Friday, May 28, 2010

. .

မေတ္တာပေါင်းကူးတံတား


သိပ်ကို ပြန့်ပြူး ကျယ်ဝန်းလှတဲ့ မြေဧကကျယ်ကြီး တစ်ခုတည်းပေါ်က မလှမ်းမကမ်းစီမှာ တစ်ယောက်တစ်အိမ် ဆောက်ပြီး အတူတကွ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေထိုင်လာတဲ့ ညီအစ်ကို ၂ဦး ရှိကြပါတယ်.. တစ်နေ့မှာတော့ ညီအစ်ကို၂ယောက်ဟာ ကိစ္စလေးတစ်ခုနဲ့ ခွန်းကြီး၊ ခွန်းငယ် စကားများ ကြပါတော့တယ် သူတို့၂ယောက် ခုလို စကားများကြတာဟာ နှစ်ပေါင်း ၄၀အတွင်းမှာ ပထမဦးဆုံး အကြိမ်လဲ ဖြစ်ပါတယ်.. ယခင်တုန်းကတော့ ညီအစ်ကို၂ဦးဟာ တစ်ဦးရဲ့ စက်ကိရိယာ၊ တစ်ဦးရဲ့ ခြံလုပ်ငန်း အသုံးအဆောင်၊ အိမ်အသုံးအဆောင် စတဲ့ပစ္စည်း အားလုံးကို အဆီးအတားမရှိ၊ ပြဿနာမရှိ တစ်ဦးနဲ့တစ်ဦး မျှဝေ သုံးစွဲလာခဲ့ကြတာပါ.. တကယ်တမ်းတော့ စဖြစ်ကြတာက ဘာမှမဖြစ်လောက်တဲ့ အသေးအမွှား ကိစ္စလေးကနေ တစ်ဖြေးဖြေး ကြီးကျယ်လာပြီး တစ်ယောက်နဲ့ တစ်ယောက် မခံနိုင်စရာ စကားလုံးများနဲ့ ထိုးနှက်ကြရင်း ပြင်းထန်တဲ့ ပဋိပက္ခကို ကူးပြောင်းသွားတာ တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောနိုင် ဖြစ်သွားရပါပြီ။ ညီအစ်ကို ၂ဦးရဲ့ နှစ်ပေါင်း၄၀ကြာ ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်အားကိုးမှုတို့ဟာ ပြိုကွဲသွားပြီ ဖြစ်ပါတယ်.. ဒီလို စကားများပြီး မခေါ်မပြောဖြစ်နေတာ လပေါင်းများစွာကြာပြီးတဲ့ မနက်ခင်းတစ်ခုမှာ တစ်စုံတစ်ဦးက အစ်ကိုဖြစ်သူရဲ့ အိမ်တံခါးကို လာခေါက်ပါတယ်.. တံခါးကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ ပုခုံးထက်မှာတော့ လက်သမား အသုံးအဆောင် ကိရိယာတွေကို လွယ်ပိုးထားတဲ့ လူတစ်ယောက် အိမ်ပေါက်ဝမှာ ရပ်နေပါတယ်.. သူက “ကျွန်တော် နေ့စားအလုပ်တစ်ခု ရှာနေတာပါ.. ရက်အနည်းငယ်လောက် ကျွန်တော်လုပ်နိုင်မဲ့ ထိုက်သင့်တဲ့ အလုပ်လေးများ ခင်ဗျားဆီမှာ ရှိနေမလားဗျာ” လို့ မေးလာပါတယ်.. “အော် ရှိပါတယ်.. ခင်ဗျားအတွက် အလုပ်တစ်ခု ကျုပ်ဆီမှာ ရှိပါတယ်.. ဒီမှာ ကြည့်ပါဗျာ.. ကျုပ်တို့ခြံကြီးရဲ့ အလယ်မှာ စီးနေတဲ့ စမ်းချောင်းတစ်ခုကို ခင်ဗျား မြင်တယ်မဟုတ်လား.. စမ်းချောင်းတစ်ဘက်က အိမ်ပိုင်ရှင်က ကျုပ်ခြံနီးနားချင်းပေါ့ဗျာ.. အရှင်းဆုံးပြောရရင် ကျုပ်ရဲ့ညီလဲဖြစ်ပါတယ်.. အရင်ကတော့ ဒီနေရာဟာ စိမ်းလန်းစိုပြေတဲ့ မြက်ခင်းပြင်ကြီး ရှိခဲ့တာပေါ့.. လွန်ခဲ့တဲ့ ရက်တွေမှာ ကျုပ်ညီက ဘူဒိုဇာတွေနဲ့ မြေကြီးကို တူးဖော်ပြီး မြစ်ကနေပြီး ရေတွေကို စီးဆင်းလာနိုင်ဖို့ ချောင်းတစ်ခု ဖောက်ပစ်လိုက်တော့ ဒီနေရာဟာ အခု ခင်ဗျား မြင်သလို ကျုပ်တို့ ၂ယောက်ရဲ့ အိမ်၂အိမ်ကြားမှာ စမ်းချောင်းလေးတစ်ခု ဖြစ်လာရပြီလေ.. လုပ်ပါစေ.. သူလုပ်သလို ကျုပ်ဘက်ကလည်း ပြန်လုပ်ဖို့ ၀န်မလေးဘူးဆိုတာ သူသိအောင် ပြရမယ်.. ဟိုနားမှာ ခင်ဗျားတွေ့လား.. သစ်သားပုံကြီးတစ်ခု .. အဲဒီ သစ်သားတွေနဲ့ စမ်းချောင်းဘေးနား ကပ်ပြီး ကျုပ်အတွက် ၈ပေအမြင့်ရှိတဲ့ ခြံစည်းရိုးတစ်ခု ခင်ဗျား ကာပေးရမယ်.. ဒါဆို ကျုပ် ဟိုဘက်အခြမ်းကို လုံးဝမမြင်နိုင်တော့ဘူး.. ကျုပ်ညီမျက်နှာကိုလဲ ကျုပ်ကမတွေ့ချင်တော့ဘူး…” လို့ အစ်ကိုကြီး ဖြစ်သူက လက်သမားကို ပြောလိုက်ပါတယ်..

ဒီတော့ လက်သမားဟာ “ကောင်းပါပြီ.. အခြေအနေကို ကျွန်တော် နားလည်ပါပြီ.. ကျွန်တော့ကို ရိုက်ဖို့ သံနဲ့ တူ ပေးပါ.. ခင်ဗျားဖြစ်စေချင်တဲ့ အတိုင်း အကောင်းဆုံး ကျွန်တော် ဆောင်ရွက်ပေးပါမယ်.. စိတ်ချပါခင်ဗျာ..” လို့ပြောပါတယ်..

ဒါနဲ့ အစ်ကိုကြီးဟာ လက်သမားကို လိုအပ်တဲ့ သံနဲ့ ပစ္စည်း ကိရိယာတွေ ထုတ်ပေးပြီးတာနဲ့ ကိစ္စတစ်ခုနဲ့ မြို့ထဲကို ထွက်သွားစရာ ရှိတာကြောင့် ညနေစောင်းမှ ပြန်ရောက်မဲ့အကြောင်းပြောပြီး အိမ်ကနေ ထွက်သွားခဲ့ပါတယ်.. သူထွက်သွားတာနဲ့ လက်သမားဟာ သူ့အလုပ်ကို စပြီး လုပ်ပါတော့တယ်.. လိုအပ်တဲ့ သစ်တွေ ဖြတ်တောက် တိုင်းတာတယ်.. တိုင်စိုက်ဖို့ မြေကြီးတွေ တူးဆွတယ်၊ သံတွေရိုက်တယ် သူလုပ်စရာရှိတာကို တစ်နေ့လုံး မနားမနေ လုပ်ပါတော့တယ်.

—————————————–။ညနေစောင်း နေ၀င်ခါနီးမှာ အစ်ကိုကြီးဖြစ်သူ ပြန်ရောက်လာချိန်မှာတော့ လက်သမားဟာ သူ့အလုပ်တွေကို လက်စသပ်လို့ ပြီးစီးနေပြီ ဖြစ်ပါတယ်.. ၈ပေအမြင့် ခြံစည်းရိုးကို တွေ့ရဖို့ မျှော်လင့်ထားတဲ့ အစ်ကိုကြီးဟာ လက်သမား တစ်နေကုန် လုပ်ထားတဲ့ အရာကို မြင်လိုက်တော့ သူ့ရဲ့ မျက်လုံးတွေ ပြူးကျယ်ကုန်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားပါတော့တယ်..သူခိုင်းထားတဲ့နေရာမှာ ဘာခြံစည်းရိုးမှ ကာရံထားတာ မတွေ့ရဘဲ သူတို့ ညီအစ်ကို၂ယောက်ရဲ့ အိမ်နဲ့ ယာမြေတွေကို အလယ်ကနေ ပိုင်းခြားထားတဲ့ စမ်းချောင်းလေးပေါ်မှာတော့ တံတားလေးတစ်စင်းကို တွေ့လိုက်ရပါတယ်. တံတားလေးက သေသေသပ်သပ် လှလှပပလေးနဲ့ စမ်းချောင်းတစ်ဘက်တစ်ချက်စီကို ပေါင်းကူးပေးထားတဲ့ ချစ်စရာတံတားလေးပါဘဲ.. တံတားရဲ့ ဟိုမှာဘက်ဆီမှာတော့ သူ့ရဲ့ညီ.. သူ့ညီက လက်ကို ဆန့်တန်းကာ ဟိုတစ်ဘက်ခြမ်းကနေ တံတားပေါ်ကို တစ်ဖြေးဖြေး လျှောက်လှမ်းလို့လာပါတယ်..

ညီအစ်ကို ၂ယောက်ဟာ တစ်ဘက်တစ်ချက်ဆီကနေ လျှောက်လာကြရင်း တံတားအလယ်ခေါင်မှာ ဆုံမိကြပါတယ်.. ဒီတော့မှ စကားမပြောတာ၊ တစ်ဦးမျက်နှာ တစ်ဦး မကြည့်တာ အတော်ကြာနေပြီ ဖြစ်တဲ့ ညီအစ်ကို ၂ယောက်သား တစ်ယောက်ကိုတစ်ယောက် အားရပါးရ ပွေ့ဖက်လိုက်ကြပါတယ်.. တစ်ယောက် အမှားကို တစ်ယောက်က တောင်းပန်ကြရင်း ချစ်ကြည် ငြိမ်းချမ်းရေးကို ပြန်လည် ရရှိ သွားကြပါတော့တယ်.. စကားပြောနေကြရင်း လက်သမားကိုသတိရလို့ ကြည့်လိုက်တော့ လက်သမားဟာ သူလာတုန်းက ပုခုံးမှာ လွယ်ပိုးခဲ့တဲ့ အိတ်ကို ကောက်ပြီးထမ်းကာ ထွက်ခွာသွားတော့မဲ့ ပုံရတာကြောင့် အစ်ကိုကြီးက “မသွားပါနဲ့ဦးဗျာ .. ကျုပ်တို့နဲ့ အတူ ရက်နည်းနည်းလောက် နေပါဦး.. ကျုပ်မှာ ခင်ဗျားကို အပ်စရာ တစ်ခြားအလုပ်တွေ အများကြီးရှိပါသေးတယ်.. ” လို့ပြောလိုက်တော့ လက်သမားကြီးက “ကျွန်တော် နေချင်ပါတယ်.. အခုတော့ ခင်ဗျားတို့ ရင်ထဲက အမုန်းတရားတွေ၊ အာဃာတတွေကို ဒီပေါင်းကူးတံတားက ချေဖျက်ပေးလိုက်ပြီမို့ ကျွန်တော် တာဝန်ကျေပါပြီ.. လှိုက်လှဲဝမ်းသာလဲ ခံစားရပါပြီ. ဒါပေမဲ့ တစ်ခြားလူတွေအတွက် အခုလို ပေါင်းကူးတံတားတွေ နောက်ထပ်အများကြီး ဆောက်ရဦးမှာမို့ ကျွန်တော် သွားရပါဦးမယ်..” လို့ပြောပြီး သူ့အိတ်ကို ထမ်းကာ ညီအစ်ကို ၂ဦးရှေ့ကနေ ထွက်ခွာသွားပါတော့တယ်.။

————————————————————————————————————————————–။ကျွန်မကတော့ ညီအစ်ကို၂ယောက်အတွက် လက်သမားဆောက်ပေးခဲ့တဲ့ တံတားလေးကို မေတ္တာ ပေါင်းကူးတံတားလို့ နံမည်ပေးလိုက် ချင်ပါတယ်.. လူတိုင်းလူတိုင်း မှာလည်း ရင်ထဲက အမုန်းတွေ၊ အငြိုးတွေ၊ အာဃာတတွေ ဖြေဖျောက်ကြပြီး မေတ္တာပေါင်းကူးတံတားလေး တည်ဆောက်နိုင်မယ်ဆိုရင် သာယာလှပတဲ့ လောကလူ့ဘောင်ကို တည်ဆောက် နိုင်ကြမှာပါနော်.. ပေါင်းကူးတံတား တည်ဆောက်ပေးတဲ့ လက်သမားလို လူမျိုးတွေလဲ ဒီကမ္ဘာလောကကြီးမှာ အများအပြား လိုအပ်လှပါတယ်လေ။ ဒီလို လူမျိုးတွေသာ များလာမယ်ဆိုရင် စစ်မက်ကင်းပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်ရှင်။

Chuck Crenshaw ရဲ့ Forgiveness ကို ဘာသာပြန် ဝေမျှပါသည်။

လူတိုင်းအမုန်းတရား ကင်းဝေးစွာ အေးချမ်းသာယာ ရှိကြပါစေရှင်..ချော(အစိမ်းရောင်လွင်ပြင်) (မချောရေ...ဒီလိုကောင်းတာလေးတွေ ထပ်ရှာပေးပါအုံး...ကျေးဇူးတင်စွာဖြင့်...အောင်နိုင်သူ)

No comments:

Post a Comment