Saturday, June 5, 2010

. .

လွတ်လပ်ရေးဖခင်ကြီးရဲ့ ပြတိုက်နှင့်ပတ်သက်သည့်သတင်း

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် သရဲခြောက်နေပြီလော


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်က နေထိုင်ခဲ့သော ဗဟန်းမြို့နယ်၊ တာဝါလိန်လမ်း ခြံအမှတ်(၂၅) ကို ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အဖြစ် ပြုလုပ်ခဲ့သည်မှာလွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းကပါ။ ထို ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် သရဲခြောက်လန့် ခံရသည် ဖြစ်စဉ် အချို့ ရှိခဲ့ဖူးကြောင်းယဉ်ကျေးမှု ၀န်ကြီးဌာန၊ နိုင်ငံတော်ပိုင် ပြတိုက်များနှင့် ဗိမ္မာန်များ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ရေး ဌာနခွဲ၏ မှတ်တမ်းတချို့နှင့် စစ်အစိုးရထောက်လှမ်းရေး ဌာန တစ်ခုဖြစ်သော SB (Special Branch) တို့၏လျှို့ဝှက် အစီရင်ခံစာ တချို့တွင် ရှိခဲ့ဖူး ပါတယ်။

ဗိုလ်ချုပ် ပြတိုက်အဖြစ် ရှိနေသော ထို ခြံဝန်းအတွင်း၌ ဗိုလ်ချုပ်အိမ်၊ကားဂိုဒေါင်တို့
အပြင် မ.ဆ.လ အစိုးရလက်ထက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန နိုင်ငံတော်ပိုင် ပြတိုက်များနှင့် ဗိမ္မာန်များ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေး ဌာနမှ ၀န်ထမ်းများ နေထိုင်ရန် အလုပ်သမားတန်းလျား (၂)ခုနှင့် အရာရှိ နေအိမ် လုံးချင်း အဆောက်အဦး တစ်ခုကိုထပ်မံ တိုးချဲ့ ဆောက်လုပ် ခဲ့ပါတယ်။ အလုပ်သမား တန်းလျား (၂) ခုကို ဗိုလ်ချုပ် ပြတိုက် ခြံဝန်းအတွင်းသို့ ၀င်ဝင်ချင်း ကားဂိုဒေါင်၏ အနီးတွင် ဆောက်လုပ်ခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ရှိရာ ကုန်းမြင့်၏အနောက်ဖက် တစ်နေရာတွင် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အဆင့်မြင့်ညွှန်းကြားရေးမှူး အဆင့် နေထိုင်ရန် လုံးချင်းအိမ် တစ်အိမ်ကိုပါတည်ဆောက် ခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ် မတိုင်ခင် ကာလများ၌ အဆိုပါ ဗိုလ်ချုပ်ပြတိုက်ခြံဝန်းအတွင်း နေထိုင်ကြသော ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ၀န်ထမ်းများသည် ယင်းပြတိုက် ခြံဝန်းအတွင်း နေထိုင်မှုတွင် မပျော်ရွှင်ကြောင်း၊အခြားတနေရာသို့ ရွှေ့ပြောင်းချင်ကြောင်း နီးစပ်ရာ မိတ်ဆွေ သဂ်ဟများထံ မကြာခဏ ရင်ဖွင့် ပြောဆိုခဲ့ကြပါတယ်။ မည်သည့်အတွက်ကြောင့် မပျော်မရွှင် ဖြစ်ရခြင်းကို မေးမြန်းသောအခါအဖြေကို တိတိကျကျမပေးနိုင်ပဲဖြစ်နေကြပါတယ်။ထိုသတင်းစကားများ၏အဖြေကိုထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပြောဆိုခဲ့သော ၀န်ထမ်းတစ်ဦး၏ ဇနီးသည်က …

“ကျမတို့ ပြောပြရမှာ အရမ်းခက်ပါတယ်၊ ဒီပြတိုက်က သာမန်ပြတိုက်မဟုတ်ဘူး၊ တစ်နိုင်ငံလုံး၊ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေ အတော်များများရိုသေ ချစ်ခင်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးရဲ့ အိမ်ပါ၊ ဒါပေမဲ့ဒီအိမ်ကြီးမှာ တခုခုတော့ မဟုတ်သလိုပဲ၊ ပထမတော့ ကျမတို့ မယုံကြပါဘူး၊ အပြင်မှာလည်း ထုတ်မပြောရဲဘူး၊ အိမ်ထဲကို တစ်ယောက်တည်းမသွားရဲဘူး၊ ညဖက်တွေဆိုရင် အရိပ်တွေ မြင်နေရတယ်၊ အပေါ်ထပ်ကပရိဘောဂ အဟောင်းတွေကို ပြုပြင်ထိန်းသိမ်းဖို့ နေ့ခင်းဘက် သွားတဲ့
လက်သမား (၂) ယောက်ဆိုရင် သတိတောင် မေ့သွားတယ်၊ အပြင်မှာအဲဒီသတင်း လျှောက်ပြောရင် ထောက်လှမ်းရေးက ပြင်းပြင်းထန်ထန်အရေးယူလိမ့်မယ်လို့ ကျမတို့ အထက်အရာရှိက ပြောတယ် …။
သူမက ဆက်လက်၍ …လက်သမား(၂) ယောက် သတိလစ်သွားတော့ ၀န်ထမ်းတွေကြားမှာသတင်းက တားမရဘူး၊ ဒါနဲ့ ထောက်လှမ်းရေးက လူတွေ ရောက်လာတယ်၊ သူတို့ အဲဒီအိမ်မှာ တညလုံး လာနေမယ် ပြောတယ်၊
မိုးတောင် မလင်းသေးဘူး၊ မျက်စိပျက် မျက်နှာပျက်နဲ့ သူတို့အားလုံးကျမတို့ အခန်းတံခါးကို လာခေါက်တယ်၊ သူတို့ ပြောတာက ကုလားကြီး တစ်ယောက်တဲ့၊ အရပ်က တော်တော် ရှည်တယ်၊ (၆) ပေ ကျော်လောက် ရှိတယ်၊ အပေါ်ထပ်က ဆင်းလာတာ၊ ရုတ်တရက် ဆိုတော့သူတို့ အားလုံး ကြောင်သွားတယ်၊ ပြီးတော့ အဲဒီ ကုလားကြီးကအပေါ်ထပ်ကို ပြန်တက်သွားသတဲ့၊ ဒါနဲ့ အားလုံး အပြေးအလွှားအပေါ်ကို တက်ကြည့်ကြတာပေါ့၊ အပေါ်ထပ်ရောက်တော့ ဘာမှမရှိဘူး၊ အဲဒီအချိန်မှာ အောက်ထပ်က ငိုသံ ကြားရပြန်ရော၊ ဒါနဲ့အောက်ထပ်ကို ပြေးဆင်းလာတော့ ကုလားမ ၀၀ကြီး တစ်ယောက်တဲ့ ကုလားမတွေ ခြုံတဲ့ ဆာလီတစ်ခု ပတ်ထားတယ်တဲ့၊ ငိုပြီး အိမ်ထဲကနေ ထွက်သွားတယ်၊ ဒါနဲ့ သူတို့အားလုံး နောက်က လိုက်ကြသေးတယ်၊ တံခါးဆီ ရောက်တော့ တံခါးက သော့ခတ်ထားတယ်၊ ကုလားမ ၀တုတ်ကြီးက ဘယ်လို အပြင်ကို ထွက်သွားသလဲ မသိဘူးတဲ့။
ဒီခြံက ဗိုလ်ချုပ်တို့ မနေခင်က ကုလားတွေ နေတဲ့ ခြံပါ၊ ဟိန္ဒူတို့မူစလင်တို့မှာ ဒီသဘောမျိုးတွေ ရှိ မရှိဆိုတာ ကျမလည်း မပြောတတ်ဘူး” ဟု ရှင်းပြပါတယ်။

၁၉၈၈ ခုနှစ် ပတ်ဝန်းကျင် နှစ်များအတွင်း အာဇာနည်နေ့ နီးကပ်သောနေ့များ၌ ထောက်လှမ်းရေး အချို့လည်း အလားတူ ဖြစ်ပျက်ခဲ့ကြပါတယ်။
ထောက်လှမ်းရေး အုပ်စုက စုစုပေါင်း (၁၀) ယောက်ကျော်ပါ၊ အောက်ထပ်က ထမင်းစားခန်း တစ်ခုတည်းမှာပဲ သူတို့ အိပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်၊ဂျူတီလာတဲ့ သူတွေထဲမှာ ဂစ်တာတီးတတ်တဲ့ သူတွေက ဂစ်တာတွေသယ်လာလို့ ဂစ်တာ (၂)နှစ်လက်နဲ့ ဟိုသီချင်း ဆိုလိုက်၊ ဒီသီချင်း ဆိုလိုက် လုပ်နေတုန်း အပေါ်ထပ်က ဆူဆူညံညံ အသံတွေ ကြားရတယ်၊
ဒါနဲ့ အားလုံး အပေါ်ကို တက်ကြည့်တော့ ကမလားမ အပျိုအရွယ်လေးတွေ (၂)ယောက် သတ်ပုတ်လုံးထွေး နေတာကို တွေ့ရတယ်၊ ဒါနဲ့သူတို့လည်း “မင်းတို့ ဘယ်သူတွေလဲ …” မေးလိုက်တော့ စကားတောင် မဆုံးဘူး သူတို့ ရှေ့တင် ပျောက်သွားတာ၊ သူတို့ အားလုံးပြတိုက်အိမ်ကြီးမှာ မအိပ်ရဲတော့ဘဲ ခြံနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့“ရွှေကြက်ယက်” ဘုန်းကြီးကျောင်းမှာ နေရာပြောင်းပြီး ဂျူတီ စောင့်ခဲ့ကြပါတယ်။
ဒီအဖြစ်အပျက် သိုးသိုးသဲ့သဲ့ ထွက်လာချိန်မှာ အုပ်ချုပ်ရေး အာဏာပိုင်များနဲ့ ဆွေးမျိုးတော်စပ်တဲ့ နာမည်ကြီး အဆိုတော် တစ်ယောက်က လုံးဝ မယုံကြည်ဟု ဆိုပြီး သွားရောက် စမ်းသပ်ခဲ့ပါတယ်။
သူက သူ့သူငယ်ချင်းတွေကို ခြံစည်းရိုးနဲ့ ကပ်လျှက်က ၀န်ထမ်းတွေဆီမှာ ထားခဲ့ပါတယ်၊ သူ တစ်ယောက်တည်း ပြတိုက် နေအိမ်သော့ကိုယူပြီး၊ ထွက်ခွာသွားပါတယ်၊ (၄၅) မိနစ်လောက်ကြာတော့ ချွေးတလုံးလုံးနဲ့ သူ ပြန်ပြေးလာပါတယ်။ သူ ပြန်ပြောပြပုံက …၊ အိမ်ထဲကို စ’၀င်လိုက်ပါတယ်၊ အောက်ထပ်က မီးတွေ အကုန်လုံး ဖွင့်ကြည့်တယ်၊အပေါ်ထပ်ကို တက်မယ်အပြုမှာ သူဖွင့်ထားတဲ့ မီးတွေက ပိတ်လိုက်ပြန်လင်းလိုက် ဖြစ်လာပါတယ်၊ ဒါနဲ့ မီးခလုတ်ဆီကို ကြည့်လိုက်တော့
ဘာမျှ မရှိပဲ သူ့အလိုလို တချောက်ချောက် ဖြစ်နေတာကို တွေ့ရတယ်၊အခန်းအားလုံးမှာ အဲလို ဖြစ်နေပြီး နှာခေါင်းထဲမှာ ကွမ်းယာနံ့မွှေးနေအောင် အနံ့ရပါတယ်၊ အဲဒီအချိန်မှာ လှေကားအတိုင်းအပေါ်ထပ်ကနေ အောက်ထပ်ကို ဆင်းလာတဲ့ လမ်းလျှောက်သံတစ်ခုကို သူ ကြားလိုက်ရတယ်၊ “ဘယ်သူလဲလို့” မေးတော့ ပြန်ဖြေသံ ထွက်မလာဘူး၊ ဒါနဲ့ သူလည်း အပြင်ကို အမြန်ပြေးထွက်ခဲ့တယ်လို့ …. သိရပါတယ်။

သမိုင်းနောက်ခံ …
ဗိုလ်ချုပ်အောင်ဆန်းဇနီးသည်ဖြစ်သူ ကွယ်လွန်သူ ဒေါ်ခင်ကြည်၏တူမ ၀မ်းကွဲ တော်စပ်သူ တစ်ဦးရဲ့ ငယ်စဉ်ဘ၀ အတွေ့အကြုံတွင်လည်း …
“အဲဒီ အိမ်ကြီးက အရင် ကုလားသူဋ္ဌေး အိမ်ကြီးလို့ အရပ်ကပြောကြတာ … ဟုတ်မယ်၊ ဝက်သားဟင်း ချက်ပြီဟေ့ ဆိုအိမ်နောက်က မီးဖိုချောင်ထဲ လူမရှိရင် ဝက်သားဟင်းအိုးဖုံးဖွင့်သံလိုလို ဗြောင်ဆန်နေအောင် ကြားနေရတာပဲ၊ ကျမတို့ကကလေးတွေမို့ လားမသိ ဘာမှ မတွေ့ခဲ့ မကြားခဲ့ရဖူး။”ဟု ဆိုပါတယ်။

နောက်ဆက်တွဲ သတင်းအချို့ …
ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အာရှတော်ဝင်ဆေးခန်းတွင် ဆေးဝါးကုသမှု မခံရယူခင် ရက်အနည်းငယ်အလိုက အဆိုပါ ဗိုလ်ချုပ်ပြတိုက်အတွင်းသို့ စစ်အစိုးရ အာဏာပိုင်များ ၀င်ထွက် သွားလာမှု အများအပြား ပြုလုပ်ခဲ့ကြောင်း ၀န်ထမ်းအချို့က ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကျန်ရစ်သူ မိသားစုဝင်များ ကံနိမ့်စေရန် ရည်ရွယ်၍ ပရောဂ အောက်လမ်းနည်းတချို့ကိုဗိုလ်ချုပ်ပြတိုက်အတွင်း စီရင်ခဲ့ကြောင်း စစ်အာဏာပိုင်များနှင့် နီးစပ်သော အသိုင်းအ၀ိုင်းက ဆိုပါတယ်။မျိုးဆက်ပေါင်း များစွာတို့၏ အကျိုးစီးပွားအတွက် သက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ ပြတိုက်ကို (၁)နှစ်တွင်ရက်အနည်းငယ်လောက်သာ ဖွင့်လှစ်ပြသခြင်းဖြင့် ဗိုလ်ချုပ်ပြတိုက်
သည် နေ့ခင်းကြောင်တောင်တွင် လူသူကင်းမဲ့ပြီး သရဲခြောက်သလိုဖြစ်နေဆဲပါ …။

No comments:

Post a Comment