Thursday, May 27, 2010

. .

မီးတူးနေသော ဘီစကစ်လေးများ



ကျွန်မရဲ့ဘ၀မှာ ဘယ်တော့မှာ မမေ့နိုင်တဲ့ အဖြစ်အပျက်ကလေးတစ်ခုကို သတိတရလေး ပြောပြချင်မိပါတယ်.. ကျွန်မငယ်စဉ် မူလတန်းကျောင်းသူဘ၀ရဲ့ တစ်ခုသော ရက်တစ်ရက်မှာပေါ့.. ကျွန်မတို့မေမေက အလုပ်ကနေပြန်ရောက်ပြီးရင် မိသားစု ညစာစားဖို့အတွက် အမြဲတမ်း ပြင်ဆင် ချက်ပြုတ်ရပါတယ်… အဲဒီနေ့ကလည်း ခါတိုင်းလိုပါဘဲ.. မေမေဟာ အလုပ်ကနေ ပြန်ရောက်တာနဲ့ ကျွန်မတို့အားလုံးအတွက် ညစာ ပြင်နေပါတယ်.
မေမေပြင်ဆင်နေတဲ့ ညစာက ကြက်ဥကြော်၊ ၀က်အူချောင်းနဲ့၊ တော်တော်လေးကို မီးတူးနေတဲ့ ဘီစကစ်လေးတွေပါဘဲ.. အဲဒီဘီစကစ်တွေဟာ မေမေကိုယ်တိုင် လုပ်ထားတဲ့ ဘီစကစ်တွေလည်း ဖြစ်ပါတယ်.. ညစာစားတဲ့ စားပွဲမှာ ဆေးရုံကနေ တာဝန်ပြီးလို့ ပြန်ရောက်နေတဲ့ ကျွန်မရဲ့ ဖေဖေလည်း ထိုင်နေပါတယ်.. မေမေရဲ့ မီးတူးနေတဲ့ ဘီစကစ်တွေကို ကြည့်ပြီး ကျွန်မစိတ်ထဲ တွေးနေမိတာက ဒီ မီးတူးနေတဲ့ မုန့်တွေအကြောင်း ဖေဖေဘယ်တော့များ သတိပြုမိပြီး မေမေ့ကို ပြောတော့မလဲ ဆိုတာပါဘဲ…
ဒါပေမဲ့ ဖေဖေဟာ သူ့လက်က ဘီစကစ်တွေဆီ ရောက်သွားခဲ့ပေမဲ့ ဘာမှ သတိမပြုမိတဲ့ ပုံစံနဲ့ ပါးစပ်ထဲ ကောက်ဝါးလိုက်ရင်း ကျွန်မကိုသာ ဒီနေ့ကျောင်းမှာ အဆင်ပြေရဲ့လား ဘာတွေထူးသေးလဲလို့ မေးလာပါတယ်. အဲဒီချိန်မှာ ကျွန်မက ဘီစကစ်ချပ်လေးတွေပေါ်ကို ထောပတ်တွေသုပ်လိမ်းပြီး ယိုတစ်ထပ် ပြန်သုပ်ကာ ၀ါး စားနေခဲ့ပါတယ်.. ဖေဖေ့မေးခွန်းကို အဆင်ပြေကြောင်းသာ ပြန်ပြီး ဖြေဖြစ်ခဲ့ပါတယ်..
အဲဒီနေ့က ညစာ စားပြီးချိန်ထိအောင် ဖေဖေဟာ မီးတူးနေတဲ့ ဘီစကစ်ကိစ္စကို မေမေ့ကို ပြောဖို့ဆိုဖို့ မပြောနဲ့ သတိထားလိုက်မိဟန်တောင် မတူပါဘူး… ကျွန်မက ညစာစားတဲ့ စားပွဲကနေ ထဖို့ စဉ်းစားလိုက်မိတဲ့ အချိန်မှာဘဲ မေမေ့ဆီက “ ဒီနေ့တော့ ဘီစကစ်လုပ်တာ မီးတူးသွားတဲ့အတွက် တောင်းပန်ပါတယ်” ဆိုတဲ့အသံ ထွက်လာပါတယ်.. ဒီမှာတင်ဘဲ မေမေ့ကို ပြန်ပြောလိုက်တဲ့ ဖေဖေရဲ့ စကားကို ကျွန်မ ဘယ်တော့မှ မေ့လို့မရခဲ့တာပါ။
“ကိစ္စမရှိပါဘူး မိန်းမရယ်.. ကိုယ်က မီးတူးနေတဲ့ ဘီစကစ်တွေကို စားရတာ သဘောကျပါတယ်” တဲ့
အဲဒီညမှာ ကျွန်မဟာ ညအိပ်ရာဝင်ဖို့ ဖေဖေ့ကို နှုတ်ဆက်တဲ့အချိန်မှာ ကျွန်မစိတ်ထဲမှာ အောင့်မထားနိုင်ဘဲ ဖေဖေ့ကို မေးလိုက်မိတာက “ ဖေဖေ.. မေမေရဲ့ မီးတူးနေတဲ့ ဘီစကစ်တွေကို တကယ်ကြိုက်တာ ဟုတ်ရဲ့လား ဟင်” ဆိုတာပါဘဲ… ဒီတော့ ကျွန်မဖေဖေဟာ သဘောထား ကြီးမားသူတစ်ယောက်ရဲ့ အပြုံးကလေးကို ပြုံးလိုက်ရင်း ကျွန်မကို ပွေ့ဖက်လိုက်ပြီး
“သမီး မေမေဟာ တစ်နေ့လုံးလဲ သူ့အလုပ်မှာ ပင်ပင်ပန်းပန်း လုပ်လာခဲ့ရတယ်.. အိမ်ပြန်ရောက်တော့လဲ မနားရဘဲ ဖေဖေတို့အတွက် ညစာ ချက်ပြုတ် ပြင်ဆင်ရသေးတယ်.. ဘီစကစ်လေး မီးတူးတဲ့ကိစ္စဟာ ဘယ်သူ့ကိုမှ ထိခိုက်စေတာ မဟုတ်လို့ အဲဒီကိစ္စကို အပြစ်တင်ခြင်းအားဖြင့် သမီးမေမေရဲ့စိတ်ကို ထပ်ပြီး မပင်ပန်းစေချင်ပါဘူးကွယ်.. ပြီးတော့ ဒီဘာမဟုတ်တဲ့ ဘီစကစ်လေး မီးတူးတာကို အပြစ်တင်လိုက်ရင် သမီးမေမေလဲ စိတ်အနှောက်အယှက် ဖြစ်သွားမယ်.. ဖေဖေခုလို သဘောကျကြောင်း ပြန်ပြောလိုက်တော့ သူလဲ စိတ်မသက်မသာ မဖြစ်တော့ဘဲ အရာရာအားလုံးဟာ ပြေပြေလည်လည် ပြီးမသွားခဲ့ဖူးလား.. တစ်ယောက်ရဲ့အမှားကို အပြစ်တင်နေတာထက်စာရင် ခွင့်လွှတ်လိုက်တာက ပိုပြီး ပျော်စရာကောင်းပါတယ်..သမီးရယ် ” လို့ ပြန်ပြောပါတယ်..
အိုး.. ကောင်းလိုက်တဲ့ ဖေဖေရဲ့ စကားလေးပါဘဲနော်.. ကျွန်မတို့တွေဟာ ဘာမဟုတ်တဲ့ ကိစ္စရပ်ကလေးတွေ၊ လူတစ်ယောက်ယောက်ရဲ့ အပြစ်အသေးအမွှားတွေကို ပုံကြီးချဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အပြစ်တင် ပြောဆိုနေခဲ့ကြဖူးမယ်ထင်ပါတယ်.. ဘ၀မှာ ဘယ်အရာမှ ပြည့်စုံတယ် ဆိုတာမရှိသလို၊ လူတိုင်းဟာလည်း မကင်းနိုင်တဲ့ အမှားကလေးတွေ ရှိကြမှာပါနော်….. တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်တဲ့စိတ်၊ ချစ်ခင်တဲ့စိတ်နဲ့ ကြည့်ကြမယ်ဆိုရင် မီးတူးနေတဲ့ဘီစကစ်လေးတွေဟာလည်း ကောင်းမွန် ချိုမြိန်နေတတ်သလို မိသားစုဆက်ဆံရေး၊ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေး တွေမှာလည်း တစ်ဦးအပြစ်ကို တစ်ဦးက ခွင့်လွှတ်လို့ တစ်ယောက်ရဲ့အမှားကလေးတွေကို တစ်ယောက်က သီးခံကြရင်း နေပျော်စရာ လူမှုဝန်းကျင်လေးတွေကို ဖန်တီးလို့ သာယာလှပတဲ့ ရေရှည်ဆက်ဆံရေးကို မျှော်ကိုးကာ မိမိချစ်သူ ခင်သူများနဲ့ ရာသက်ပန် အဆင်ပြေ ပျော်ရွှင်နိုင်ကြမှာပါနော်..

ကျွန်မလဲ မီးတူးနေတဲ့ ဘီစကစ်လေးတွေတွေ့ရင် ခွင့်လွှတ်နိုင်အောင် ကြိုးစားပါဦးမယ်ရှင်…

Bill Rayborn ရဲ့Burned Biscuits ကို နှစ်သက်မိသဖြင့် ဘာသာပြန် မျှဝေပါသည်။
အားလုံးဘဲ သာယာပျော်ရွှင်အဆင်ပြေသော လူမှုဝန်းကျင်ကို ဖန်တီးနိုင်ကြပါစေရှင်…
ချော(အစိမ်းရောင်လွင်ပြင်)
(မချောရေ..စာရေးဆရာမသာ..လုပ်လိုက်ပါတော့..နောက်လည်းကောင်းတာလေးတွေ..ပို့ပေးပါအုံး..ကျေးဇူးတင်စွာဖြင့်..အောင်နိုင်သူ)

No comments:

Post a Comment