-------------တရုတ် အစိုးရ၏ ဖိအားကြောင့် ရခိုင်ပြည်နယ်မှ ဂတ်စ်ပိုက်လိုင်း စီမံကိန်းများတွင် လုံခြုံရေးကို တိုးမြှင့်သွားတော့မည် ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိ တဦးက ပြောသည်။
သူက “ ကချင် မြစ်ဆုံမှာ ဗုံးတွေ ဆက်တိုက် ကွဲပြီးတဲ့ နောက်မှာ တရုတ် ကုမ္ပဏီတွေ ရှိတဲ့ နေရာတိုင်းမှာ လုံခြုံရေးကို တိုးမြှင့်ပေးဖို့ မြန်မာ စစ်အစိုးရကို တရုတ်က ဖိအားပေးလာတဲ့ အပေါ်မှာ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ ဂတ်စ်ပိုင်လိုင်း စီမံကိန်းတွေမှာလည်း အခုအခါ နိုင်ငံတော် အစိုးရက လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်ဖို့ စီစဉ်လာတာ့ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုအခါ ပထမဆုံးအနေဖြင့် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် အကြီးမားဆုံး ရဲစခန်း တခု တည်ဆောက်ရန် စီစဉ်နေကြောင်းကို သူက ယခုကဲ့သို့ ပြောသည်။
“ တရုတ်ကို တင်ပို့မယ် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းရဲ့ အဓိက ပင်မ နေရာ ဖြစ်တဲ့ ကျောက်ဖြူ မဒေးကျွန်းမှာ အင်အားအကြီးဆုံး ရဲစခန်း တစ်ခုကို များမကြာမှီ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ အင်အား ၁၀၀ ထိ ရှိမှာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ခေတ်မှီ လက်နက် ကရိယာတွေ တပ်ဆင်မှာ ဖြစ်သလို ခေတ်မှီ စပိဘုတ်တွေနဲ့ မော်တော်ဘုတ် တွေကိုလည်း ထားရှိသွားမှာ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံတွင် ရဲစခန်းများ ကို “က”မှ “င” အထိ အဆင့်ခွဲကာ ဖွဲ့စည်းထားပြီး၊ “က” အဆင့်မှာ အမြင့်ဆုံး ဖြစ်ကာ ရဲသား အင်အား (၇၀) သတ်မှတ်ထားရှိသည်။ ၄င်း “က” အဆင့် ရဲစခန်းများကို ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၊ မောင်တောမြို့နယ် တောင်ပြို၊ တောင်ဂုတ်မြို့နယ် မအီနှင့် ဂွမြို့နယ် ကျိန်တလီတွင် တစ်ခုစီ ဖွင့်လှစ်ထားကြောင်း သူက ပြောသည်။
ယခု အဆိုပါ မဒေးကျွန်း၌ တရုတ်ပိုက်လိုင်း လုံခြုံရေးအတွက် ရဲသား ၁၀၀ ထားရန် ရာတားထားသည့် အတွက်ကြောင့် မဒေးကျွန်း ရဲစခန်းမှာ ရခိုင် ပြည်နယ်တွင် “က” အဆင့်လွန် အင်အား အကြီးဆုံး ရဲစခန်း ဖြစ်လာမည် ဟုလည်း အဆိုပါ အရာရှိက ပြောသည်။
မဒေးကျွန်းတွင် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Asia World ကုမ္ပဏီတို့ ပေါင်းဖက်ပြီး ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းနှင့် ပင်လယ်ရေနက်ဆိပ်ကမ်း တစ်ခုကို ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စတင် အကောင်အထည်ဖေါ် တည်ဆောက်လျက်ရှိသည်။
ဒေသခံပြည်သူများ၏ အဆိုအရ နအဖအာဏာပိုင်များနှင့် အဲရှားဝေါလ် ကုမ္ပဏီတို့ ပေါင်းဖက်ပြီး တရုတ် ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် အဆိုပါ ကျွန်းပေါ်ရှိ ကျေးရွာများမှ နေအိမ် ၅၀ နီးပါးခန့်ကို ပြောင်းရွှေ့ ဖျက်ဆီးခဲ့ပြီး လယ်မြေဧက ၃၀ နီးပါးခန့်ကိုလည်း လျော်ကြေး တစုံတရာ မပေးပဲ အတင်း အဓမ္မ သိမ်းယူ ခဲ့ခြင်းကြောင့် ဒေသခံများ အကြား ၄င်းစီမံကိန်းနှင့် ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။
လက်ရှိ အချိန်တွင်လည်း ရခိုင်ပြည်နယ် ရေတပ်ဌာနချုပ်ကို ကျောက်ဖြူ မြို့နယ် သစ်ပုတ်တောင်တွင် ဖွင့်လှစ်ထားပြီး ကျောက်ဖြူတွင်လည်း စစ်တပ် တပ်ရင်း (၃)ရင်း တပ်စွဲထားသည်။
နအဖ စစ်အာဏာပိုင်များက တရုတ်၏ ဖိအားကြောင့် နောက်ထပ် ရခိုင် ပြည်နယ်တွင် လုံခြုံရေးကို ထပ်မံ တိုးချဲ့လာသဖြင့် အာဏာပိုင်များ၏ ကန့်သတ် ချုပ်ချယ်မှု များနှင့် ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများ ပိုမို တိုးပွားလာမည်ကို ဒေသခံများက အထူး စိုးရိမ်နေကြသည်ဟု သိရှိရသည်။(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
လောကကြီးအတွက် ကိုယ့်ဘ၀ကို အသုံးချပါ၊ ကိုယ့်ဘ၀အတွက် လောကကြီးကို အသုံးမချပါနဲ့။ (အောင်နိုင်သူ)
Tuesday, June 29, 2010
.
.
တရုတ် ဖိအားကြောင့် ရခိုင် ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများတွင် လုံခြုံရေး တိုးမြှင့်တော့မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment