Monday, May 17, 2010

. .

သဘာဝပတ်ဝန်းကျင်နှင့်လူသားအကျိုးပြုသူ(သို့) ဂျော့ခ်ျဝါရှင်တန်ကာဗာ အပိုင်း(၄)



`မင်းတို့ညီအစ်ကိုလဲ လွတ်လပ်တဲ့သူတွေဖြစ်သွားပြီ၊ မင်းတို့ သွားလိုရာသွားနိုင်ကြပြီ` ဂျော့ခ်ျက ငယ်သေးသဖြင့် သည်စကား၏ အဓိပ္ပာယ်ကို နားမလည်။ဂျင်(မ)ကတော့ ပြုံးကြည့်နေသည်။ ညဘက်ရောက်တော့ ညီအစ်ကိုနှစ်ယောက် သူတို့တဲကလေးထဲက ခါတိုင်း အိပ်နေကျ အိပ်ရာများမှာပဲ ခါတိုင်းလိုဆက်အိပ်ကြသည်။
ဂျင်(မ)က ခပ်မြန်မြန်ပင် လူကောင်ထွားလာပြီး မိုးဇက်အား သိုးမွေးရိတ်ခြင်း၊နွားနို့ညှစ်ခြင်း၊တိရစ္ဆာန်အစာကောက်ရိုးများ ထုပ်စည်းခြင်းစသည့် အလုပ်များတွင် ကူညီနိုင်လာသည်။ ဂျော့ခ်ျကလေးကတော့ နည်းနည်းကြီးလာသည့်တိုင် မမာမချာကလေးသာ ဖြစ်နေသဖြင့် နေအိမ်ထဲ၊မီးဖိုချောင်ထဲကလွဲ၍ အပြင်ဘက်သို့ သိပ်မရောက်။ အမေတစ်ယောက်လို ဖြစ်နေသည့် အန်တီဆူစန်အနီးမှာပင်နေကာ ပန်းကန်ဆေး၊တံမြက်လှည်း စသည့် ကိစ္စကလေးများကိုသာ ကူညီလုပ်ကိုင်ပေးနေရသည်။ သို့သော် သူသည် ဥာဏ်ပညာထက်မြက်သူ၊တတ်လွယ်သူ ဖြစ်သည်။များမကြာမီပင် သားရေနယ်ခြင်း၊၀ါဖတ်ခြင်း၊ဗိုင်းငင်ခြင်း၊၀က်ပေါင်ခြောက် ပြုလုပ်ခြင်းစသည့်အလုပ်များကို လုပ်တတ်လာသည်။ သည့်ထက်နည်းနည်းကြီးပြီး ကျန်းမာရေးလည်း အတန်အသင့် ကောင်းလာသည့်အခါဂျော့ခ်ျသည် သူတို့ခြံအနီးရှိ သစ်တောကလေးထဲသို့ မကြာခဏ သွားရောက်လည်ပတ်တတ်လာသည်။တောထဲရှိ သဘာဝ၏ ထူးခြားအံ့သြဖွယ် အခြင်းအရာများကို သူရျာဖွေတွေ့ရှိလာသည်။ သစ်ပင်အခေါက်ကိုခွာကာ ၎င်းအောက်မှာ ကျက်စားသွားလာနေကြသည့် ပိုးကောင်ကလေးများကို စူးစမ်းလေ့လာသည်။တောပန်းတွေ၏သဘာဝကို သူခွဲခြားမှတ်သားသည်။နေရောင်ခြည်ရှိရာသို့ထိုးထွက်လာသည့်ပန်း၊အရိပ်အောက်မှာပင် ပွင့်လန်းသည့်ပန်း၊တောထဲတွင်တွေ့ရသမျှ ပိုးကောင်များ၊အမျိုးမျိုးအပြားပြားသော ကျောက်တုံးကျောက်ခဲများ၊ဖွတ်၊ပတပ်၊ပုတ်သင်များ စသည့်သဘာဝ၏ထူးခြားသော အခြင်းအရာမှန်သမျှကို သူစိတ်ဝင်စားသည်။ သူတို့အကြောင်းတွေခရေစေ့တွင်းကျသူ သိချင်သည်။ မိုးဘာကြောင့်ရွာသလဲဆိုတာမျိုး သူမေးသည်။နှင်းဆီပန်းတွေက ဘာကြောင့်တချို့နီ၊တချို့ဝါဖြစ်နေရသလဲ သူစုံစမ်းသည်။ သူကမြေကို ဆုပ်ကိုင်ကြည့်ရသည့် အထိအတွေ့ကို နှစ်သက်သည်။`ကလေးတစ်ယောက်ကို မြေကြီးတွေကိုင်ပြီး မဆော့ရဘူးလို့ တားမြစ်တာဟာ သူ့ကိုသတ်လိုက်တာနဲ့ မခြားဘူး၊မြေကြီးဆိုတာ အသက်ဇီဝ ဖြစ်ပေါ်ရာနေရာပဲ´ဟူ၍ သူကနောင်ကြီးရင့်လာသည့်အခါ၌ မကြာခဏ ပြောဆိုတတ်သည်။
သစ်ပင်သစ်ရွက်များ၊သစ်မြစ်များသည်သူ့အတွက် ဆော့ကစားရာပစ္စည်းများ၊မိတ်ဆွေသူငယ်ချင်းများ ဖြစ်လာကြသည်။ မကြာမီပင် သူ၏ကြင်နာယုယသော လက်များအောက်၌ သစ်ပင်ပန်းပင်ကလေးများ ပွင့်လန်းဝေဆာလာကြတော့သည်။
တစ်နေ့ညနေ၌ အိမ်နီးချင်းတစ်ဦးဖြစ်သူ မစ္စစ်ဗိန်ဟမ်က သူမ၏နှင်းဆီပင်ကလေး ညှိုးနွမ်းနေသည့်အကြောင်း ညည်းညူပြောဆိုသည်။ဂျော့ခ်ျက သူမခြံထဲ လိုက်သွားပြီးကြည့်သည့်အခါ ပြဿနာအရင်းခံကို ချက်ချင်းမြင်သည်။နှင်းဆီပင်များ နေရောင်ခြည် ကောင်းစွာမရ။သူက ပန်းပင်များကို နေရာရွေ့ပြောင်းပြီး ရေလောင်းပေးသည်။ ထို့နောက် သူဘာလုပ်ပေးခဲ့ကြောင်း ပြောရန်အတွက် အိမ်ပေါ်သို့ တက်လာသည်။
ဧည့်ခန်းထဲက ထူးခြားလှသည့်မြင်ကွင်းကြောင့်သူအသက်ရှူမှားကာ တံခါးဝမှာပင် ရပ်၍ကြည့်နေမိသည်။ဧည့်ခန်းပတ်ပတ်လည်၌ အလွန်လှပသော ပန်းချီကားကြီးများ ချိတ်ဆွဲထားသည်။တောကား တောင်ကားများ၊ပန်းပွင့်များ၊မုတ်ဆိတ်ဖားဖားနှင့်လူကြီးများ၏ပုံတူကားများ။
မစ္စစ်ဗိန်ဟမ်က သူ့ကိုကျေးဇူးတင်စကားဆိုပြီး ပိုက်ဆံတပြားပေးလိုက်သည်။သို့သော် ပိုက်ဆံပြားကို သူစိတ်မ၀င်စားနိုင်။အိမ်အပြန်လမ်းတစ်လျှောက် ဧည့်ခန်းထဲက ပန်းချီကားများသာ သူ့ခေါင်းထဲမှာ ကြီးစိုး၍နေခဲ့သည်။
သူ့ခေါင်းထဲသို့ ပန်းချီပိုးဝင်သွားပြီး။သူက သပြေသီးမှည့်လိုအရောင်ပါသော အရည်များထွက်သည့်ဗယ်ရီသီးတချို့ ခူးကာ အရည်ညှစ်သည်။ ထို့နောက် ၎င်းအရည်များ နှင့်ပန်းချီဆွဲကြည့်သည်။ ကျောက်တုံးချောချောတွေ့လျှင် မျက်နှာပြင်မှာသံစူးနှင့်ခြစ်ကာ လူပုံတွေဆွဲသည်။မြေကြီးမှာလည်း ပန်းပွင့်ပုံ၊သစ်ပင်ပုံတွေဆွဲသည်။နေရာအနှံအပြားမှာ ပန်းချီကားတွေသူရေးဆွဲနေတော့သည်။ သည်အတောအတွင်း မစ္စစ်ဗိန်ဟမ်၏နှင်းဆီပန်းများ ပွင့်လန်းဝေဆာလာကြသည်။ အမျိုးသမီးကြီးက ကာဗာတို့အိမ်မှ ဂျော့ခ်ျကလေး တော်လှသည့်အကြောင်းတွေ့သူတိုင်းကို ပြောပြသည်။သူ့သတင်းပြန့်သွားကာ အခြားအိမ်နီးချင်းများကလည်း သူတို့ဥယျာဉ်ထဲကပြဿနာတွေဂျော့ခ်ျထံ သယ်ဆောင်လာကြသည်။ဂျော့ခ်ျက အပင်ကိုဖျက်ဆီးနေသည့် ပိုးကောင်၊မွှားကောင်တွေ ဖယ်ရှင်းပေးသည်။ရေလောင်းပေးသည်။မြေကိုပြုပြင်ပေးသည်။ တဖြည်းဖြည်းသူ့ကို အနီးတ၀ိုက်ရှိ လူများကသစ်ပင်ဆရာဝန်ဟုခေါ်လာကြသည်။များမကြာမီပင် မိုးဇက်ကာဗာ မွေးထားသည့်ဂျော့ခ်ျဆိုသော ကောင်ကလေးသည် အပင်မှန်သမျှရှင်သန်အောင်ကုစားပေးနိုင်သူအဖြစ်တစ်နယ်လုံးမှာ ကျော်ကြားလာလေသည်။

No comments:

Post a Comment