Thursday, May 20, 2010

. .

သဘာဝပတ်ဝန်းကျင်နှင့်လူသားအကျိုးပြုသူ(သို့) ဂျော့ခ်ျဝါရှင်တန်ကာဗာ အပိုင်း(၅)



ဂျော့ခ်ျတို့ခြံနှင့် များစွာမဝေးလှသည့် လိုကပ်(စ)ဂရို့ဖ်ရွာကလေးတွင် ဘုရားရှိခိုးကျောင်းလေးတစ်ခုရှိသည်။ဘုရားကျောင်းမှာ ခန်းမငယ်တစ်ခုသာရှိသည်။ တနင်္ဂနွေနေ့တွင် သည်အခန်း၌ ဘုရားဝတ်ပြုကြပြီး ကျန်နေ့များ၌ ၎င်းကို စာသင်ကျောင်းအဖြစ် အသုံးပြုကြသည်။ ဂျော့ခ်ျစာသင်ချင်စိတ် ပေါက်လာသည်။
တစ်နေ့တွင် သူကလယ်ကွင်းထဲတွင် အလုပ်လုပ်နေသည့် မိုးဇက်ကာဗာအား မေးသည်။`ကျွန်.ကျွန်တော် ဘယ်တော့ ကျောင်းတက်ရမလဲ ခင်ဗျ´။မိုးဇက်က နဖူးပေါ်မှ ချွေးစက်တွေကို လက်ဖြင့်သပ်လိုက်ပြီး ကောင်းကင်ပြင်ဆီသို့ မျှော်၍ငေးနေသည်။ `မနက်ဖြန်သွားလို့ရမလား အန်ကယ်မိုးဇက်´ ဂျော့ခ်ျက ထပ်မေးသည်။ နောက်ဆုံးတော့ မိုးဇက်က ဂျော့ခ်ျပခုံးလေးနှစ်ဖက်ကို ကိုင်ကာ စိတ်မကောင်းစွာဖြင့် ပြောပြလိုက်ရသည်။ `အသားမည်းတဲ့ ကလေးတွေကို ကျောင်းတက်ခွင့်မပြုကြဘူးကွာ´။ ဂျောါခ်ျ အကြီးအကျယ် အံ့အားသင့်သွားသည်။ သူတွယ်တာလှသော အန်တီဆူစန်နောက် တကောက်ကောက် လိုက်နေသည့်တစ်လျှောက်လုံး မကြာခဏဆိုသလိုပင် အန်တီဆူစန်၏ ဖြူဖွေးလှသောအသားနှင့် သူ၏မည်းတူသောအသားကို သူနှိုင်းယှဉ်ကြည့်မိတတ်သည်။သို့သော် အသားဖြူတာနှင့် မည်းတာအပြင်ဘာတွေ ကွာခြားရဦးမည်နည်း။
စာနာတတ်သောလူဖြူလင်မယား၏ အိမ်တွင်ကြီးပြင်းခဲ့ရသည့် လူမည်းကလေး။ကျောင်းနေချင်သည်ဆိုသည့်အခါမှ သူ့ပတ်ဝန်းကျင်မှာ လူဖြူနှင့်လူမည်း အဆင့်အတန်းချင်း မည်မျှကွဲနေသည်ကို ပြောင်ပြောင်ရှင်းရှင်းကြီး သိလိုက်ရတော့သည်။တောထဲက သူသွားထိုင်နေကျ ကွက်လပ်ကလေးမှာ ထိုင်ကာကြေကွဲခြင်းနှင့် ထိတ်လန့်ခြင်းကို သူပြိုင်တူခံစားနေရသည်။သည်နောက်တော့ သူစိတ်မထိန်းနိုင်တော့ဘဲ မြေပြင်ကို ပါးနှင့်ကပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။
စာတတ်ချင်လှသည့် အသားမည်းကောင်လေးသည် အလွယ်တကူ လက်လျော့တတ်သူမဟုတ်။ သူ့စိတ်ဓာတ်ပြင်းပြလွန်းသဖြင့် နောက်ဆုံးတော့ အန်တီဆူစန်ကိုယ်တိုင်ပင် သူ့ကိုစာသင်ပေးရန် တာဝန်ကျလာသည်။ ပစ္စည်းဟောင်းတွေထည့်သည့် သေတ္တာကြီိးထဲက သင်ပုန်းကြီးစာအုပ်ဟောင်းတစ်အုပ်ကို ထုတ်ကာ အေဘီစီဒီသင်ပေးသည်။ များမကြာမီပင် စာအုပ်တစ်အုပ်လုံး သူအလွတ်ရသွားသည်။ တစ်နေ့တွင် သူတို့ခြံနှင့် ရှစ်မိုင်ခန့်အကွာရှိ နီယိုရှိုမြို့ကလေးသို့ ဂျော့ခ်ျခဏရောက်သွားသည်။နီယိုရှိုတွင် သူ့အတွက်အကြီးအကျယ်အံ့အားသင့်စရာတစ်ခုသွားတွေ့ရသည်။ခြံသို့ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် သူ့အစ်ကိုဂျင်(မ)ကို လိုက်ရှာပြီး သူတွေ့လာသည့်ကိစ္စကို ၀မ်းသာအားရပြန်ပြောပြသည်။စိတ်လှုပ်ရှားလွန်းသဖြင့်သူ့စကားက ခါတိုင်းထက်ပင် ပို၍ထစ်နေသည်။`နီ..နီ.နီယိုရှိုမှာ လူမည်းကလေးတွေအတွက် ကျ..ကျ..ကျောင်းတစ်ကျောင်းရှိတယ်။င..င..ငါသွားမယ်။´ဂျင်(မ)က သူ့ညီကို တစ်လျှောက်လုံးပင် နားမလည်နိုင်ဘဲ ရှိခဲ့သည်။ သစ်ပင်ပန်းပင်တွေနှင့် ရူးနေတာ၊အင်္ဂလိပ်စာလုံးပေါင်းတွေ တတွတ်တွတ်ရွတ်ပြီး ကျက်မှတ်နေတာ ဘာသဘောလဲ သူစဉ်းစား၍မရ။သို့သော် သူ့ညီနှင့်ပတ်သက်၍ သူအသေအချာ သိတာတစ်ခုတော့ရှိသည်။သူလုပ်မည်ဟု ပြောသည့်ကိစ္စတစ်ခုကို လုံးဝတားဆီး၍ ရနိုင်မှာမဟုတ်ဟူသောအချက်ဖြစ်သည်။သူသွားမည်ဆိုလျှင် သွားမည်ပဲ။ မိုးဇက်ကာဗာလည်း ဒါကိုသိသည်။သူက`ငါလည်းမင်းကိုတားလို့ရမှာ မဟုတ်ပါဘူး၊ဒါပေမယ့်မင်းဟိုမှာ ဘာစားနေမလဲ၊အဲဒါတော့စဉ်စားဦး´ဟုသာဆိုသည်။`ကျွန်တော် ထမင်းချက်တတ်ပါတယ်၊သန့်ရှင်းရေးတို့ဘာတို့ တိုလီမိုလီတွေလဲ လုပ်နိုင်ပါတယ်။မိုးဇက်က ခေါင်းညိတ်သည်။သည်ကိစ္စပြီးပြီ။သည်လိုဖြင့် နွေဦးပေါက်စ နေ့တစ်နေ့မှာ ဂျော့ခ်ျတစ်ယောက် ခြံဝင်းထဲက ထွက်ကာအပြောကျယ်သော ကမ္ဘာလောကထဲ စတင်ခြေချဖြစ်ခဲ့သည်။

No comments:

Post a Comment