Thursday, June 24, 2010

. .

ကွန်တိန်နာယာဉ်ကြီး အစီး ၁၀၀၀ ခန့် ရပ်နားနိုင်သည့် ယာဉ်ရပ်နား စခန်းကို ဒဂုံဆိပ်ကမ်းစက်မှုမြို့တွင် စတင်တည်ဆောက်

ကွန်တိန်နာတင်ယာဉ်ကြီး အစီး ၁၀၀၀ ခန့် ရပ်နားနိုင်သည့် ယာဉ်ရပ်နားစခန်း တစ်ခုကို ဒဂုံဆိပ်ကမ်း စက်မှုမြို့အတွင်း စတင်တည်ဆောက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပေ ၄၀ ကွန်တိန်နာတင် ယာဉ်ကြီးများကြောင့် မြို့တွင်းလမ်းများ ပျက်စီးခြင်း၊ ကွန်တိန်နာပြုတ်ကျ၍ သော်လည်းကောင်း သစ်လုံးများ ပြုတ်ကျ၍သော်လည်းကောင်း ယာဉ်အန္တရာယ်ဖြစ်မှုများ ရှိနေကြောင်း ထို့အတွက် ယခုကဲ့သို့ သီးသန့်ယာဉ်ရပ်နားဝင်း ပေါ်ပေါက်လာပါက အဆိုပါ အခက်အခဲများကို အနည်းနှင့်အများ ပြေလည်စေနိုင်ကြောင်းလည်း တာ ၀န်ရှိသူများက ပြောကြားခဲ့ကြသည်။

'' အခု ကွန်တိန်နာတင်တဲ့ ယာဉ်ကြီးတွေဆိုရင် ကားပါကင်ပြဿနာရှိလို့ လူနေရပ်ကွက် လမ်းတွေထဲထိုးထားတာနဲ့ လမ်းမကြီးဘေးတွေမှာ အဆင်ပြေသလို ရပ်ထားရတာနဲ့ တချို့ဆို မြို့စွန်တွေဘက်ထွက်ပြီး ရပ်နေရတာနဲ့ အဆင်ပြေသလို


ကြည့်လုပ်နေရတဲ့ အနေအထားပါ။ နောက် အဲဒီကားကြီးတွေက ပို့ကုန်တစ်ခုပို့တော့မယ်ဆိုရင် ကွန်တိန်နာအခွန်ကို မြို့ထဲကဆိပ်ကမ်းမှာ တစ်ကြိမ်သွားယူရတယ်။ နောက်ကုန်ပစ္စည်းကို စက်မှုဇုန်မှာလာထည့်ပြီး တစ်ခါ ဆိပ်ကမ်းကို တစ်ကြိမ်ပြန်သွားရတယ်။ အဲဒီဆိပ်ကမ်းကနေတစ်ခါ နားရမယ့်နေရာကို ပြန်ရပြန်ရော။ တစ်ကြိမ်ကုန်ပို့ဖို့အတွက် အခေါက်ခေါက် အခါခါမြို့ထဲလမ်းတွေကို သုံးနေရ တော့ လမ်းပျက်စီးမှုမြန်တာပေါ့။ ဒီကြားထဲ ကွန်တိန်နာတင်ယာဉ် တိမ်းစောင်းပြီးမှောက်လို့ပဲဖြစ်ဖြစ်၊ သစ်လုံးတင်တာ ပြုတ်ကျလို့ပဲဖြစ်ဖြစ် အန္တရာယ်ဖြစ်တာ ရှိသေးတယ်။ အခုလို သီးသန့် ကားရပ်နားစခန်းရှိလာ တဲ့အတွက် အဲဒီပြဿနာတွေကို အနည်းနဲ့အများတော့ သက်သာစေမှာပါ။ ဒီဝင်းထဲမှာ လာရပ်တဲ့ကားတွေအတွက် ဆီအလွယ်တကူ ၀ယ်နိုင်အောင်၊ ယာဉ်ကြံ့ခိုင်မှုအတွက် အလွယ်တကူ ပြင်ဆင်နိုင်အောင်၊ လုံခြုံအောင်စီစဉ် ထားပါတယ်''ဟု ဒဂုံဆိပ်ကမ်းစက်မှု ဇုန်စီခံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးလွင်က ရှင်းပြခဲ့သည်။
'' ကွန်တိန်နာယာဉ်ပဲရပ်ပြီး အခွံလွတ်တွေ ထားတဲ့နေရာမရှိရင်လည်း တကယ့်လုပ်ငန်းမှာ မထိရောက်ပါဘူး။ ဥပမာ-အခု စက်မှု ဇုန်ကနေ ကုန်စည်တစ်ခုပြည်ပကို ပို့ဖို့အတွက် သယ်ယူစရိတ်စုစုပေါင်း က ကျပ်လေးသိန်းနီးပါး ကုန်ကျတယ်။ ကွန်တိန်နာအခွံကို ဆိပ်ကမ်းမှာ သွားယူရတယ်။ စက်မှုဇုန်မှာ ပြန်ပြီးပစ္စည်းထည့်ရတယ်။ တစ်ခါ ဆိပ်ကမ်းကို ပြန်ပို့ရတယ်။ အခု ကျွန်တော်တို့ ယာဉ်ရပ်နားစခန်းမှာ ကွန်တိန်နာရောယာဉ်ရော တစ်နေရာထဲမှာရှိရင် စက်မှုဇုန်တွေက ကုန်ပစ္စည်းတွေကို တစ်ခေါက်တည်းနဲ့တင်ပြီး ဆိပ်ကမ်းကိုတစ်ကြိမ်ပဲ သွားပို့ရတော့မယ့်အတွက် သယ် ယူစရိတ်က ကျပ်တစ်သိန်းခွဲလောက်ပဲ ကုန်မယ်ဆိုတော့ လုပ်ငန်းရှင်တွေအနေနဲ့ သယ်ယူစရိတ်ကို အရင်ကထက် နှစ်ဆနီးပါးလျော့ချနိုင်ပါလိမ့်မယ်။ အဲဒီအတွက် ယာဉ်ရပ်နားစခန်းအပြင် ကွန်တိန်နာအလွတ် တွေပါ တွဲဖက်ထားနိုင်ခွင့်ကို တင်ပြထားတာပါ။ ဒီဝင်းကြီးကိုတော့ ဒဂုံဆိပ်ကမ်း အပြည်ပြည်ဆိုင်ရာ ၀န်ဆောင်မှု ကုမ္ပဏီလီမိတက်က တာဝန်ယူတည်ထောင်တာပါ'' ဟု ၄င်း က ဆက်လက်ရှင်းပြခဲ့ပါသည်။

No comments:

Post a Comment