တွင် မှတ်ပုံတင်လျှောက်ထားခဲ့ပြီး မေ (၂၈) ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ရရှိခဲ့သည်။ ပါတီ၏နာယကမှာ ဦးရွှေအုံးဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် (၂၇) ရက်တွင် ပြည်ထောင်စု ဒီမိုကရေစီပါတီက The Union စာစောင်ကို ဖြန့်ချိခဲ့ပြီး အတိုက်အခံများ၏ အာဘော်ကို ထင်ဟပ်စေသည့်စာစောင်အဖြစ် ရန်ကုန်မြို့ခံများက လက်ခံခဲ့သည်။

No comments:

Post a Comment