Saturday, June 26, 2010

. .

“အင်္ဂလန်ကို ချေမှုန်း ပစ်လိုက်နိုင်တယ်”ဟု ဂျာမနီ နည်းပြပြော

ဘစောတင် Saturday, June 26, 2010
E-mail Print
အင်္ဂလန် အသင်းကို ရှုံးထွက် အဆင့်တွင် ချေမှုန်းပစ်မည်ဟု ပြိုင်ဘက်ဟောင်း ဂျာမနီအသင်း နည်းပြက ပြောကြား လိုက်သည်။

လက်ရှိ အခြေအနေတွင် မိမိတို့ အသင်းအနေဖြင့် ခြေစွမ်း အကောင်းဆုံး ဖြစ်နေကြောင်း၊ မည်သည့်အသင်းကိုမှ မှုစရာ မလို ကြောင်း ဂျာမနီနည်းပြ ဂျိုး အာချင်လိုးက ပြောကြောင်း Goal.com အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။
“အင်္ဂလန်အသင်း ကျနော်တို့ အသင်းကို လေးစားရမယ်၊ သူတို့ကို ချေမှုန်း ပစ်လိုက် နိုင်တယ် ဆိုတာကို သူတို့ သိထားရမယ်”ဟု ၎င်းက ဆိုသည်။

အင်္ဂလန် အသင်းသည် အုပ်စု (ဂ) တွင် အုပ်စု ဒုတိယသာ ရခဲ့သောကြောင့် အုပ်စု (ဃ) မှ အုပ်စု ပထမ ရသည့် ဂျာမနီ အသင်းနှင့် တွေ့ဆုံ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဒဏ်ရာရရှိ သွားသဖြင့် မပါဝင်နိုင် တော့သည့် ဂျာမနီ အသင်း ခေါင်းဆောင်ဟောင်း မိုက်ကယ် ဘောလက် ကမူ အင်္ဂလန် နည်းပြ ကာပယ်လိုသည် အတွေ့အကြုံ ရင့်ကျက်သူ နည်းပြတဦး ဖြစ်ပြီး ကစားသမား များသည်လည်း အောင်မြင်မှုကို ဆာလောင်နေသူ များဖြစ်သည့်အတွက် ဂျာမနီအသင်းအနေဖြင့် လျှော့မတွက်ရန် သတိပေးထားသည်။

အလားတူ အင်္ဂလန်နောက်တန်းလူ ဂျွန်တယ်ရီမှာ အောင်မြင်မှုကို အမြဲတမ်းရှာဖွေနေသူဖြစ်ပြီး နိုင်ငံတကာပွဲ အတွေ့အကြုံ များ ကြောင်း၊ တယ်ရီနှင့် စတီဗင် ဂျာရတ်၊ ဖရန့် လမ်းပတ် တို့သည် အင်္ဂလန်အသင်း၏ အဓိက မောင်းနှင်အားများဖြစ်သည့်အတွက် ၎င်းတို့အားလုံးကို သတိထားရမည်ဟု မိုက်ကယ်ဘောလက် က ဆက်လက်ပြောဆိုသည်။

အင်္ဂလန်နည်းပြ ကာပယ်လိုက“မနက်ဖြန် ဂျာမန်နဲ့ ပွဲမှာ မတူကွဲပြားခြားနားတဲ့ အတွေ့အကြုံတွေက ပိုပြီးလက်တွေ့ ကျတဲ့ အဖြေ တခုကို ပေးနိုင်မှာပါ”ဟု ဆိုသည်။

ယင်းအီတလီလူမျိုးနည်းပြ ကာပယ်လိုသည် အင်္ဂလန်အသင်းအား ကိုင်တွယ်ခဲ့စဉ်က ခြေစစ်ပွဲများကို အောင်မြင်စွာ ဖြတ်ကျော် နိုင် ခဲ့သည့်အတွက် အများ၏ ချီးကျူးမှုကို ခံခဲ့ရသော်လည်း မကြာသေးမီက ယှဉ်ပြိုင်ခဲ့သောပွဲစဉ်များတွင် သရေပွဲများသာ ဖြစ် ခဲ့သည့် အတွက် အင်္ဂလန်ပရိသတ်နှင့် ဂရေဟမ်တေလာ ကဲ့သို့သော ဘောလုံးသမားဟောင်းများအပြင် နောက်တန်းလူ ဂျွန် တယ်ရီ ကပါ ဝေဖန်ခဲ့ဖူးသည်။

အင်္ဂလန်အသင်းနှင့် ဂျာမနီအသင်းသည် ပွဲကစားချိန် မိနစ် ၉၀ အတွင်း အရှုံး အနိုင် အဖြေမပေါ်ခဲ့လျှင် ပင်နယ်တီကန်၍ အဆုံး အဖြတ် ခံယူရမည်ဖြစ်သည်။

အင်္ဂလန်အသင်းသည် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ပင်နယ်တီ၏ ခါးသီးသော အရသာကို ခံစားဖူးသည့်အတွက် ပွဲချိန် မိနစ် ၉၀ အတွင်း အနိုင်ကစားသွားမည်ဟု ဂိုးသမား ဒေးဗစ် ဂျိမ်းစ်က ပြောသည်။

“ဂျာမနီလို အရည်အချင်းပြည့်ပြီး တောင့်တင်းတဲ့အသင်းကို နိုင်အောင်ကန်မှာပါ၊ လွန်ခဲ့တဲ့ ၂ နှစ်က ဂျာမန်မြေမှာ နိုင်ခဲ့ဖူးပါတယ်” ဟုပြောသည်။

အင်္ဂလန်အသင်းသည် ပင်နယ်တီကန်ရာတွင် ကံကောင်းလေ့မရှိခဲ့ပေ၊ ယခု ပင်နယ်တီ ကန်ရန်တာဝန်ယူထားသူ ဖရန့် လမ်းပတ် သည်လည်း ပင်နယ်တီကန်ရာတွင် မကြာခဏ လွဲချော်တတ်သူဖြစ်သည်။ ယခင်ကလည်း နာမည်ကြီးကစားသမား ဒေးဗစ်ဘက် ခမ်းသည်လည်း ပင်နယ်တီကန်ရာတွင် လွဲချော်ခဲ့ဖူးသည်။

ဂျာမနီ၏ ဂန္ထ၀င် ဂိုးသမားဟောင်းကြီး အိုလီဗာခန်းက“ပင်နယ်တီဆိုတာ ဂိုးသမားနဲ့ ကစားသမားကြားက မမြင်နိုင်တဲ့ တိုက်ပွဲလေ၊ ကံကောင်းဖို့အပြင် အသေအချာ လေ့ကျင့်ဖို့လည်း လိုတာပေါ့၊ ဘယ်သူက ဘယ်လိုကန်တတ်တယ် ဆိုတာလည်း လေ့လာထားရ မယ်”ဟု ဆိုသည်။

ဂျာမနီအသင်းသည် မနက်ဖြန်တွင် အင်္ဂလန်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။်

No comments:

Post a Comment