ကမ္ဘာ့ဖလား မနေ့က ပွဲစဉ်အပြီးမှာတော့ နာမည်ကြီး ကမ္ဘာ့အဆင့် ၁ ဘရာဇီးအသင်း နောက်တဆင့်တက်ဖို့ ခိုင်မာသွားပြီဖြစ်ပေမယ့် လက်ရှိချန်ပီယံ အီတလီအသင်းကတော့ မရေမရာဖြစ်တုန်းပါ။
နောက်တဆင့်တက်ရေး ဘရာဇီး ခိုင်မာ
မနေ့က နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အုပ်စု (ဂျီ) ထဲက ဘရာဇီး-အိုင်ဗရီကို့စ်တို့ ကစားပွဲမှာ အိုင်ဗရီကို့စ် အတော်ရုန်းအားကောင်းခဲ့ပါတယ်။ ဘရာဇီးအဖို့ မနည်းလိုက် ထိန်းကစားခဲ့ရပြီး၊ အဖွင့်ဂိုးကို ပထမပိုင်း ၂၅ မိနစ်မှာတင် ဘရာဇီးက ဖေဘီယာနို သွင်းယူပြီး ပွဲကို ဦးဆောင်ကစားသွားခဲ့ပါတယ်။

ဒီပွဲမှာ ကာကာဟာ ဘရာဇီးကို အကောင်းဆုံး ပံ့ပိုးပေးခဲ့ပါတယ်။ ဘရာဇီးသွင်းခဲ့တဲ့ ၃ ဂိုးစလုံးကို ကာကာ ဖန်တီးပေးခဲ့တာပါ။
မနေ့က ကစားခဲ့တဲ့ ၃ ပွဲထဲမှာတော့ ဘရာဇီး-အိုင်ဗရီကို့စ်ပွဲက ပရိသတ် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပွဲတပွဲလည်း ဖြစ်ခဲ့ပါတယ်။ ကာကာကို အနီကဒ်နဲ့ ထုတ်ပယ်လိုက်တဲ့ ကိစ္စကလည်း နောက်ဆက်တွဲ အငြင်းပွားစရာတွေ ကြားရဖို့ ရှိနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဘရာဇီးဟာ ဒီပွဲနိုင်လို့ ၆ မှတ်ရပြီး နောက်တဆင့်အတွက် ခိုင်မာသွားပါပြီ။
အီတလီ မရေရာသေး
မနေ့တုန်းက ဒုတိယပွဲဖြစ်တဲ့ အုပ်စု (အက်ဖ်) ထဲက လက်ရှိ ချန်ပီယံ အီတလီနဲ့ နယူးဇီလန်တို့ ပွဲအကြောင်းကို ပြောချင်ပါတယ်။
ဒီပွဲကလည်း ပြောစမှတ်ဖြစ်တဲ့ ပွဲပါပဲ။ နယူးဇီလန်လို အသင်းမျိုးက လက်ရှိချန်ပီယံကို ဂိုးအရင် သွင်းပြီး သရေ တမှတ် ယူနိုင်တာကတော့ အီတလီအတွက် စိတ်ပျက်စရာ ရလဒ်လို့ ပြောရမှာပါ။ အရင် အင်္ဂလန်၊ စပိန်၊ ဂျာမဏီပွဲတွေ ရခဲ့တဲ့ အံ့သြစရာ ရလဒ်စာရင်းမျိုးထဲ သူပါ ၀င်သွားလို့ ဖြစ်ပါတယ်။

တိုက်စစ်မှာ ဒီနာတယ်လီ၊ ကာမိုရာနီစီတို့ အရှိန်မြှင့်၊ အခွင့်အရေးရခဲ့ပေမယ့် ဂိုးပေါက်ကို သိပ်ပြီး မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်း တခုလုံးနီးပါး အီတလီတို့ ဖိကစားထားနိုင်ပေမယ့် တိုက်စစ်မှူးတွေ ဂိုးပေါက်ပျောက်နေခဲ့ကြပါတယ်။ ကံကောင်းလို့ ပင်နယ်တီရပြီး တဂိုးစီနဲ့ သရေကျခဲ့တာလို့တောင် ပြောနိုင်ပါတယ်။ ၂ ပွဲဆက် သရေကျလို့ အီတလီအသင်းအဖို့ နောက်တဆင့်တက်ရေး ရုန်းကန်ရပါလိမ့်မယ်။
လက်ရှိ အုပ်စု (အက်ဖ်) အမှတ်ပေး ဇယားမှာ ပါရာဂွေးက ၄ မှတ်နဲ့ ဦးဆောင်နေပြီး အီတလီနဲ့ နယူးဇီလန်တို့ ၂ မှတ်စီနဲ့ ဒုတိယ၊ စလိုဗက်ကီးယားက ၁ မှတ်နဲ့ နောက်ဆုံးကနေ လိုက်နေပါတယ်။
အီတလီဟာ အုပ်စု နောက်ဆုံးပွဲစဉ်မှာ စလိုဗက်ကီးယားကို အနိုင်ကစားနိုင်မှ နောက်တဆင့်ကို မျှော်လင့်နိုင်မှာပါ။
No comments:
Post a Comment