Thursday, June 24, 2010

. .

မြန်မာဒုက္ခသည် ၃၈ ဦး ရိုမေးနီးယားလက်ခံ

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇွန်လ ၂၄ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၃ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မလေးရှားမှတဆင့် ရောက်ရှိလာသော မြန်မာနိုင်ငံသား ကချင်ဒုက္ခသည် ၃၈ ဦးကို လက်ခံလိုက်ရာ ရိုမေးနီးယားနိုင်ငံအနေဖြင့် ပထမဆုံးသော မြန်မာဒုက္ခသည်များ အခြေချနေထိုင်ခွင့် ပြုမှုဖြစ်သည်။

မလေးရှားတွင် ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီးရုံး UNHCR စောင့်ရှောက်မှုကို ၃ နှစ်ခန့် နေထိုင်ခဲ့ကြပြီးသော မြန်မာဒုက္ခသည်များသည် ရိုမေးနီးယားမြို့တော် Bucharest အရှေ့မြောက်ဘက် ၁၁၈ မိုင် (ကီလိုမီတာ ၁၉ဝ) ခန့်ရှိ Galati မြို့ Regional Centre သို့ ယခုလ ၁ ရက်နှင့် ၂ ရက်နေ့က နှစ်သုတ်ခွဲ ရောက်ရှိခဲ့ကြသည်။်

“သူတို့တွေကို ၁ နှစ်လောက် ထောက်ပံ့မယ်။ နောက်ပိုင်းလည်း စဉ်းစားပေးမှာပါ။ သူတို့တွေ ၄ နှစ်ခွဲ နေပြီးတော့မှ ရိုမေးနီးယား နိုင်ငံသားအဖြစ် အသိမှတ်ပြုမယ်” ဟု ရိုမေးနီးယားနိုင်ငံ NGO ညွှန်ကြားရေးမှူး Saimoila က မဇ္ဈိမကို ပြောသည်။

ရိုမေးနီးယားသည် နိုင်ငံခြားသား ဒုက္ခသည်များကို ၂ဝဝ၈ ခုနှစ်ကတည်းက စတင်လက်ခံခဲ့ရာ ယခုနှစ်အတွက် လျာထားသည့် ဒုက္ခသည် ၄ဝ အတွက် မြန်မာနိုင်ငံသားများကိုသာ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ကျန် ၂ ဦးမှာ ဆေးစစ်ဆေးမှု မပြီးသေးသဖြင့် မလာနိုင်သေးခြင်းဖြစ်ကြောင်းနှင့် လာမည့်နှစ်တွင်မူ တခြားနိုင်ငံသား ဒုက္ခသည်များကိုသာ လက်မခံသွားမည်ဖြစ်ကြောင်း Saimoila က ပြောသည်။

ယခုလ ၁ ရက်နေ့တွင် ၂၃ ဦး၊ ၂ ရက်နေ့တွင် ၁၅ ဦး ရောက်ရှိသွားရာ အသက် ၁၂ နှစ်အောက် ကလေး ၈ ဦး၊ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၁၆ ဦးတို့ ဖြစ်သည်။

စတင်ရောက်ရှိသည့်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဌာန လဝက က ဒုက္ခသည်တဦးလျှင် ရိုမေးနီးယားငွေ ၅၄ လယ် (၁၅ အမေရိကန်ဒေါ်လာ) ကို ရက်သတ္တ ၂ ပတ်စာအတွက် ထုတ်ပေးကာ ထိုကဲ့သို့ ၂ ပတ်တကြိမ်ထုတ်ပေးမှုကို နောက်လကုန်အထိ ပေးသွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ Red Cross ကလည်း တဦးလျှင် ၂ လစာအဖြစ် ၃၅ဝ lei ကို အပြီးအပြတ် ထုတ်ပေးခဲ့ကြောင်း သိရသည်။

သြဂုတ်လမှ စတင်ကာ တလလျှင် Lei ၄ဝဝ နှုန်းဖြင့် တနှစ်စာ ထောက်ပံ့သွားမည်ဖြစ်ပြီး၊ ထို့နောက်တွင် ဆက်လက်ထောက်ပံ့ရေး မထောက်ပံ့ရေး စဉ်းစားပေးမည်ဖြစ်ကာ မထောက်ပံ့ပါက ကိုယ်တိုင်အလုပ်လုပ်၍ ရပ်တည်သွားရမည်ဖြစ်သည်။

ရိုမေးနီးယားသို့ ရောက်ရှိနေသူ ကချင်ဒုက္ခသည် အမျိုးသားတဦးက “အစားအသောက်က သူတို့ပေးတဲ့ ငွေတွေနဲ့ ကိုယ့်ဟာကို ဝယ်ရတယ်။ အိမ်ဌားခလည်း ပေးရမယ်တဲ့။ ဘယ်လောက်ကျမလဲ မသိဘူး။ နေရာအသစ်ပြောင်းလာတော့ ကျမ်းမာရေး မကောင်းကြဘူး။ စိုးရိမ်စရာတော့ မရှိဘူး။ ဘာသာစကား အခက်ခဲရှိတယ်။ ရိုမေးနီးယား စကားနဲ့ စာတွေ သင်နေတယ်” ဟု ပြောသည်။

နောက်ထပ် ဒုက္ခသည်တဦးက “ကျနော်တို့ ရည်မှန်းထားတဲ့ တတိယနိုင်ငံ ရောက်လာနိုင်တော့ ဝမ်းသာပါတယ်။ ထင်သလောက် ဒုတိယနိုင်ငံ မလေးရှားလောက်တောင် မဖွံ့ဖြိုးဘူး။ ကျနော်တို့ ဆန္ဒကတော့ ဒီမှာတင် နေသွားဖို့ မရှိဘူး။ တခြားနိုင်ငံကြီးတွေကို သွားဖို့ စိတ်ကူးထားတယ်။ ဒီမှာတင် အလုပ်လုပ်သွားရင် ဘဝရှေ့ရေး ကောင်းလာနိုင်စရာ မရှိဘူး။ အလုပ်လုပ်မယ်ဆိုရင်လည်း အခက်အခဲတယ်။ အလွယ်တကူ အလုပ်ရချင်ရင်တော့ အခုမြင်နေရတဲ့ လယ်ကွက်တွေမှာ လုပ်ရမယ်” ဟု ပြောသည်။

ရိုမေးနီးယားနိုင်ငံသည် နိုင်ငံမဲ့များအတွက် အရေးပေါ် ခိုလှုံရာအဖြစ် landmark Emergency Transit Centre ကို ၂ဝဝ၈ ခုနှစ်နောက်ပိုင်း Timisoara မြို့တွင် ဖွင့်လှစ်ခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် ဒုက္ခသည် ၉၄ ဦးကို စတင်လက်ခံခဲ့ရာ ယနေ့အထိဆိုလျှင် စုစုပေါင်း ၆ဝဝ ထက်မနည်း ရောက်ရှိနေပြီဖြစ်ကြောင်း ယခုလ ၈ ရက်နေ့ထုတ် UNHCR ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

No comments:

Post a Comment