Friday, June 18, 2010

. .

ဗူဗူဇီလာ နှဲကြောင့် ဘောလုံးသမားများ အနှောင့်အယှက်ဖြစ်

ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း တောင်အာဖရိက ရိုးရာနှဲ ဖြစ်သည့် ဗူဗူဇီလာ (Vuvuzela) များကို ဆူညံစွာ အပြိုင်အဆိုင် မှုတ်ကာ အားပေးနေသည့် အတွက် ကစားသမားများနှင့် ပွဲကြည့် ပရိသတ်များ စိတ်အနှောင့်အယှက် ဖြစ်နေကြောင်း သိရသည်။

အာဂျင်တီးနား ဘောလုံးသမား မက်ဆီက ထိုနှဲများ၏ အသံကြောင့် အနှောင့်အယှက် ဖြစ်ရကြောင်း၊ အာရုံစူးစိုက်မှု ကျဆင်းရ ကြောင်း ပြောဆိုသည်ဟု goal.com အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့အတူ အာဂျင်တီးနား ဂိုးသမားက“မနေ့ကပွဲမှာ ဒီမစ်ချယ်လီကို လှမ်းသတိပေးတာ နှဲသံတွေ ဆူနေတာကြောင့် မကြားရဘူး” ဟုဆိုသည်။

တောင်ကိုရီးယား အသင်းသွင်းယူခဲ့သည့် ဂိုးနှင့်ပတ်သက်၍ ဒီမစ်ချယ်လီ နှင့် နောက်တန်း ကစားသမားတဦးကို အော်ဟစ် သတိ ပေးပြောခဲ့သော်လည်း ၎င်းတို့ မကြားသည့်အတွက် တောင်ကိုရီးယားတို့ ဂိုးရရှိသွားသည်ဟုလည်း ၎င်းကပြောသည်။

ဥရုဂွေး တိုက်စစ်မှူး ဒီယေဂို ဖော်လန်ကလည်း အားပေးသည့် ပရိသတ်ကို ထိုနှဲများ မှုတ်၍ အားပေးခြင်းမပြုရန် တောင်းပန်စကား ပြောခဲ့သည်။

ဘောလုံးသမားများနှင့် အားပေးသည့် ပရိသတ်တချို့က အဆိုပါ နှဲများ ပွဲအတွင်း မှုတ်ခြင်းကို ပိတ်ပင်ပေးရန် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်(FIFA)ကို တောင်းဆိုခဲ့သော်လည်း ယင်းနှဲများကို မှုတ်၍ အားပေးခြင်းသည် အာဖရိက၏ ရိုးရာယဉ်ကျေးမှု ဖြစ်သည့်အတွက် ပိတ်ပင်၍ မရနိုင်ကြောင်း FIFA ဥက္ကဋ္ဌ ဆတ်ပ် ဘလတ္တာက ဆိုခဲ့သည်ဟု FIFA.com အင်တာနက် စာမျက်နှာတွင် ရေးသား ထား သည်။

ယင်း ၂ ပေခန့် ရှည်သည့် ဗူဗူဇီလာ နှဲမှုတ်ခြင်းကြောင့် ထွက်ပေါ်လာသော အသံမှာ ၁၂၇ ဒက်စီဘယ်လ် ရှိကြောင်း၊ အသံနှင့် ပတ်သက်၍ လူတဦး၏ ခံနိုင်သည့် စွမ်းရည်မှာ ၁၂၂ ဒက်စီဘယ်လ်သာရှိကြောင်း သိရသည်။

No comments:

Post a Comment