Friday, May 14, 2010

. .

သဘာဝပတ်ဝန်းကျင်နှင့်လူသားအကျိုးပြုသူ(သို့) ဂျော့ခ်ျဝါရှင်တန်ကာဗာ အပိုင်း(၁)


လေတွေ ဟူးဟူးရားရား တိုက်ခတ်နေသည့် ညတစ်ညမှာ သူတို့ရောက်လာကြပြန်သည်။အဝေးဆီမှ ကဆုန်စိုင်းလာနေသည့် မြင်းခွာသံများကို ကြားကတည်းက ညဘက်လှုပ်ရှားသည့် မျက်နှာဖုံးတပ် လူဆိုးဂိုဏ်းသားတွေဖြစ်ကြောင်း မိုးဇက်ကာဗာ သိလိုက်သည်။ အမေရိကန်ပြည်တွင်းစစ် ဖြစ်ပွားနေစဉ်ကာလ အအေးလွန်ကဲလှသော ဆောင်းဥတုတစ်ခုလုံးပင် မစ်ဇူရီနယ်တစ်ခွင်၌ မျက်နှာဖုံးတပ် လူဆိုးဂိုဏ်းတစ်ဂိုဏ်း အကြီးအကျယ်သောင်းကျန်းလျက် ရှိခဲ့သည်။ နွားအုပ်တွေခိုးသည်၊လုသည်၊ကျွန်တွေကိုဖမ်းပြီး ကျွန်ဈေးအကြီးအကျယ်ကောင်းနေသည့် တောင်ပိုင်းဒေသသို့ ခိုးရောင်းသည်။
ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်ကပင် သည်လူဆိုးဂိုဏ်းသည် သူခြံကို တစ်ကြိမ်မွှေနှောက်သွားခဲ့ကြပြီး ဖြစ်သည်။ဘာလုပ်ရမှန်းမသိအောင် တုန်တုန်ယင်ယင် ချောက်ချောက်ချားချား ဖြစ်နေသည့်သူ့ဇနီးသည်ရှေ့မှာပင် သူ့အား လက်နှစ်ဖက်ကို ပူးချည်ကာ သစ်ကိုင်းတစ်ခုမှာ ချိတ်ဆွဲသည်။`မင်းနီဂရိုးတွေ ဘယ်မှာ ၀ှက်ထားသလဲကွ´ဟုမေးမြန်းသည်။ကြိမ်းမောင်းဆဲဆိုသည်။ကျာပွတ်နှင့်ရိုက်သည်။ထိုနောက် ခြေဖ၀ါးကို မီးကျီးခဲရဲရဲနှင့် ကပ်သည်။
သည်မျှနှိပ်စက်သော်လည်း သူဖွင့်မပြောပါ။စင်စစ် သူ့မှာ ကျွန်မလေးတစ်ယောက်ပဲ ရှိသည်။မေရီဟု ခေါ်သည့် မုဆိုးမလေး။သည်မုဆိုးမလေးနှင့် သူမကမွေးသည့် ကျွန်ပေါက်ကလေးများကို လှိုဏ်ဂူတစ်ခုထဲမှာ ပုန်းအောင်းခိုင်းထားခဲ့သည်။အမျိုးမျိုးနှိပ်စက်သော်လည်း မိုးဇက်နှုတ်မှ မဖွင့်ဟသဖြင့် လူဆိုးများ မေရီကို ရမသွားခဲ့။ သိုသော် ယခုတော့ လူဆိုးများ တစ်ခေါက်ပြန်ရောက်လာကြပြန်လေပြီး။ ၁၈၆၂ ခုနှစ်၊အေးမြလှသော ဆောင်းကာလ ညတည။`ဂူဆီိကို အမြန်ပြေး´မိုးဇက်က သူ့ဇနီးကို လှမ်းအော်ပြောသည်။သူ့ခြေဖ၀ါးက မီးလောင်ထားသည့် ဒဏ်ရာတွေ မကျက်သေးသဖြင့် သူကောင်းကောင်းလမ်းမလျှောက်နိုင်။ခြေနာလျက်ပင် အမှောင်ထဲမှာ ဒရောသောပါး သူပြေးသွားသည်။ မြင်းစီးသမားတွေက သူ့ခြံထဲ ရောက်မလာကြသေး။မေရီအတွက် ပြေးရန်၊ပုန်းရန် အချိန်ရနိုင်သည်ဟု သူယူဆသည်။ မေရီတို့နေသည့် တဲငယ်တံခါးကို သူဆွဲဖွင့်လိုက်သောအခါ၌မူ မလှုပ်မယှက်ငြိမ်လျက်သား ရပ်နေသည့်မေရီကို တွေ့ရသည်။ သူမမျက်နှာ၌ အကြီးအကျယ်ကြောက်ရွံ့နေသည့် အမူအရာကို မြင်ရသည်။သမီးလေး မယ်လစ်ဆာက မအေ့အင်္ကျီစကိုဆွဲ၍ ရပ်နေသည်။သားငယ်ဂျင်(မ)က အိပ်ရာထဲတွင် အိပ်ပျော်နေဆဲ။သူမ၏ရင်ခွင်၌မူအငယ်ဆုံးသားလေးကို ပွေ့ချီထားသည်။ `ဟေ့.. ပြေးကြလေကွာ၊ဟိုကောင်တွေ ချက်ချင်းရောက်လာကြမှာ´ မိုးဇက်က စိတ်မရှည်စွာ လှမ်းအော်သည်။ထိုနောက် အိပ်ပျော်နေသောဂျင်(မ)ကလေးကို ဆွဲချီကာ တံခါးဝဆီသို့ထွက်သည်။`ကလေးနှစ်ယောက်ကို ခေါ်ပြီးငါ့နောက်ကလိုက်ခဲ့´။သို့သော် မေရီက ချက်ချင်မလိုက်နိုင်။သူ့အငယ်ဆုံးကလေးက မွေးကတည်းက ရောဂါပါလာသည်။ချောင်းတဟွတ်ဟွတ်ဆိုးနေသူကလေး။သူ့ကို အပြင်ဘက် ထုတ်သွားလျှင် အအေးမိပြီးသေဆုံးသွားနိုင်သည်။မေရီက ကလေးကိုခြုံစရာထုပ်ပိုးစရာစောင်တွေ အနွေးထည်တွေသာ အပြေးအလွှားရှာယူနေသည်။ သည်အခိုက်မှာပဲ တဲကလေးထဲသို့ မျက်နှာဖုံးတပ်လူဆိုးများ.......ဆက်ရန်။

No comments:

Post a Comment