Tuesday, June 29, 2010

. .

သမိုင်းမော်ကွန်းဝင် သစ်ပင်ကြီးများ


ယနေ့ ၂၈.၆.၂၀၁၀ (တနင်္လာ)နေ့တွင် MONSOON Nursery & landscape Group မှ အုပ်ချုပ်သူ ဦးကြည်စိုးနှင့် ပန်းဥယျာဉ် ဒီဇိုင်းအင်ဂျင်နီရာ ဦးသိမ်းဦး တို့မှ နာရေးကူညီမှုအသင်း (ရန်ကုန်) မြောက်ဒဂုံမြို့နယ် ရုံးချုပ်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း အဆောက်အဦးရှေ့ မြေကွက်လပ်တွင် မြက်ခင်းနှင့် အလှပင်များကို လာရောက် ကုသိုလ်ဖြစ် လှူဒါန်းစိုက်ပျိုး ပေးခဲ့ပါသည်။

ကုသိုလ်ဖြစ် လာရောက်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက် ငွေလှူဒါန်းကြသော အလှူရှင်များ၊ အခမဲ့ ဆေးဝါး လာရောက်ကုသကြသော လူနာများ၊ နာရေးကိစ္စလာရောက် အကူအညီတောင်းခံကြသော (၇)ရက် သားသမီးအပေါင်းအား နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ခြံဝင်းထဲသို့ ၀င်ရောက်လာသည်နှင့် စိတ်ကြည်နူး ရွှင်လန်း ငြိမ်းချမ်း သွားစေလိုသော ဆန္ဒနှင့် မိမိတို့တွင် တွယ်ငြိလာသော အပူများ၊ သောကများ လျော့ပါး ကင်းဝေး သွားစေရန် ရည်ရွယ်ပါသည်။

ဆက်လက်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) ဈာပန ရုံးခန်း အဆောက်အဦး တည်ဆောက်မည့် မြေကွက်လပ် အလွတ်များတွင်လည်း မြန်မာနိုင်ငံရှိ အထင်ကရ ပုဂ္ဂိုလ်ကျော်များ၏ အမည်နာမများနှင့် ကိုက်ညီမည့် သမိုင်း မော်ကွန်းဝင် အထိမ်းအမှတ် အရိပ်ရသစ်ပင်ကြီးများကိုလည်း စိုက်ပျိုးသွားမည်ဟု ဥက္ကဌ ဦးကျော်သူမှ MONSOON Nursery & landscape Group အုပ်ချုပ်သူ ဦးကြည်စိုး၊ ပန်းဥယျာဉ် ဒီဇိုင်းအင်ဂျင်နီရာ ဦးသိမ်းဦးတို့နှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။

ထိုကြောင့် အနာဂတ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ကြွရောက်လာကြမည့် ဧည့်သည်တော်များ၊ အလှူရှင်များ၊ လူနာများ၊ နာရေးရှင်များ၊ မျိုးဆက်သစ် ကလေးငယ်များနှင့် လေ့လာသူ အပေါင်းတို့အတွက် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သည် အေးချမ်း သာယာ စိုပြေသည့် ငြိမ်းချမ်းသော ကမ္ဘာသစ်ကလေးတစ်ခု ဖြစ်ပေတော့မည်။

ကိုကျော်သူ

No comments:

Post a Comment