Sunday, June 27, 2010

. .

မြန်မာအမျိုးသမီးများ မလေးရှားသို့ အလုပ်လုပ်ရန် လာရောက်မည်ကို မလေးရှားရောက် မြန်မာများမှ အီးမေးလ်နှင့် နီးစပ်ရာမှတစ်ဆင့် အသိပေး တားမြစ်မှုများ ရှိလာ

မြန်မာအမျိုးသမီးများ မလေးရှား၌ အလုပ်လုပ်ကိုင်ရန် လာရောက်ခြင်းကို မလေးရှားရောက်မြန်မာများမှ အီးမေးလ်နှင့်နီးစပ်ရာမှတစ်ဆင့် အသိပေးတားမြစ်မှုများ ရှိလာခဲ့ကြောင်း သိရှိရပါသည်။

ယခုအခါ မလေးရှားအလုပ်အကိုင်ဈေးကွက်သည် အေဂျင့်များ၏ မျက်စိကျစရာဖြစ်လာခဲ့သည့်အပြင် နယ်မြို့များ၌နေထိုင်သူများအား ဆွဲဆောင်ခေါ်ယူခြင်းများ ရှိလာခဲ့ကြသည့်အပြင် သွားရောက်ရန် ပြောတိုက်တွန်းပြောဆိုသည့်အခါ အလုံး စုံ အဆင်ပြေသည်ဟု ဆိုသော်လည်း အများစုအဆင်ပြေကြသည်မှာ အမျိုးသားများပင်ဖြစ်သည်ကို မလေးရှားရောက် မြန်မာအများစုက ပြန်လည်ပြောပြခဲ့ပါသည်။်

မလေးရှားသို့ အလုပ်အကိုင်ပါမစ်ကျ၍ သွားရောက်ကြသူများ၏ ပတ်စ်ပို့အား အလုပ်ရှင်များက သိမ်းဆည်းထားသည့် ဖြစ်ရပ်များရှိသည့်အပြင် စက်ရုံအများစုမှ အခန်းကျဉ်းအတွင်း အလုပ်သမား အမျိုးသား၊ အမျိုးသမီး၊ နိုင်ငံစုံ၊လူမျိုးစုံအား တစ်နေရာတည်း၌ စုပြုံထားသည့်အတွက် မြန်မာအမျိုးသမီးများအနေဖြင့် စက်ရုံမှခေါ်ယူ၍ လာရောက်မည်ဆိုခြင်းကို အသိပေးမှုများ ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း မလေးရှားစတီးစက်ရုံတွင် နှစ်နှစ်အလုပ်လုပ်ကိုင်ခဲ့သူ မြန် မာတစ်ဦးက အသိပေး ပြောကြားခဲ့ပါသည်။

"မလေးရှားမှာ ကျွန်မအမျိုးသားရောက်နေတော့ ကျွန်မလည်း လိုက်သွားချင်တယ်။ ကျွန်မယောက်ကျားက ဖြစ်နိုင်ရင်မလာတာကောင်းတယ်လို့ ပြောတယ်။ ဟိုမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ နေထိုင်ရတာ လုံးဝလုံခြုံမှုမရှိဘူး။ ပြီးတော့ ကိုယ့် ဘာသာအလုပ်ရှာပြီး ကိုယ့်ပတ်စ်ပို့ ကိုယ့်ဘာသာကိုင်ဆောင်ခွင့် မရကြဘဲ စက်ရုံတွေကသိမ်းထားမယ်ဆိုရင် သူတို့စေရာသွား၊ သူတို့ထားရာနေရာကနေ စာရိတ္တတွေကြာလာတော့ ပျက်ပြားလာကြတာတွေ မနည်းဘူး။ ကျွန်မအမျိုးသားကတော့ ဒီက မြန်မာမိန်းကလေးတွေလာမယ်ဆို စက်ရုံကခေါ်တာနဲ့ဆို မလာဖို့သတိပေးတယ်။ မတတ်သာလို့ ကိုယ့်ဘာသာ Free ပတ်စ်ပို့ ကိုင်ပြီးလာမယ်ဆိုရင်တော့ ပိုကောင်းတယ်လို့ အကြံပေးတယ်"ဟု မလေးရှားရှိ စတီးစက်ရုံ၌ နှစ်နှစ်ကြာ နေထိုင်လုပ်ကိုင်ခဲ့သူ တစ်ဦးက ပြောကြားခဲ့ပါသည်။

မိမိတို့ပတ်စ်ပို့အား လွတ်လပ်စွာကိုင်ဆောင်ထားသူများအတွက် အလုပ်ရှင်များစီမံပေးသည့် နေရာထိုင်ခင်း များ၌ နေထိုင်ရန် မလိုအပ်ဘဲ မိမိတို့ကိုယ်တိုင် အိမ်ခန်းငှားရမ်းနေထိုင်ကြသူများလည်း ရှိကြကာ အများစု မှာ မြန်မာနိုင်ငံမှ အိမ်ထောင်ရှင်အများစုတို့ဖြစ်ကြကြောင်း သိရှိရပါသည်။

ယခင်က ပတ်စ်ပို့သက်တမ်းလွန် ကိုင်ဆောင်ထားသူ အများစုအား အလုပ်ရှင်များက စက်ရုံတွင်းနေထိုင်ခွင့်ရရှိရန် သိုဝှက်ထိန်းသိမ်းပေးခြင်းများရှိခဲ့ရာ ယင်းနေရာများရှိ မြန်မာအမျိုးသမီး အများစုတို့အတွက် များစွာလုံခြုံစိတ်ချမှု မရှိစေနိုင်ကြောင်း မလေးရှားရှိ ပလပ်စတစ်စက်ရုံ၌ လေးနှစ်ကြာနေထိုင်ခဲ့ဖူးသူ မြန်မာအမျိုးသားတစ်ဦးက ပြောပြခဲ့ပါသည်။

နယ်မြို့များမှ မလေးရှားရှိစက်ရုံများသို့ အလုပ်လုပ်ကိုင်ကြသူ အများစုပေးဆောင်ကြရသော ၀န်ဆောင်ခမှာ ကျပ်ငွေ ၁၃ သိန်းကျော်ဖြစ်ကာ အများစုမှာ ပတ်စ်ပို့သိမ်းဆည်းခံထားရခြင်းများဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

ထို့ပြင် အီးမေးလ်အများစုမှ မလေးရှားရောက် မြန်မာများက အသိပေးပြောကြားခြင်းများ အများအပြားရှိလာခဲ့ကြရာ အများစုအသိပေးခြင်းမှာ မြန်မာအမျိုးသမီးများအတွက် လုံခြုံစိတ်ချမှု မရှိစေနိုင်သည့် အချက်ပင်ဖြစ်ကြောင်း သိရပါသည်။်

No comments:

Post a Comment