Thursday, June 10, 2010

. .

ကျောင်းဖွင့်ရာသီ

ရွှေအိုးရှိမှ ပညာရ

မိုးယံ Wednesday, June 09, ဧရာဝတီ

“ဒေါင် … ဒေါင် … ဒေါင် … ” ဆိုသည့် ကျောင်းတက် ခေါင်းလောင်း ထိုးသံနှင့် အတူ စာသင်ကျောင်း အတွင်းသို့ ပြေးလွှား ဝင်ရောက် သွားသော အဖြူအစိမ်း ဝတ်ဆင်ထားသည့် ကျောင်းသူ ကျောင်းသား လေးများကို မျက်စိ တဆုံး ငေးမောပြီး ဒေါ်ဇင်မာဦး တယောက် သက်ပြင်း ချလိုက်မိသည်။

“ကလေးတွေ ဖတ်စာအုပ် မပါသွားဘူး။ ဈေး အရမ်းကြီးလို့ အပြင်မှာလည်း မဝယ်နိုင်ဘူး။ ကျောင်းကိုသာ ပို့လိုက်တာ၊ ဘာမှ မပြည့်စုံလို့ စိတ်မချ ဖြစ်နေတာ” ဟု ဒေါ်ဇင်မာဦးက ကျောင်းခြံစည်းရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဆိုသည်။


ဆင်ခြေဖုံး ကျောင်းတခုတွင် သူ၏သား ၃ ဦး ပညာသင်နိုင်ရေးသည် အသက် ၃၅ နှစ် အရွယ် ဒေါ်ဇင်မာဦး အတွက် မဟာ အခက်အခဲ ဖြစ်နေသည်။

ဤသောကမီးကို သူတယောက်တည်း ကြုံတွေ့နေရခြင်း မဟုတ်ပေ။

ကျောင်းသား မိခင်တဦးဖြစ်သူ ဒေါ်ဥမ္မာကလည်း “တောင်းလိုက်တာ၊ တောင်းလိုက်တာကို မပြောနဲ့။ ကျောင်း စ အပ်ကတည်းက အလှူငွေ မကောက်ဘူး ဆိုတဲ့ ဆိုင်းဘုတ် အောက်က နေပြီး ဘာကြေး ညာကြေးတွေ တောင်းတာ၊ တံမြက်စည်း ဝယ်ပေးပါ၊ သောက်ရေခွက် ဝယ်ပေးပါ ဆိုတာတွေနဲ့ တနှစ်လုံး နပန်းလုံးရပြီ” ဟု ပြောသည်။

ကျောင်းဖွင့်ချိန်တွင် မိဘများထံမှ ထွက်ပေါ်လာတတ်သည့် “အတန်းပိုင် ဆရာမက သူ့ဆီ ကျူရှင် မယူရင် ကလေးတွေကို မကြည်ဘူးတော်” ဟူသော အသံကို ဒေါ်ဥမ္မာ ထံမှလည်း ကြားရသည်။

ဤသို့ဖြင့် ငွေကြေး မြောက်မြားစွာ ရင်းနှီး မြှုပ်နှံရသော ပညာသင်နှစ် တခု အစပြုလေသည်။

ရန်ကုန်မြို့ရှိ ဆင်ခြေဖုံး ကျောင်းများတွင် ထိုသို့ ခက်ခဲနေသော်လည်း နာမည်ကြီးကျောင်းများတွင် ကျောင်းဝင်ခွင့် ရရန် ကျပ် ၃ သိန်း မှ ၁ဝ သိန်း ဝန်းကျင် သုံးရကြောင်း၊ ကျောင်းဝင်ခွင့် ရပြီး နောက်ဆက်တွဲ ကုန်ကျငွေ များစွာ ရှိကြောင်း သိရသည်။

“တဦးနဲ့ တဦးအပြိုင်ပေါ့၊ ကျောင်းမှာ လိုအပ်တာဆိုလည်း အပြိုင် လှူကြတယ်၊ ကျောင်းက အတန်းပိုင် ဆရာမဆီမှာ ကျူရှင် ထားတဲ့ အပြင်၊ အပြင်က နာမည်ကြီး စာကျက်ဝိုင်းတွေမှာလည်း ကျူရှင် ထားပေးကြရ တာ” ဟု နာမည်ကြီးကျောင်း ဒဂုံ အထက ၁ မှ ကျောင်းသားတဦး၏ မိခင် ဒေါ်တင်တင်ခိုင်က ရှင်းပြသည်။

ဒဂုံ အထက ၁ ကျောင်းသား မိဘတဦးက “သူ့အမေက အလှူငွေ ၃ သိန်း ထည့်သွားတယ်လေ၊ ကိုယ့်သားသမီး မျက်နှာ မငယ်အောင် ကိုယ်ကလည်း ၅ သိန်း လှူပစ်လိုက်တယ်” ဟု ပြောသည်။ ထိုကျောင်းတွင် သူကဲ့သို့ ယှဉ်ပြိုင် နေသော မိခင်များလည်း ရာနှင့်ချီ ရှိနေသည်။

ထိုသို့ ပြိုင်ဆိုင်နေစဉ် ရန်ကုန် ဆင်ခြေဖုံးမှ ဒေါ်ဇင်မာဦး တယောက် ဖတ်စာအုပ် တစုံအတွက် ကျပ် ၂၅ဝဝ အကုန် မခံနိုင်သောကြောင့် စိတ် မချမ်းမသာ ဖြစ်နေသည်။



“ကျောင်းမှာ ဖတ်စာအုပ် တစုံမှ ကျပ် ၉ဝဝ၊ ကျောင်းအပ်တဲ့နေ့က ဝယ်တော့ ဆရာမက အိမ်မှာထားခဲ့တယ်။ ကျောင်းဖွင့်မှ ဝယ်တော့ ဆိုလို့ ကျောင်းဖွင့်မှ ဝယ်တာ ကုန်သွားပြီတဲ့။ နောက်တသုတ်မှ ဝယ်တော့ တဲ့။ နောက်တသုတ်က နှစ်ဝက် ကျောင်းပိတ်ခါနီးမှ ရတာ၊ အပြင်မှာ ဈေးကြီးတယ်လေ” ဟု ဒေါ်ဇင်မာဦးက ဘေးတွင် ရောက်ရှိလာသော ကျောင်းသားမိဘ တယောက်ပြီး တယောက်ကို မမောတမ်း ပြောပြနေသည်။

အသက် ၅ဝ ဝန်းကျင်ရှိ အငြိမ်းစား ကျောင်းအုပ် ဆရာမကြီး တဦးကလည်း “ကျမတို့ ငယ်ငယ်က ပညာရေးလို မဟုတ်တော့ဘူး၊ အခုခေတ်က ငွေရှိမှ ပညာကောင်း သင်နိုင်တာ၊ ဒီခေတ် ဆရာတွေက ငွေတခုပဲ ကြည့်တာများတယ်” ဟု သုံးသပ်ပြသည်။

စာသင်ကြားခြင်းအပြင် ငွေတွင်းတူးရန် ရုန်းကန်နေရသော ဆရာ၊ ဆရာမများတွင်လည်း ထိုဝေဖန်ချက်များကို တုံ့ပြန်ရန် အကြောင်းပြချက် အသင့် ရှိနေသည်။

“ရတဲ့ လစာနဲ့ နေထိုင် စားသောက်လို့ အဆင် မပြေဘူးလေ၊ အချိန်ပို ကျူရှင်ပြမှ အဆင် ပြေကြတာ” ဟု ၎င်းတို့က ရှင်းပြသည်။

အပိုဝင်ငွေအတွက် ထိုသို့ ရှာဖွေသူများ ရှိသကဲ့သို့ ကျူရှင်ပေးခြင်းကို စီးပွားဖြစ် လုပ်ကိုင်သူ ဆရာ ဆရာမများလည်း ရှိနေသည်။

လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး အကျပ်အတည်းက အခြေခံ လူတန်းစားများ အပေါ် ရိုက်ချက် ပိုမို ပြင်းထန်သည်။ ရန်ကုန်မှ ကျောင်းနေ အရွယ် အများအပြားမှာ မိသားစု စားဝတ်နေရေးအတွက် လုပ်ငန်းခွင်သို့ ရောက်သွားကြကြောင်း တွေ့ရသည်။

“မနက် ကျောင်းတက်ပြီး ညနေ ဘီယာဆိုင်တွေမှာ ဒါတွေ လိုက်ရောင်းတယ်၊ ကျောင်းလည်း တက်တယ်၊ အိမ်ကိုလည်း ပိုက်ဆံ ရှာပေးတယ်” ဟု လက်ဖက်ထုပ်၊ ငါးခြောက်ထုပ်လေးများ လိုက်လံရောင်းချနေသော အသက် ၁၁ နှစ် အရွယ် မောင်အောင်ဦးက ငါးခြောက်ထုပ်လေးများကို ပန်းကန်ပြားထဲ ဖောက်ထည့်ရင်း ရှင်းပြသည်။

“ဆရာဝန် ဖြစ်ရင် တော်ပြီ” ဆိုသော သူ့ရည်မှန်းချက်ကြောင့် မောင်အောင်ဦး တယောက် အမြဲ ရယ်လျက် ဈေးရောင်းနေနိုင်ခြင်း ဖြစ်သည်။

ကလေးငယ်များ စာသင်ခန်း အပြင်ဘက် ရောက်နေခြင်းကို ရန်ကုန် တမြို့တည်းတွင်သာ တွေ့ရခြင်း မဟုတ်ပေ။

နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်းမှ ကျေးရွာများတွင်လည်း ယခုနှစ် ကျောင်းတက်နိုင်သူ ဦးရေ လျော့နည်းသွားကြောင်း ကုလသမဂ္ဂ အရာရှိတဦးက ပြောသည်။

“အခမဲ့ ကျောင်းတက်နိုင်ဖို့တွေ လုပ်ပေးထားတယ်၊ မိဘတွေရဲ့ စီးပွားရေး အဆင် မပြေတော့ ကလေးတွေက အဲဒီ ငွေရှာတဲ့ အလုပ်တွေမှာ ဝင်လုပ်ကုန်တယ်၊ ဒါကြောင့် ကျောင်း မတက်နိုင်တာ ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် သူငယ်တန်းမှ စတုတ္ထတန်း အထိ ကျောင်းလခ အခမဲ့ သတ်မှတ်ထားသော်လည်း ရန်ကုန်မြို့ သူငယ်တန်း ကျောင်းသားတဦး ကျောင်းအပ်ခမှာ အနည်းဆုံး ကျပ် ၈ဝဝဝ ဖြစ်နေသည်။ ကျပ်တသိန်း အထက် ပေးရသော ကျောင်းများလည်း ရှိသည်ဟု ဆိုသည်။

“ကျောင်းဖွင့်ရာသီဆို ကိုယ့်ကလေး လူတန်းစေ့ ကျောင်း တက်နိုင်ဖို့ မိဘတွေ တော်တော် ရုန်းရတယ်” ဟု ဒေါ်ဥမ္မာက ညည်းတွားပြီး ရှင်းပြသည်။

ပညာရွှေအိုး လူမခိုး ဟူသော စကားကို မြန်မာနိုင်ငံတွင် ယခင်က ကဲ့သို့ မကြာခဏ မကြားရတော့ပေ။

ယခုခေတ်မှာ ရွှေအိုးရှိမှ ပညာရသောခေတ် ဖြစ်နေသည်ဟု ဒေါ်ဇင်မာဦးက ပြောသည်။

No comments:

Post a Comment