Saturday, May 15, 2010

. .

သဘာဝပတ်ဝန်းကျင်နှင့်လူသားအကျိုးပြုသူ(သို့) ဂျော့ခ်ျဝါရှင်တန်ကာဗာ အပိုင်း(၂)


တဲကလေးထဲသို့ မျက်နှာဖုံးတပ် လူဆိုးများ ရောက်ရှိလာသည်။မေရီ့ ရင်ခွင်က နို့စို့ကလေးငယ်ကို ဆွဲယူပြီး မေရီ့လက်နှစ်ဖက်ကို ကြိုးနှင့်ပူးချည်ကာ အပြင်သို့ဆွဲခေါ်သွားကြသည်။ထို့နောက် မြင်းတစ်စီးပေါ်သို့ တင်ကြသည်။`ကျွန်မကလေးတွေကို စောင်ခြုံပေးကြပါ´ ဟူသောမေရီ၏အော်ပြောသံမှာ အလျင်အမြန်ထွက်သွားကြသော လူဆိုးများ၏ မြင်းခွာသံများအကြားတွင် နစ်မြုပ်ပျောက်ကွယ်သွားသည်။
မိုးဇက်ကာဗာခဗျာ ဘုရားကိုသာတရင်း ငေးမျှော်ကျန်ရစ်ခဲ့သည်။သူ့ဇနီး ဆူစန်က တစ်ဦးတည်းလွတ်ကျန်ရစ်သည့် ဂျင်(မ)ကလေးကိုပွေ့ဖက်ရင်း မျက်ရည်များ စီးကျလာသည်။`သွားရှာပြီ´ဟု သူ့နှုတ်မှလည်း မြည်တမ်းနေမိသည်။ မိုးဇက်ကာဗာသည် ငွေဝယ်ကျွန်စနစ်ကို အစဉ်တစိုက်ဆန့်ကျင်ခဲ့သူဖြစ်သည်။သူတို့ မစ်ဇူရီနယ်ရှိ အခြားလယ်သမားများမှာ လယ်ကွင်းပြင်တွင် ခိုင်းစေရန်အတွက် နီဂရိုးကျေးကျွန်များကို ၀ယ်ယူသုံးစွဲခဲ့သော်လည်း မိုးဇက်ကမူ တစ်ယောက်မျှပင် ၀ယ်ယူခြင်းမရှိခဲ့။နှစ်ပေါင်းများစွာကြာအောင် လင်မယားနှစ်ယောက်တည်း မောင်တစ်ထမ်း မယ်တစ်ရွက် လုပ်ကိုင်နေထိုင်ခဲ့ရာမှ တစ်နေ့တွင်တော့ဇနီးဆူစန်က မိုးဇက်လယ်ကွင်းထဲတွင် တစ်နေကုန်ထွက်၍ အလုပ်လုပ်နေစဉ် သူတစ်ဦးတည်း အိမ်မှာနေရတာငြီးငွေ့ကြောင်း၊ စကားစမြည်ပြောစရာ အဖော်လိုချင်ကြောင်းပြောသဖြင့် မိုးဇက်က မူလသတ်မှတ်ချက်ကို နည်းနည်းလျော့ကာ ခြံနီးချင်းတစ်ဦးထံမှ မေရီအား ဒေါ်လာ ၇၀၀ ပေးပြီးဝယ်ယူခဲ့ခြင်းဖြစ်သည်။
သို့သော် မေရီအား အိမ်ဖော်ဟု သဘောထားကာ ညှာညှာတာတာသာ ဆက်ဆံခိုင်းစေခဲ့သည်။မေရီအဖို့လည်း သူတို့နှင့်နေရသော ခြောက်နှစ်တာကာလသည် ချမ်းသာပျော်ရွင်မှုရှိသောကာလတစ်ခုဖြစ်ခဲ့သည်။ သို့သော် ကျွန်စနစ်ကိုသွေးသားထဲက လက်မခံနိုင်ခဲ့သည့် မိုးဇက်အဖို့မူ မေရီကို ၀ယ်ယူထားမိသည့်ကာလတစ်လျှောက်လုံး မိမိလုပ်ရပ်အတွက် အပြစ်ရှိနေသလိုသာ အမြဲခံစားနေခဲ့ရသည်။ ယခုမေရီတစ်ယောက် သူ့လက်ထဲမှနေ၍ လူဆိုးများထံပါသွားပြီးဆိုသည့်အခါ မိမိအပြစ်ပဲ၊ မိမိထိန်းသိမ်းကာကွယ်နိုင်ခြင်း မရှိသည့်အတွက် သည်လိုဖြစ်ရသည်ပဲဟုတွေးကာ အကြီးအကျယ် စိတ်မကောင်းဖြစ်နေမိတော့သည်။ မေရီကိုသာ ပြန်ရအောင် မယူနိုင်လျှင် သူတစ်သက်လုံးစိတ်ဖြောင့်ဖြောင့်နေနိုင်မည် မဟုတ်တော့ဟုလည်းတွေးမိသည်။
သို့နှင့်နောက်တစ်နေ့နံနက်မှာပင် သူတို့ခြံနှင့် အနီးဆုံးရှိဒိုင်းမွန်းဂရို့ဖ်မြို့သစ်ကလေးဆီသို့ မြင်းစီး၍ လာခဲ့သည်။သူနှင့်အတူ ပြိုင်မြင်းတစ်စီးကိုလည်းတစ်ပါးတည်း ယူဆောင်လာခဲ့သည်။မြို့သစ်သို့ ရောက်သည့်အခါ ဂျွန်ဘင့်တလေ ဆိုသောလူတစ်ယောက်ကိုရှာဖွေတွေ့ဆုံသည်။ဘင့်တလေသည်မျက်နှာဖုံးတပ်လူဆိုးဂိုဏ်းနှင့် ဆက်ဆံဖူးသူတစ်ယောက်ဖြစ်ကြောင်းသိရှိထားရာ သူ့ကိုအကူအညီတောင်းလျှင် အောင်မြင်နိုင်စရာအခွင့်အလမ်းရှိသည်ဟု မိုးဇက်မျှော်လင့်ထားသည်။ `ကျွန်တော်ခြံက မေရီဆိုတဲ့နီဂရိုးမလေးနဲ့ သူ့ကလေးနှစ်ယောက်ကို သူတို့ဖမ်းသွားကြတယ်ဗျာ၊ခင်ဗျား လိုက်သွားပြီး ပြန်ရွေးပေးနိုင်ရင် ရွေးပေးပါ၊ဟောဒီမှာ ကျွန်တော်မှာရှိတဲ့မြင်းတွေထဲက အကောင်းဆုံးမြင်း၊ဟိုသားအမိကို ဒီကောင်နဲ့လဲပြီးပြန်ခေါ်လာပေးပါ၊ဆောင်ရွက်ခအနေနဲ့ခင်ဗျားကို သစ်တောမြေဧကလေးဆယ် ပေးပါမယ်`။ မိုးဇက်၏ အစီအစဉ်ကို လက်ခံပြီးဘင့်တလေကထိုနေ့နေလယ်မှာပင် တောင်ပိုင်းသို့ထွက်သွားသည်။ မိုးဇက်ကအိမ်သို့ပြန်ကာ ဇနီးဆူစန်၊မေရီ၏သားကလေးဂျင်(မ)တို့နှင့်အတူ အိမ်မှစောင့်မျှော်သည်။ခြောက်ရက်မြောက်နေ့တွင်မိုးတွေသဲသဲမဲမဲရွာနေ....ဆက်ရန်

No comments:

Post a Comment