Wednesday, June 16, 2010

. .

ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဒတ်ခ်ျ အမျိုးသမီး ၃၆ ဦး နှင်ထုတ်ခံရ

နယ်သလန်နှင့် ဒိန်းမတ် အသင်းတို့ ပြီးခဲ့သည့် တနင်္လာနေ့က ယှဉ်ပြိုင် ကစားခဲ့သော ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲတွင် လိမ္မော်ရောင် အဝတ်အစား များကို ဖက်ရှင်ကျကျ ဝတ်ဆင် ထားသည့် ဒတ်ခ်ျ အမျိုးသမီး ၃၆ ဦး ပြိုင်ပွဲကွင်း အတွင်းမှ နှင်ထုတ်ခံရကြောင်း သိရသည်။

တရားမ၀င် ဘီယာ အရောင်း မြှင့်တင်ရေး ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသည့် ဒတ်ခ်ျ အမျိုးသမီးများ (ဓာတ်ပုံ - Getty Images)

နယ်သာလန် အသင်းကို အားပေးရန် လာရောက် ကြသည့် အမျိုးသမီး များကို “တရားမဝင် ဘီယာ အရောင်း မြှင့်တင်ရေး လုပ်ဆောင်သည်” ဟု ဆိုကာ ပထမပိုင်း ပြီးချိန်တွင် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA) က နှင်ထုတ်ခြင်း ဖြစ်သည်ဟု ယနေ့ ထုတ် ဆန်ဖရန် စစ္စကို အခြေစိုက် Bleacher သတင်းတွင် ဖော်ပြထားသည်။

ယင်းအမျိုး သမီးများထဲမှ တစ်ဦး ဖြစ်သည့် ဘာဘရာ ကတ်စ်စတိန်းက “ကျမတို့ကို Bavaria ဘီယာ ကုမ္ပဏီ အတွက် တရားမဝင် အရောင်း မြှင့်တင်ရေး လုပ်တယ်၊ ဒါဟာ တောင်အာဖရိက ဥပဒေနဲ့ ငြိစွန်းနေတဲ့ အတွက် ထောင်ခြောက်လ ကျသွား နိုင်တယ်လို့ ရဲက ပြောတယ်”ဟု ဆိုသည်။

ဘောလုံးပွဲ ပထမပိုင်းပြီးချိန်တွင် အာဏာပိုင်တို့က ကွင်းအတွင်းမှ ခေါ်ဆောင်ပြီး သုံးနာရီခန့် ကြာသည်အထိ မေးမြန်းခဲ့ ကြောင်း၊ ၎င်းတို့အနေဖြင့် နယ်သာလန်အသင်းကိုယ်စားပြုသည့် လိမ္မော်ရောင် ၀တ်စုံကို ၀တ်ဆင်ခြင်းဖြစ်ပြီး အစိုးရ ရုံး ပိတ်ရက်များနှင့် ကမ္ဘာ့ဖလားဘောလုံးပွဲများတွင် လိမ္မော်ရောင်ဝတ်စုံကို ဝတ်ဆင်လေ့ရှိကြောင်း ၎င်းက ဆက်လက်ပြော ဆိုသည်။

FIFA ၏ မှတ်တမ်းများတွင်မူ ၎င်းတို့ ၃၆ ဦး ကို Bavaria ဘီယာ ကုမ္ပဏီ ကိုယ်စားပြုသည့် လိမ္မော်ရောင် ၀တ်စုံကို ၀တ်ဆင်ပြီး အရောင်းမြှင့်တင်ရေး ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

Bavaria ဘီယာ ကုမ္ပဏီ ကိုယ်စားလှယ် ဖြစ်သူ မစ္စတာ ဆွင်ကယ်လ်က“ဒတ်ခ်ျ အမျိုးသမီးတွေရဲ့လိမ္မော်ရောင် ဝတ်စုံ ပေါ်မှာ ကုမ္ပဏီ တံဆိပ်မပါဘူး၊ လိမ္မော်ရောင်ဟာ ကုမ္ပဏီရဲ့ အမှတ်အသား ဖြစ်တယ်၊ ဒါပေမယ့် FIFAက ပရိသတ် ဝတ် ဆင်တဲ့ အရောင်တွေကို ခြယ်လှယ်လို့ မရပါဘူး”ဟု ပြောဆိုသည်။

မည်သည့် အမျိုးသမီးကိုမှ စစ်ဆေး မေးမြန်း ထိန်းသိမ်းထားခြင်း မရှိကြောင်း၊ သို့သော်“တရားမဝင် အရောင်း မြှင့်တင် ရေး”ဟုတ် မဟုတ်ကိုမူ သေချာစွာ မေးမြန်းခဲ့ရကြောင်း FIFA ၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ နစ်ကိုးလတ်စ် မိန်းဂေါ့ထ် က ပြောသည်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကုန်ပစ္စည်း ကြော်ငြာလိုသော ကုမ္ပဏီများသည် FIFA မှ ခွင့်ပြုချက်ရယူပြီးမှသာ ကြော်ငြာ ခွင့် ရှိကြောင်း သိရသည်။

No comments:

Post a Comment