Thursday, June 3, 2010

. .

ဈေးတွေမီးဆက်တိုက်လောင်နေပြီးဗျို့

မုံရွာ ချင်းတွင်း ရတနာဈေး မီးလောင်

ဇာနည်မာန် Thursday, June 03, 2010
စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ချင်းတွင်း ရတနာ ဈေးကြီးသည် ယနေ့နံနက် ၃ နာရီခန့်က မီးလောင်ကျွမ်း မှုကြောင့် ဆိုင်ခန်း ပေါင်း ၅၀၀ နီးပါး ပျက်စီး ဆုံးရှုံး သွားကြောင်း သတင်းရရှိသည်။

ယနေ့နံနက်တွင် မီးလောင်နေသည့် ချင်းတွင်းဈေးကို မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ - မိုးမခ)

“အခုက မီးကြွင်း မီးကျန် နည်းနည်း ကျန်တာ လိုက်ငြှိမ်း နေရတယ်၊ စလောင်တဲ့ အကြောင်းရင်းနဲ့ တန်ဖိုးကတော့ စုံစမ်းနေ တုန်းပဲ၊ အခု အကြမ်းဖျဉ်း ကတော့ ၄၇၂ ခန်း လောင်တယ်လို့ သိထား ရပါတယ်”ဟု မုံရွာ မြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိ သူ တဦးက ဧရာဝတီသို့ ပြောသည်။

မီးလောင်ရာသို့ မီးသတ်ကား၂၈ စီးဖြင့် ငြှိမ်းသတ် ပေးခဲ့ရသည် ဟုလည်း မုံရွာမီးသတ်က ပြောဆိုသည်။

ဈေးကြီးမှာ ချင်းတွင်းရတနာ နှင့် မြရတနာ ဟု နှစ်ပိုင်းခွဲထားရာ အရှေ့ဘက်ခြမ်း ချင်းတွင်းရတနာ တိုက်တန်း ပထမ ထပ် မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီ
း နံနက် ၈ နာရီခန့်တွင်မူ မီးညွန့်ကျိုးသွားကြောင်း၊ အောက်ထပ်တွင် ဆိုင်ခန်း၂၀၀၊ အပေါ် ထပ် တွင် ဆိုင်ခန်း ၂၀၀ ကျော် မီးလောင်ကျွမ်းသွားကြောင်း ဒေသခံများကဆိုသည်။
“မနက် ၂ နာရီကျော်ကျော်က စလောင်နေတယ်ထင်တာပဲ။ သိကြတာကတော့ မနက် ၃နာရီလောက်မှ သိကြတာ ၊ အဲဒီအချိန်ကျမှ ဈေးမျက်နှာစာက မှန်တွေပေါက်ထွက်သံတွေ ကြားမှ သိကြတာ ၊ ဈေးအပေါ်ထက် လျှပ်စစ်ဝါယာရှော့ ဖြစ်ရာကနေ စလောင်တယ်လို့ ပြောနေကြတာပဲ ၊ မနက် ၂ နာရီလောက်ကြီးမှာ မီးမလာစဖူးလာနေတယ်ဗျ"ဟု မုံရွာမြို့ခံ တဦးကပြောသည်။

ယနေ့မနက် ၂ နာရီခန့်တွင် မီးမလာစဘူး လာနေခဲ့ကြောင်း ဒေါနခြံ ၊ ဆူးလေကုန်း ၊ အောင်မင်္ဂလာ ၊ ရတနာပုံ ရပ်ကွက် သားများက ပြောဆိုကြသည်။
အောင်မင်္ဂလာ ရပ်ကွက်သားတဦးကလည်း“မုံရွာမှာက အလှည့်ကျမီးပေးစနစ်လုပ်လိုက်တာကြာပြီလေ ၊ ၂၀၀၃ခုနှစ်ထဲမှာ ဒေါ်စု မုံရွာလာတုန်းက တမြို့လုံးကို မီးဖြတ်ထားတဲ့အကြားက ဖယောင်းတိုင်တွေထွန်းပြီး ကြိုကြပြီးကတည်းက မုံရွာရပ်ကွက် တိုင်းမှာ နှစ်ရက်ခြားတခါပဲ မီးပေးတယ်။ ဒါတောင်တနေကုန်မဟုတ်ဘူး။ ညပိုင်းလေးပဲ"ဟု ပြောသည်။
ယင်း ဈေးမှ အထည်ဆိုင် ပိုင်ရှင် တဦးက“ဆိုင်ခန်းတွေက အပြင်ဘက်တန်းက သိန်း ၂၀၀ ကျော် ၃၀၀ လောက်ရှိတာ၊ အထည်ဆိုင်တွေ၊ စတီးပစ္စည်းဆိုင်တွေ၊ ပလတ်စတစ်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ လောင်သွားတယ်၊ ပစ္စည်းပါ အပါဆိုရင် သိန်း ၅၀၀ ကျော် လောက် ဆုံးရှုံးသွားတယ်”ဟု ပြောသည်။

အဆိုပါ ဈေးကြီးကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်က နှစ်ထပ်ဈေးအဖြစ် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဈေးသူ ဈေး သား များက ပြောပြသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ မင်္ဂလာဈေး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ယင်း မီးလောင်မှုကြောင့် ပြည်သူ ၁ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက် မရှိကြောင်း၊ အလှကုန်ပစ္စည်းနှင့် ဆေးဝါး အရောင်း ဆိုင်ခန်း ၇၉၇ ခန်း၊ အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင်ပေါင်း ၄၈ ဆိုင် မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ ပစ္စည်း ဆုံးရှုံးမှု ခန့်မှန်းခြေ တန်ဖိုး ကျပ် သိန်းပေါင်း (၂၀၉၂၆၃)သိန်း ဖြစ်ကြောင်း၊ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုမူ တွက်ချက် ဆဲဖြစ်ကြောင်း အစိုးရသတင်းစာတွင် ရေးသားထားသည်။
ဧရာဝတီ သတင်းထောက် မင်းနိုင်သူ ပူးပေါင်း ရေးသားသည်။
မုံရွာဈေးကြီး မီးလောင်မှု ဖြစ်ပွား
မိုးမခအထောက်တော်၊ ရန်ကုန်
ဇွန် ၃၊ ၂ဝ၁ဝ
 မီးငြှိမ်းသတ်နေပုံကို ၀ိုင်းအုံကြည့်နေကြစဉ် (ဓာတ်ပုံများ - ချင်းတွင်းနတ်သမီး)

မုံရွာမြို့ ချင်းတွင်း ရတနာဈေး မီးလောင်ကျွမ်းလျက်ရှိရာ ယခု အချိန်အထိ ငြှိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ဆိုင်ခန်း ၂ တန်း ကုန်သွားတယ်လို့ ပြောတယ်” ဟု ဒေသခံတဦးက ပြောသည်။

ယနေ့ နံနက် ၂း၃၀ နာရီခန့်က အစပြု လောင်ကျွမ်းသည်ဟု ဆိုသည်။

မည်သည့်အတွက်ကြောင့် မီးလောင်မှု ဖြစ်ပွားရသည်ကို မသိရသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြန်မာပြည်၏ အကြီးဆုံး လက်ကား ဈေးကြီး တခုဖြစ်သော ရန်ကုန်မှ မင်္ဂလာဈေး မီးလောင်ကျွမ်းခဲ့သည်။

မြန်မာနိုင်ငံတွင် ဈေးကြီးများ မကြာခဏ လောင်ကျွမ်းလျက်ရှိသည်။

ဆုံးရှုံးမှု ကြီးသည့် မီးလောင်မှုများ

ရန်ကုန် မင်္ဂလာဈေး - ၂၀၁၀ မေ (ပျက်စီးသည့် ဆိုင်ခန်းပေါင်း ၈၄၅ ခန်း )

မော်လမြိုင်မြို့ မြို့မဈေးကြီး - ၂၀၀၈ ဒီဇင်ဘာ ( ၁၁၂၄ ခန်း )

ရန်ကုန် သင်္ဃန်းကျွန်း ဈေးကြီး - ၂၀၁၀ ဖေဖော်ဝါရီ (၆၅၁ ခန်း)

မန္တလေး ရတနာပုံဈေး - ၂၀၀၈ ဖေဖော်ဝါရီ (၁၅၂၁ ခန်း)

No comments:

Post a Comment