Tuesday, June 1, 2010

. .

ရင်ကိုဖွင့်၍ရှင်သန်ပါ။

(ဒီစာကို မောင်ပါလ ဘလောက်မှတဆင့်ကူးယူဖော်ပြပါတယ်)

တခုသောညအခါသမယ၌ မိုးလေ၀သကောင်းသည်ဖြစ်၍ အီးမေးလ်ဖတ်ရန်အလို့ငှာ အွန်လိုင်းဝင်သည်ရှိသော် မိတ်ဆွေတယောက်ပေးပို့ထားသော ၀က်ဆိုဒ်လိပ်စာတခုကိုတွေ့လေ၏။ ထိုဆိုဒ် (ပြည်သူတိုင်း၏ဘုံရန်သူဖြစ်သော စစ်အစိုးရမှ ပြည်သူချင်းသွေးကွဲစေရန် ဖန်တီးရေးသားထားသောဆိုဒ်လည်း ဖြစ်နိုင်ပါသည်။) သို့ဝင်ကြည့်လတ်သော် ဘာသာတရားကိုပုတ်ခတ်စော်ကားထားသည့်စာများကို အံ့သြဖွယ်ရာမြင်တွေ့ရပြီးသကာလ ဘာသာရေးနှင့်ပတ်သတ်သောပို့စ်တခုတင်ရန် အကြံသည်ဖြစ်၍ အကျွန်ုပ်၏ဘာသာရေး နှင့်ပတ်သတ်သောခံယူမှုသည် ဤ(ရင်ကိုဖွင့်၍ရှင်သန်ပါ) အဖြစ် ထွက်ပေါ်လာလေတော့၏။
စာရှုသူမိတ်ဆွေအပေါင်း သည်းညဉ်းခံ၍ ဖတ်ရှုကြပါကုန်...........................

ကိုးကွယ်ရာသည် လူတို့၏အတွင်းအဇ္ဖျတ္တ၌တည်၏။ သို့သော်ထိုအရာသည် ဖန်ဆင်းရှင်ဘုရားသခင်မဟုတ်၊ အလ္လာအရှင်မြတ်မဟုတ်၊ ဂေါတမဗုဒ္ဓမဟုတ်၊ ဗြဟ္မာကြီးလေးဦးလည်းမဟုတ်။ အနှီပုဂ္ဂိုလ်ထူးကြီးများမဟုတ်မူသည့် တစုံတခုသော
ထိုအရာသည်ကား................

သတ္တ၀ါ၊ သတ္တလောကနှင့် သဘာဝတရားတို့ မည်သို့စတင်ဖြစ်ပေါ်လာသလဲ ဆိုသည့်မေးခွန်းသည် လူတို့၏စဉ်းစားနိုင်သည့် အသိဥာဏ်ကိုကျော်လွန်သည်ဖြစ်၍ ယခုဆောင်းပါး၌ ထည့်သွင်းရေးသားခြင်းမပြုတော့ပေ။ ဘာသာတရားတိုင်း၏ ကျမ်းဂန်စာပေများ၌လည်း ဒဏ္ဍာရီပုံစံမျိုးသာ ဖော်ပြထားကုန်၏။ မည်သူမျှအတိအကျမပြောနိုင်သော ယုံတမ်းစကားအဖြစ်နှင့်သာ
ကြုံတွေ့ကြရမည်ဖြစ်သည်။

ကျောက်ခေတ်ကာလလူသားတို့၌ ဘုရားသခင်သည်မရှိ။ ဘာသားတရားသည် မပေါ်ပေါက်သေး။ ထိုကျောက်ခေတ်လူသားတို့သည် သဘာဝဘေးအန္တရာယ်ကြုံတွေ့ကြ၍ သေကျေပျက်စီးကြသည်ရှိသော် ကြွင်းကျန်သောလူတို့သည် သေကြေပျက်စီးမည့်အရေးကို ကြောက်ရွံ့လာကြပြီး ထိုသို့သောဘေးဆိုးများမှ လွတ်မြောက်ကြစေရန်အတွက် လူသားတို့ထက်ပိုမိုသာလွန်မည်ထင်ရသော ကိုးကွယ်ရာတစုံတခုကို တောင့်တရှာဖွေလာကြတော့သည်။ ကြောက်ရွံ့မှုဖုံးလွှမ်း၍ တောင့်တမှုပြင်းပြလာသော အသိဥာဏ်နုံနဲ့ကြရှာသည့် ကျောက်ခေတ်လူသားတို့သည် မိမိကျင်လည်ရာပတ်ဝန်းကျင်မှ လက်လှမ်းမှီရာ သက်ရှိသက်မဲ့ အရာဝတ္ထုများကို အားကိုးရာအဖြစ် မှတ်ထင်ယုံကြည်လာကြသည်။ တချို့ကား ကျောက်တုံးကို ကိုးကွယ်ကြကုန်၏။ တချို့ကား ရေ၊ တချို့မှာ သစ်ပင် စသည်ဖြင့် နီးစပ်ရာကိုးကွယ်ကြသည်ဓလေ့သည် လူသားလောက၌ ရှေးပဝေသဏီကပင် စတင်ပေါ်ပေါက်လာခဲ့ပေသည်။

ထိုမှတဆင့် အသိဥာဏ်အနည်းငယ်မြင့်မားလာကြသည့်အခါ မီးကိုတွေ့ရှိခဲ့ကြပြီးနောက် မီးကိုကိုးကွယ်သည့်ဓလေ့ ပေါ်ပေါက်လာခဲ့ပြန်သည်။ စိတ်၏ထင်ယောင်ထင်မှားဖြစ်မှု (illusion and delusion) ကိုအခြေခံကာ သက်ရှိသက်မဲ့အရာဝတ္ထုများကို ကိုးကွယ်သည့်အဆင့်မှကျော်လွန်၍ လူသားတို့သည် မိမိတို့ထက်မြင့်မြတ်သည်၊ သာလွန်သည်၊ တန်ခိုးရှိသည်ဟု ယုံကြည်စွဲရှိရာမှစတင်ကာ နတ်ဘုရားတို့အားကိုးကွယ်မှုကို ပြုလာခဲ့ကြပြန်သည်။ လူ၊ တိရိစ္ဆာန်တို့အားသတ်၍ ထိုနတ်ဘုရားတို့ကို ပူဇော်ပသသောဓလေ့လည်း ထွန်းကားလာခဲ့သည်။ ယ္ခုအချိန်ထိတိုင် ယင်းယာဇ်ပူဇော်သည့်ဓလေ့ကို တချို့နိမ့်ကျသည့်ဘာသာတရားတို့၌ နှစ်စဉ်ပြုလုပ်နေကြမြဲဖြစ်သည်ကို တွေ့မြင်နိုင်ကြပေသည်။

ယခုခေတ်ကာလ၌ကား လူတို့၏အသိဥာဏ်သည်အလွန်မြင့်မားလာသည့်အလျောက် နတ်ဘုရားတို့ထက်ပိုမိုရာထူးကြီးသော ဖန်ဆင်းရှင်၊ အလ္လာအရှင်မြတ်၊ ဗုဒ္ဓ အစရှိသည့် နီးစပ်ရာဘုရားသခင်ဆိုသည့်ကိုးကွယ်ရာကို အစားထိုးအားကိုးလာခဲ့ကြသည်။ အားကိုးရာဟူ၍ ကိုးကွယ်သည့်ထက်ကျော်လွန်ကာ ဘာသာရေးနယ်ချဲ့ခြင်း၊ တခြားဘာသာများကိုပုတ်ခတ်ပြောဆိုခြင်း စသည်တို့ကိုပါ ပြုလုပ်လာခဲ့ကြသည်။

ကိုးကွယ်ရာသည် လူတို့၏အတွင်းအဇ္ဖျတ္တ၌တည်၏။ သို့သော်ထိုအရာသည် ဖန်ဆင်းရှင်ဘုရားသခင်မဟုတ်၊ အလ္လာအရှင်မြတ်မဟုတ်၊ ဂေါတမဗုဒ္ဓမဟုတ်၊ ဗြဟ္မာကြီးလေးဦးလည်းမဟုတ်။ အနှီပုဂ္ဂိုလ်ထူးကြီးများမဟုတ်မူသည့် တစုံတခုသော
ထိုအရာသည်ကား လူတို့၏ကြောက်ရွံ့စိုးရိမ်တတ်သည့်စိတ် (ထိတ်လန့်စိတ်)ပင်ဖြစ်သည်။ ထိုထိတ်လန့်မှုကြောင့်လူတို့သည် အားကိုးရာ၊ ကိုးကွယ်ရာကို ရှာကြကုန်၏။ ထို့ကြောင့်ပင် ဘုရားသခင်တို့သည် ဖြစ်တည်လာကြကုန်၏။ ဘုရားသခင်သည် လူကိုဖန်းဆင်းခဲ့သည်မဟုတ်။ လူတို့၏စိုးရွံ့ထိတ်လန့်စိတ်သည်သာ ဘုရားသခင်တို့ကိုဖန်ဆင်းခဲ့ကြကုန်၏။ လူတို့၏ထိတ်လန့်စိတ်သည် ဘယ်သောအခါမှပျောက်မည်မဟုတ်သလို ဘာသာတရားနှင့် ဘုရားသခင်တို့သည်လည်း လူတို့ရှိနေသမျှ တည်ရှိနေမည်ဖြစ်သည်။ မိမိကိုယ်မှထိတ်လန့်စိတ်ကို မပယ်ဖျောက်ဘဲ မည်သည့်ဘာသာကိုမဆို ပုန်ကန်သည့်လူ၊ အဖွဲ့အစည်း၊ မူဝါဒတိုင်းသည် မလွဲမသွေကျဆုံးပေလိမ့်မည်။

နိဂုံးချုပ်ရသော် ကျောက်ခေတ်လူသားမှသည် ယခုသိပ္ပံခေတ်လူသားအထိ လူတို့သည်ကိုးကွယ်ရာကို ရှာခဲ့ကြသည်။ ယနေ့အချိန်အထိပင် နီးစပ်ရာကိုးကွယ်သည့်ဓလေ့သည်လည်း အမြစ်တွယ်ခဲ့သည်။ ငယ်စဉ်ကလေးဘ၀ကတည်းက ရိုက်သွင်းခံခဲ့ရသော နီးစပ်ရာဘာသာရေးမျက်ကန်းယုံကြည်မှုတို့ဖြင့် ဘာသာတရားတခုနှင့်တခု ပုတ်ခတ်ပြောဆိုကြသည်။ တိုက်ခိုက်ကြသည်။ အဘယ်သို့သောအကျိုးကျေးဇူးရှိကြပါသနည်း။ မိမိကိုးကွယ်သည့်ဘာသာ၊ မိမိ၏အတွင်းစိတ်တို့ကို ပြန်လည်ဆန်းစစ်ခြင်းမပြုမူဘဲ တခြားဘာသာကိုပြောဆိုတိုက်ခိုက်ခြင်းသည် မိမိဘာသာ၏ နိမ့်ကျမှု၊ ယုတ်ညံ့မှု၊ ဆိုဆုံးမခြင်းညံ့ဖျင်းမှုတို့ကို ဖော်ပြနေခြင်းသာဖြစ်ပါကြောင်း..............................။

(မောင်ပါလသည်လည်း ကြောက်ရွံ့စိတ်ကိုမပယ်နိုင်သေးပါသောကြောင့် ဘာသာတခုကိုယုံကြည်ကိုးကွယ်ရာအဖြစ် လက်ခံထားပါသည်။)

If you are open-minded, visit and see HERE

No comments:

Post a Comment