Monday, June 28, 2010

. .

ခွေးပါတီအကြောင်း

”ထူးဆန်းသော အဖွဲ့ကြီး “-
(မျိုးဆက်သွေး)-
(မျိုးဆက်သွေးရဲ့ ပြည်ခိုင်ဖြိုး=(ကြံ့ဖွတ်အဖွဲ့) အပေါ် သုံးသပ်ချက် ဆောင်းပါး ဖြစ်ပါတယ်။)
ပို့စ်ခေါင်းစဉ်ကို ကြည့်ပြီး မျိုးဆက် တစ်ယောက် ဆရာကြီး ရွှေဥဒေါင်းလို၊ ဆရာကြီး ဒဂုန်ရွှေမျှားလို၊ မင်းသိင်္ခလိုလို စာတွေ ရေးနေပြီလို့ မထင်နဲ့ဗျို့၊ ကျုပ်တို့ နိုင်ငံက အင်မတန်မှ ထူးဆန်းတဲ့ အဖွဲ့ကြီး အကြောင်း ပြောချင်လို့ တပ်လိုက်တာပါ။

ကြံ့ဖွံ့လို့ တစ်မျိုး၊ ပြည်ခိုင်ဖြိုးလို့ တစ်သွယ်၊ ကြံ့ခိုင်ရေးလို့ တနည်းသိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်း ဆိုတဲ့ အဖွဲ့ကြီး မြန်မာနိုင်ငံရေးမှာ လူစွာ လုပ်လာတာ ဆယ်ငါးနှစ်လောက် ရှိပြီ။ သူတို့ ပြောသလို ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးမယ့် လူမှုရေး အသင်းကြီးက တကယ်တော့ စိတ်တူ ကိုယ်တူ သူတွေ စုစည်းဖွဲ့တာ မဟုတ်ဘဲ စစ်တပ်က ဥုံဖွ ဆိုလို့ ပေါ်လာတဲ့ အဖွဲ့ကြီး ဖြစ်တယ်။်


စစ်တပ်က ဖွဲ့ပေးတဲ့ အဖွဲ့ ဖြစ်တော့ ပေါ်လာထဲက အမြီး အမောက် မတည့် တာတွေ အတော် တွေ့ရသဗျ။ အမြီးအမောက် မတည့်တာ ဆိုတာက မြို့နယ်တွေမှာ လူတွင် ကျယ်လုပ်ပြီး အခမ်းအနား တက်နေတဲ့ ကြံ့ဖွံ့တွေကို ပြောတာ မဟုတ်ဘူး။ ဒီမောင်တွေ အမြီးအမောက် မတည့်တာ လူတိုင်း သိပြီး ဖြစ်နေတာကိုး။

ပြောချင်တာက အဲဒီအဖွဲ့ကြီး ထိပ်ပိုင်းအကြောင်း၊ ဒီကြံ့ဖွဲ့အဖွဲ့ကြီးဟာ ဘယ်တုံးကမှ မတွေ့ဘူးတဲ့ ဖွဲ့စည်းပုံနဲ့ ဖွဲ့ထားတယ် ဆိုတဲ့ အကြောင်း၊ လူမှုရေးအဖွဲ့ ဖြစ်ဖြစ်၊ ဖောင်ဒေးရှင်း ဖြစ်ဖြစ်၊ မြို့နယ်အသင်း ဖြစ်ဖြစ်၊ ဆွမ်းလောင်း အသင်း ဖြစ်ဖြစ် သိတဲ့အတိုင်း ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး ဆိုတာရှိမယ်။ ပြီးရင် လူကြီး သူမတွေကို နာယက အဖြစ် ထားမယ်။
ဒီလိုဖွဲ့လေ့ ရှိတယ် မဟုတ်လား၊ ကြံ့ဖွံ့လည်း ဒီလိုပဲ နာယက ရှိတယ်။ အတွင်းရေးမှူး ရှိတယ်။
အဲ ထူးဆန်း တာက ဥက္ကဌ မရှိဘူး။ ဒုဥက္ကဌဘဲ ရှိတယ်။
ကြည့်ရတာ နအဖ ဥက္ကဌနဲ့ ပုခုံးခြင်း ယှဉ်သလို ဖြစ်မှာဆိုလို့ ထင်တယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်ကြီး စိုးဝင်း ၊ အခု ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ဟာ ကြံ့ဖွံ့ ဒုဥက္ကဌ ဆိုတဲ့ ရာထူးပဲ ယူရဲရှာတယ်။
ဒါတောင် တကယ် ရှေ့ထွက် လုပ်တော့ အတွင်းရေးမှူး ဗိုလ်ချုပ် ဌေးဦးတို့ပဲ လုပ်ရတာပါ။

ကြံ့ဖွံကို လာလည်တဲ့ နိုင်ငံခြား ဧည့်သည်တောင် ဒုဥက္ကဌ ရာထူးနဲ့ လက်ခံ မတွေ့ရဲရှာဘူး။ ခင်ဗျားတို့ ဒီလို အသင်းအဖွဲ့ ဖွဲ့ပုံမျိုး ကမ္ဘာမှာ ထမင်းထုတ်နဲ့ လှည့်ရှာလို့တောင် တွေ့မယ် မထင်ဘူး။
နောက်ပြီး အတွင်းရေးမှူး ဆိုတာကလည်း ၀န်ကြီးတွေနဲ့ ဖွဲ့ထား၊ ၀န်ကြီး အချင်းချင်း အကြော မခံချင်တာနဲ့ အားလုံးကို အတွင်းရေးမှူး ဆိုပြီး ပေးထားတာ သတင်းစာထဲ ဖတ်ရသလောက် လူနှစ်ဆယ် လောက် ရှိမယ်ထင်တယ်။
ကမ္ဘာပေါ်မှာ အတွင်းရေးမှူး အများဆုံး အဖွဲ့ကြီးလို့တောင် ပြောလို့ရတယ်။ နောက်ပြီး အဲဒီ အဖွဲ့ထိပ်ပိုင်းမှာ ဘယ်အရပ်သားမှ မပါဘူး၊ ဒီတော့ ဒီအဖွဲ့ဟာ ဘာအဖွဲ့လည်း၊ လူထု အတွက်လား၊ လူတစ်ဦး အတွက်လား ဆိုတာ ထင်ရှား မနေပေဘူးလား။ အဲဒီ အဖွဲ့မျိုးကို ××××××××××××

ကဲ အခု ဒီအဖွဲ့ကပဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဆိုပြီး ကြံ့ဖွံ့ပါတီ ထောင်လိုက်တယ်။ အခြေခ ဥပဒေ ပေါ်လာ ကထဲက နိုင်ငံရေး လောကမှာ ဟိုလူက ပါတီဖွဲ့မယ်၊
ဒီလူက ပါတီဖွဲ့မယ် အသံတွေ ပစ်နေချိန်မှာ ကြံ့ဖွံ့ကတောင် ဖွဲ့မယ်လည်း မပြော၊ မဖွဲ့ဘူးလည်း မပြော၊ ရေငုံနှုတ်ပိတ်ပဲ။ မနှစ်က ကြံ့ဖွံ့ ညီလာခံ လုပ်တော့ ကျုပ်တို့တောင် ပါတီ ထောင်မယ့် အကြောင်းများ ကြားရမလားလို့ သတင်းစာ ပြေးဖတ်ရတာ အမော။
ဒါပေမယ့် နှစ်စဉ် လုပ်နေကြ အတိုင်း ဖွံ့ဖြိုးရေး ယောင်ယောင်၊ လူမှုရေး ယောင်ယောင် တောင်တောင် အီအီတွေ ပြောပြီး ပြီးသွားတာပဲ။
ဖွဲ့ချင်တော့လည်း ဘာမပြော ညာမပြောနဲ့ သတင်းစာထဲမှာ ဦးသိန်းစိန် ခေါင်းဆောင်ပြီး ပါတီထောင်ခွင့် လျှောက်တယ် ဆိုပြီးပါလာရော။
အဲဒါကြောင့် ထူးဆန်းသော အဖွဲ့ကြီးလို့ ပြောလိုက်တာပဲ။ ဘယ်နှယ်ဗျာ မြို့နယ် အသင်း တစ်သင်း တောင်မှာ ရှေ့နှစ် ဘာလုပ်မယ်၊ ပြီးခဲ့တဲ့နှစ်က ဘာလုပ်ခဲ့တယ် ဆိုတာ နှစ်ပတ်လည် အစည်းအဝေးမှာ ပြောရသဗျ၊
ဝင်ငွေ ရှင်းတမ်းလေး၊ ဘာလေး လုပ်ရသဗျ၊ ကြံ့ဖွံ့ နှစ်ပတ်လည် ညီလာခံ သတင်းတွေ ဖတ်ကြည့်ပါလား။ ဘာရှင်းတမ်း၊ ဘာလမ်း စဉ်မှ ပြောတာ၊ အစီရင်ခံတာ၊ ဆွေးနွေးတာ မတွေ့ဘူး၊ ၀န်ကြီး၊ ၀န်လေးတွေ မိန့်ခွန်းပြော၊ သူတို့ လုပ်တာ မဟုတ်တဲ့ တံတား ဖောက်တာ၊ လမ်းဖောက် တာတွေကို ချီးမွမ်းခန်းဖွင့်၊ နာယက တာဝန်ယူတဲ့ ဗိုလ်ချုပ်မှူးကြီးက မိန့်ခွန်း တစ်ခါပြော၊ ညစာကျွေး ပြီးပြီ။
အခုလို ပါတီထောင်မယ် ဆိုတာများ မနှစ်က ညီလာခံမှ လေသံတောင် မဟခဲ့ဘူး။ တကယ့် အသင်းအဖွဲ့ အစစ်အမှန်သာဆို ရင် ကျုပ်တို့တော့ နောင်တစ်ချိန်ကျရင် ပါတီထောင်မှာ၊ ခင်ဗျားတို့ သဘောတူသလား၊ ဘာညာ လေးတော့ ပြောသင့်တာ ပေါ့။ အခု ပါတီ ထောင်မယ်လို့ ဆုံးဖြတ်တော့လည်း ညီလာခံမှ ဆုံးဖြတ်တာမဟုတ်ဘဲ၊ ထိပ်ပိုင်းက လက်သိပ်ထိုး ဆုံးဖြတ် လိုက်တယ် ဆိုတာကို တွေ့နိုင်တယ်။
အရေးပေါ် လုပ်ရတယ် ဆိုရင်လည်း ဒီဆုံးဖြတ်ချက် အတွက် ညီလာခံ ခေါ်ပြီး အတည် ပြုရမယ်။ အခုလုပ်ချ လိုက်ပုံက နိုင်ငံကို ကိုယ်စား ပြုတယ်။ အဖွဲ့ဝင် သန်းနှစ်ဆယ် ကျော်တယ် ဆိုပြီး ( ကျုပ်တောင် ပါသေး၊ ရယက ကနေပြီး အိမ်ထောင်စု စာရင်းဝင် အားလုံးကို အသင်းဝင် လုပ်ရမယ် ဆိုလို့လေ၊ )
ဒီသန်းနှစ်ဆယ်ကျော် အတွက် ဘာမှ ရှင်းပြတာ မရှိ၊ မျက်နှာလွဲ ခဲပစ် လုပ်လိုက်တာပဲ။ ရိုင်းရိုင်း ပြောရရင် ××××××××××
အခု ကျုပ်တို့ အရပ်ထဲက ကြံ့ဖွံ့ဆိုတဲ့ မောင်တွေတောင်၊ အခု ဆိုင်းဘုတ်ထောင် ထားတဲ့ အသင်းနဲ့ နောက်ပေါ်မယ့် ပါတီ တူသလား၊ တစ်ခြားစီလား၊ ဆိုင်းဘုတ် ပြောင်းရ တော့မလား မသိဘူး၊ မြို့နယ် မေးတော့ တိုင်းမေးလို့ ဆိုသဗျ၊ တိုင်းမေး တော့ ဌာနချုပ်က ဘာမှ မပြောသေးဘူး၊ အမတ်လောင်း ရှာထားလို့ပဲ ဆိုသတဲ့။
အဘ (သူတို့ နယ်တာဝန်ခံ ၀န်ကြီး) လာမှ ပြောမယ် ထင်တယ်လို့ ဖြေသဗျာ။ ဦးဌေးဦးကတော့ အမေရိကန် ၀န်ကြီးကို ပါတီက အသင်းကြီး အမွေကို ခံထား တာပါလို့ ယောင်ဝါးဝါး ဖြေတာတော့ သတင်းစာထဲ ဖတ်လိုက်ရတယ်။ နောက်ပြီး ၀န်ထမ်းတွေ၊ ကျောင်းသားတွေကို ပါတီထဲမှာ မစည်းရုံး ပါဘူးလို့ ပြောတယ်။ ဒါဆိုရင် လူမှုရေး အသင်းအဖြစ်နဲ့ နိုင်ငံတော်က မတည် ပေးခဲ့တဲ့ ငွေတွေကို ဘယ်သူက အမွေခံမှာလဲ၊ ကြံ့ဖွံ့ စီးပွားရေး လုပ်ငန်းတွေကို လူမှုရေး လုပ်ငန်း ဖြစ်လို့ အခွန် ကင်းလွတ်ခွင့် ပေးခဲ့တယ်လို့ ကြားတယ်။
ဒါ မှန်တယ်ဆိုရင် အဲဒီ သက်သာ သွားတဲ့ ငွေတွေကို ပါတီက ဆက်ယူမှာလား၊ ဘယ်မူနဲ့ လုပ်မှာလဲ၊ ညီလာခံ တက်ခဲ့တဲ့ မောင်တွေလည်း ဘာမှ မသိဘူး။ ယောင်နနပဲ။ ညီလာခံမှာ သူတို့ကို ဘယ်သူမှလည်း အဖက်လုပ် မပြောခဲ့ဘူး။

ဖြစ်သွားပုံ ကြည့်ရတာ ၀န်ကြီးတွေတောင် ပါတီ ဘယ်လို ထောင်မလဲ၊ ပါတီ နံမည်ဘာလဲ ဆိုတာတောင် သိပုံမရဘူး။
စက်မှုဝန်ကြီး ဦးအောင်သောင်း၊ ဟိုတယ် ၀န်ကြီး ဗိုလ်ချုပ် စိုးနိုင်တို့ဆိုရင် နှစ်ဆန်းပိုင်းတုံးက နှုတ်ဆက် စကားတွေပြော၊ ၀န်ထမ်းတွေကို လက်ဆောင် ပေးတောင် လုပ်နေတယ် ဆိုပဲ။
ဒ့ါကြောင့်လည်း ၀န်ကြီး တစ်ပါးကို ဌာန သုံးခုလောက် ကိုင်မယ်၊ ကျန်တဲ့ လူတွေ ထွက်ပြီး ပါတီ ထောင်မယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်မယ်။
ဒါ့ပေမယ့် နောက်ဆုံးကျမှ ဆရာကြီးက ကဲကဲ ဒီအတိုင်း လုပ်ကြ၊ ပါတီ ဆိုင်းဘုတ် လေးနဲ့ စင်ပေါ်တက်ကြလို့ တွန်းတင် ပေးလိုက်ပုံ ရတယ်။
ဒါ့ကြောင့် ဦးဌေးဦး တစ်ယောက် အမေရိကန် ၀န်ကြီးကို ယောင်ဝါးဝါး ဖြေနေတာ ဖြစ်မယ်။
 အခု ပါတီ ထောင်ပြီး တာတောင် ပါတီမူဝါဒ ဆိုတာလည်း မသိရ၊ ပြောသံလည်း မကြားရ၊ မီဒီယာတွေပေါ် တက်ပြောဖို့ နေသာသာ၊ တိုင်းအဆင့် မောင်တွေတောင် သွားမေးကြည့် ဘာမှမသိဘူး။
ထွက်ထွက် ဆိုလို့သာ ထွက်လာရတယ်၊ ကိုယ့်ကို ကိုယ်တောင် ဘီလူးလား၊ သကြားမင်းလား သိပုံမရပါ။ ကဲ ဒီတော့ ဒီကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့ အဖွဲ့ကြီးဟာ ဦးသန်းရွှေ တစ်ယောက်ထဲက သေဆိုသေ၊ ရှင်ဆိုရှင်၊ ထဆိုထ၊ ထိုင်ဆိုထိုင် အဖွဲ့ကြီး ဖြစ်မနေ ပေဘူးလား၊
ပါတီတစ်ခု၊ လူမှုရေး အသင်းအဖွဲ့ တစ်ခုမှာ ရှိရမယ့်၊ ရှိသင့်တဲ့ ပွင့်လင်းမှု ဆိုတာ ဘာမှ မရှိပါလား။ မိမိ ပါတီမူဝါဒကို လူထုကိုလည်း ချမပြ၊ ပါတီတွင်း မှာလည်း မပြော၊ မီဒီယာက မေးလို့လည်း မဖြေတဲ့ပါတီ ကမ္ဘာမှာ ရှာလို့ တွေ့နိုင်မယ် မထင်ဘူး။
မဆလ-တုံးက တောင် ပြောဖော်၊ မေးရင် ဖြေဖော် ရသေးတယ်ဗျာ။ အခုပါတီက ဘယ်လို ပါတီကြီးပါလိမ့်။

ဒီတော့ ဒီပါတီ၊ ဒီအဖွဲ့ကြီးဟာ ပါတီနဲ့ မတူဘဲ မျက်နှာဖုံးစွတ်တွေနဲ့ အစည်းအဝေးလုပ်၊ လျှို့ဝှက် သင်္ကေတတွေနဲ့ ဆက်သွယ်လေ့ ရှိတဲ့ စုံထောက် ၀တ္ထုတွေထဲက လျှို့ဝှက် အဖွဲ့ကြီးနဲ့ မတူပေဘူးလား။
ခေါင်းဆောင်တွေက လျှို့ဝှက် အစည်းအဝေးလုပ်၊ ခေါင်းဆောင်ကြီးက ဘာလုပ်လို့ ခိုင်း၊ ဂိုဏ်းထောက်တွေက အစည်းအဝေးက ပြန်လာရင် ဂိုဏ်းသား တွေကို မင်းဘယ်နေရာသွား၊ ဘာလုပ်လို့ ခိုင်းဆိုတဲ့ အချိုး ဖြစ်မနေဘူးလား၊
အခန့်သင့်ရင် ရွေးကောက်ပွဲ ကျရင်တောင် သူတို့ အမတ်လောင်း အမည်တွေကို လျှို့ဝှက်ထားပြီး မျက်နှာဖုံးစွတ်နဲ့ ၀င်ပြိုင် တာတောင် ဖြစ်နိုင်သေးတယ်။

ဒါ့ကြောင့်လည်း ကြံ့ဖွံ့ကို ထူးဆန်းသော အဖွဲ့ကြီးလို့ ပြောတာ လွန်မယ် မထင်ဘူး။ ဒီပါတီကနေ လွတ်လပ် ပွင့်လင်းတဲ့ ဒီမိုကရေစီ စနစ်ဆီကို ကျုပ်တို့ကို ခေါ်ဆောင် သွားမယ် ဆိုတာလည်း ယုံရခက်ကြီး ပါပဲဗျာ။
ဒါ့ကြောင့်လည်း ကိုယ့်အရပ်ကို အကျိုးပြု နိုင်မယ့် တစ်သီး ပုဂ္ဂလတွေ များများ ပေါ်ဖို့ လိုတယ်လို့ အရင် ပို့စ်တစ်ခုမှာ တိုက်တွန်းခဲ့တာပဲ။ အခုလည်း ဒီထူးဆန်းသော အဖွဲ့ကြီးကို ယှဉ်နိုင်မယ့် လူများ၊ ပါတီများ ပေါ်ဖို့ လိုပြီလို့ ထပ်တိုက်တွန်း လိုက်ပါတယ်။
ဒီနေရာမှာ မောင်ဝံသ ရေးသလိုပဲ အရင်က သဘောချင်း မတိုက်ဆိုင်ခဲ့တဲ့ နေ၀င်းမောင်ရဲ့ တစ်သီးပုဂ္ဂလ အမတ်များ ပေါ်ရေး တိုက်တွန်း ချက်ကိုတော့ သဘောကျပါကြောင်း ဗျို့ဟစ် လိုက်ရပါသဗျို့။
(မျိုးဆက်သွေး)

No comments:

Post a Comment