Sunday, May 16, 2010

. .

သဘာဝပတ်ဝန်းကျင်နှင့်လူသားအကျိုးပြုသူ(သို့) ဂျော့ခ်ျဝါရှင်တန်ကာဗာ အပိုင်း(၃)


ခြောက်ရက်မြောက်နေ့တွင် မိုးတွေသဲသဲမဲမဲ ရွာနေသည့်ကြားမှ ဘင့်တလေပြန်လည်ရောက်ရှိလာသည်။မိုးဇက်၏ပြိုင်မြင်းက သူ့နောက်မှ ကြိုးတန်းလန်းနှင့်ပင် ပြန်ပါလာသည်။အစီအစဉ်အောင်မြင်ခဲ့ပုံမပေါ်။ သူကအိမ်ထဲသို့ ၀င်လာပြီးမိုးမစိုအောင် သူ့ကုတ်အင်္ကျီကြီး အောက်တွင် ကွယ်၍ယူလာသည့် အထုပ်တစ်ထုပ်ကို ပေးသည်။` အဲ့ဒါတစ်ခုပဲ ကျွန်တော်ရခဲ့တယ်၊သေပလား ရှင်နေသေးသလား မပြောတတ်ဘူး´။ `ဟယ် ပေါက်စလေး´ ဆူစန်က အော်လိုက်သည်။သူကအထပ်ထပ်ထုပ်ထားသည့် စောင်စုတ်၊အ၀တ်အထည်စုတ်များကြားမှ မေရီ့သားငယ်လေးကို ထုတ်၍ကြည့်သည်။ ညိုညိုမည်းမည်း နီဂရိုးပေါက်စလေးက အသိုက်ထဲတွင်သေဆုံးနေသည့်မွေးကင်းစ စာကလေးတစ်ကောင်လို ငြိမ်သက်နေသည်။ သို့သော် အသက်ကားမျှဉ်းမျှဉ်းရှူနေဆဲ။ ကလေးကို နွေးနွေးထွေးထွေးရှိအောင် အ၀တ်အထည်များနှင့်ပြန်ထုတ်ကြသည်။ဆူစန်က မီးဖိုပေါ်မှာ နွားနို့အိုးတင်ကာ ကလေးကိုပွေ့ချီလျက် မီးဖိုနားမှာထိုင်သည်။ထို့နောက် နွားနို့နည်းနည်းကို သကြားအနည်းငယ်နှင့်ရောမွှေပြီး ဇွန်းကလေးနှင့်တိုက်ပေးသည်။နွားနို့က ပါးစပ်ထဲမ၀င်။နှုတ်ခမ်းထောင့်မှ ဘေးသို့ စီးကျသွားသည်။သည်နောက် ခပ်ယဲ့ယဲ့အသံလေးနှင့်ကလေးငိုသည်။သည်နောက်မှာတော့ နွားနို့ကို မွတ်သိပ်စွာမျိုချရှာလေသည်။`တော်သေးတယ်၊အသက်ကလေး ပြန်ပါလာပေလို့´ဆူစန်က ဆိုသည်။`အင်း၊ဒါကလေးအတွက်နဲ့တော့ ကျွန်တော်သစ်တောတစ်တော မရလောက်ဘူးထင်တာပဲ´။ဘင့်တလေက ပြောလိုက်သည်။ `ခင်ဗျား အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ပြိုင်မြင်းကို ခင်ဗျားယူလိုက်ပါ´။ ဘင့်တလေ ကျေနပ်သွားသည်။ထို့နောက် သူက လူဆိုးဂိုဏ်းနောက်သို့ လိုက်ရသည့်သူ့၏ ခရီးစဉ်ကိုပြောပြသည်။ သူတို့နောက်သို့ သတင်းစုံစမ်းရင်း၊ခြေရာခံရင်း လိုက်သွာရာ အာကင်ဆောပြည်နယ် တောင်ပေါ်ပိုင်းဒေသအထိသူရောက်သည်။ သည့်နောက်မှာ လုံးဝလမ်းစပျောက်သွားသည်။မစ္စစ္စပီမြစ်ဘက်သို့ သည်လူတွေ သွားကြလိမ့်မည်၊မြစ်ရိုးအတိုင်းစုန်ဆင်းပြီးတောင်ပိုင်းတစ်နေရာတွင် မေရီနှင့်သူ့သမီးကို ရောင်းကြလိမ့်မည်ဟုသူ ယူဆကြောင်း ဘင့်တလေက ပြောပြသည်။ `ဒီပေါက်စလေးကျတော့ ခင်ဗျား ဘယ်လိုရခဲ့တာလဲ´ မိုးဇက်က မေးသည်။`ဒါလေးက လမ်းကရွာတစ်ရွာမှာပေးထားခဲ့တာ၊သူ့ကျတော့ ရောင်းလို့လဲမရဘူးလေ၊ကျွန်တော် ပြန်တောင်းယူလာခဲ့တာပါ´ ဘင့်တလေက ပြောပြသည်။
မသေ၍ရှင်လာခဲ့သော လူမည်းပေါက်စလေးကို ဂျော့ခ်ျဟုခေါ်ကြသည်။ဂျော့ခ်ျကလေး၏သူငယ်ဘ၀နှစ်များကား အသက်မသေအောင် ကြိုးစားမွေးနေရသည့်နှစ်များဖြစ်သည်။ ကလေးများဖြစ်တတ်သည့်ရောဂါမှန်သမျှ တစ်ခုမကျန်သူခံရသည်။ဖြစ်လိုက်လျှင် သေကောင်ပေါင်းလဲ၊သူများတကာထက်ဆိုးဆိုးရွားရွားချည်ဒ ကြုံရသည်။အမြဲချောင်းဆိုးနေသဖြင့် လည်ချောင်းထိခိုက်ကာ အသံကောင်းကောင်းမထွက်ချင်။ပြီးတော့ စကားကလည်းအလွန်ထစ်သည်။ သိုသော်ဆူစန်၏ပြုစုစောင့်ရှောက်မှုနှင့်သူကလေး၏ကိုယ်ခန္ဓာအတွင်း ပါလာသည့်ခံနိုင်ရည်သတ္တိကလေးကြောင့်သူအသက်ရှင်ခဲ့သည်။ ပြည်တွင်းစစ်ကြီးပြီးဆုံးသွားသည်။မီးလောင်ထားသောစပါးကျီတွေပြန်ဆောက်ကြသည်။ လယ်ကွင်းပြင်များမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည်စတင်ကြသည်။ မိုးဇက်က ဂျင်(မ)နှင့်ဂျော့ခ်ျ ညိအစ်ကိုနှစ်ယောက်ကိုခေါ်ကာ အမေရိကန်တစ်ပြည်လုံးရှိ ကျွန်အားလုံး ကျွန်ဘ၀မှ လွှတ်မြောက်ကြပြီးဖြစ်ကြောင်း ပြောပြသည်။`မင်းတို့ညီအစ်ကိုလဲ လွတ်လပ်တဲ့သူတွေဖြစ်သွားပြီ၊မင်းတို့ သွားလိုရာသွား.......ဆက်ရန်

No comments:

Post a Comment