Friday, June 11, 2010

. .

အနာဂတ်နိုင်ငံခေါင်းဆောင်အတွက် သစ်ပင်စိုက်ကြခြင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သစ်ပင် ၂ သောင်းကျော် စိုက်မည်
ဖနိဒါ | ကြာသပတေးနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်နှင့် တိုင်းများ၌ သစ်ပင်ပေါင်း ၂၀၀၀၀ ကျော်အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် အန်အယ်ဒီ လူငယ်များက ယနေ့မှ စတင်၍ စိုက်ပျိုးသွားကြမည်ဟု သိရသည်။

အန်အယ်ဒီရုံးခွဲ မရှိသော ကယားပြည်နယ်မှလွဲရင် မြန်မာနိုင်ငံတဝှမ်း မြို့နယ် ၃၁၈ မြို့နယ်တွင် တမြို့လျှင် သစ်ပင် ၆၆ ပင်ကျစီ စိုက်ပျိုး၍ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် လက်ဆောင်ပေးသွားရန် လူငယ်များက စီစဉ်ထားသည်။

ဗမာလူမျိုး၏ အစဉ်အလာတခုအရ ၆၅ နှစ် ပြည့်မြောက်သည့် မွေးနေ့တွင် အသက် ၆၆ နှစ်ထဲ ဝင်ရောက်သည်ဆိုသော အယူဖြင့် သစ်ပင် ၆၆ ပင် စိုက်ပျိုးခြင်းဖြစ်သည်။

ဇွန် ၁၉ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သော သစ်ပင် ၂၀၉၈၈ ပင် စိုက်ပျိုးမည့် အစီအစဉ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအား ပြည်သူအများ ပိုမိုသိရှိစေရန်လည်း ဖြစ်သည်ဟု အန်အယ်ဒီ ဗဟိုဦးစီးအဖွဲ့ဝင် မဖြူဖြူသင်းက ပြောသည်။

ရန်ကုန်တိုင်း တောင်ဒဂုံ၊ လှိုင်သာယာ၊ တောင်ဥက္ကလာမြို့နယ်များတွင် အန်အယ်ဒီအဖွဲ့ဝင်များက မိမိနေအိမ်ဝန်းများအတွင်းနှင့် ပုဂ္ဂလိကပိုင်မြေများ၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွင် ပိတောက်၊ ကန့်ကော်၊ ခရေ၊ ကုက္ကိုလ်၊ ဗန်ဒါ စသည့် အရိပ်ရ အပင်များ ယနေ့ စိုက်ပျိုးကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မဖိတ်ဘဲရောက်လာခဲ့သူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောကို ဧည့်ခံမှုဖြင့် နေအိမ်တွင် ချုပ်နှောင်သော ၁၈ လထောင်ဒဏ်မှာ နိုဝင်ဘာလတွင် ကုန်ဆုံးမည်ဖြစ်၍ ယခုကျရောက်မည့် မွေးနေ့မှာ နေအိမ်တွင်းမှာသာ ကုန်ဆုံးရမည်ဖြစ်သည်။ ‘ကောင်းမွန်စွာ နေထိုင်လျှင်’ ကျန်ရှိသော ၁၈ လ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးမည်ဟု စစ်အစိုးရက ထုတ်ပြန်ထားသည်။

ပဲခူးမြို့တွင် လာမည့် ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် စိန်ပန်းပင် ၆၆ ပင်ကို စိုက်ပျိုးမည်ဟု အန်အယ်ဒီ ပဲခူးမြို့နယ် ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။

ရန်ကုန်အခြေစိုက် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း FREDA ဒုဥက္ကဋ္ဌ ဦးအုန်းက သစ်ပင်များကို တောတောင်နှင့် တောင်ကတုံးများတွင် “အင်နှင့် အားနှင့်” စိုက်ပျိုးသင့်သည်ဟု တိုက်တွန်းသည်။

“သစ်ပင်စိုက်တာတော့ ကောင်းတယ်။ ရှိပြီးသားသစ်ပင်တွေကို ထိန်းသိမ်းတာက ပိုကောင်းတယ်။ သစ်ပင်တပင်ကို ခုတ်ပြီး သစ်ပင်ပြန်စိုက်တယ်ဆိုတာက သဘာဝ အနေအထားတွေ ပျက်သွားတယ်။ သစ်တောက ရွာသမျှ မိုးရေကို စုတ်ထားတာ။ ရာသီဥတု မျှတတယ်။ သစ်တောမရှိတော့ မြေဆီလွာ တိုက်စားမှုတွေဖြစ်ပြီး ရာသီဥတု ဖျောက်ပြန်လာတယ်” ဟု ဦးအုန်းက ပြောသည်။

FREDA အဖွဲ့အနေဖြင့် ၁၉၉၉ ခုနှစ်မှစ၍ သစ်ပင်စိုက်ပျိုးခြင်းကို လုပ်ဆောင်လာခဲ့ပြီး နာဂစ်မုန်တိုင်းပြီးနောက် ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်း၌ ဧက ၃၀၀၀ ကျော် စိုက်ပြီးဖြစ်သည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံ၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၆၅၆ ၅၇၇ အနက် ၁၉၇၅ ခုတွင် သစ်တောဖုံးလွှမ်းဧရိယာ ၆၀ ရာခိုင်နှုန်း ရှိသော်လည်း ယခုနှစ်တွင်မူ ၄၁ ရာခိုင်နှုန်းသာရှိတော့သည်ဟု ကုလ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး FAO က ယခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်ထားသည်

No comments:

Post a Comment