Thursday, July 8, 2010

. .

ရေဒါစခန်း (၇) ခု နအဖ တပ်ဆင်

ဝီရ / ၀၈ ဇူလိုင် ၂၀၁၀
မြန်မာစစ်အစိုးရက လေကြောင်းရန် ကာကွယ်ရေးအတွက် အဝေးမှ ထောက်လှမ်းနိုင်သော ရုရှားနိုင်ငံထုတ် အဆင့်မြင့် ရေဒါများ တပ်ဆင်ထားသော ရေဒါစခန်း (၇) ခုရှိကြောင်း ရှမ်းသံတော်ဆင့်သတင်းတွင် ဖော်ပြထားသည်။

“ထိုင်း-မြန်မာနယ်စပ်က ရတဲ့သတင်းတွေအရပေါ့။ နိုင်ငံအဝှမ်းမှာ ရုရှားလုပ် အဆင့်မြင့် ရေဒါစခန်း (၇) နေရာ နအဖက တပ်ဆင်ပြီးပြီ။ ဒီရေဒါတွေက ကီလိုမီတာ (၃၅၀) အကွာကနေ လေယာဉ်တွေ ပျံသန်းနေတာကို ထောက်လှမ်းလို့ရတယ်၊ အချက်ပြတယ်ပေါ့” ဟု ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာချုပ် ဦးခွန်ဆိုင်းက ပြောကြားသည်။

ယင်းရေဒါစခန်းများကို အလယ်ပိုင်းတိုင်း လက်အောက် နတ်ရေကန်တောင်နှင့် တံတားဦး၌လည်းကောင်း၊ ငွေဆောင်နှင့် မြိတ် (ကမ်းရိုးတန်းတိုင်း) ၌လည်းကောင်း၊ နေပြည်တော် စစ်တိုင်းရှိ တောင်ညို၌လည်းကောင်း၊ ရှမ်းပြည်နယ် တြိဂံတိုင်းရှိ လွယ်မွေ၌ လည်းကောင်း၊ ကချင်ပြည်နယ် မိုးညှင်း၌လည်းကောင်း တပ်ဆင်ထားရှိသည်ဟု သိရသည်။

ရုရှားနိုင်ငံထုတ် အဆိုပါ လေကြောင်းကာကွယ်ရေး ရေဒါများသည် 1L117 အမျိုးအစား သုံးပြီးသား Second Hand များဖြစ်ပြီး ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရန်ကုန်ရှိ သီလဝါဆိပ်ကမ်းမှတဆင့် ရောက်ရှိလာကြောင်း သိရသည်။

မြန်မာစစ်အစိုးရအနေဖြင့် ထိုကဲ့သို့ အဆင့်မြင့်ရေဒါများကို အသုံးပြုရာ၌ လျှပ်စစ်မီးရရှိရန် အခက်အခဲများ ရှိနေကြောင်း စစ်ရေးလေ့လာသူတို့က ပြောကြားသည်။

စစ်ရေးကျွမ်းကျင်သူ မွန်ပြည်သစ် ဗိုလ်မှူးကြီးဟောင်း နိုင်ကောင်းတလရွတ်က “ဒီလိုရေဒါတွေကို တာဝေးပုံဒုံတွေနဲ့တွဲပြီး သုံးနိုင်ဖို့ နအဖက ကြိုးစားနေတာ ကြာခဲ့ပြီ။ ဒါတွေကို သုံးဖို့ နအဖမှာ လျှပ်စစ်မီးပြဿနာက ရှိနေတယ်။ ဥပမာ မွန်ပြည်နယ်က ကုလားဂုတ်ကျွန်းလိုမျိုး၊ ကရင်နီပြည်က ဖာဆောင်းလိုနေရာမျိုးမှာ အဆင့်မြင့်ရေဒါတွေ သုံးနိုင်ဖို့က လျှပ်စစ်မီး အလုံအလောက်မရှိဘူး။ ဒါကြောင့် ပြည်တွင်းက ရေအားလျှပ်စစ် ရဖို့လုပ်နေတာဟာ ဒီအချက်ကြောင့်လည်း ပါတယ်” ဟု ပြောသည်။

နေပြည်တော်စစ်တိုင်းရှိ တောင်ညိုရေဒါစခန်း လုပ်ငန်းလည်ပတ်နိုင်ရန် ရေအားလျှပ်စစ် ထုတ်လုပ်သည့် စက်ရုံတရုံကို ပြီးခဲ့သည့် ဇွန်လက ဆောက်လုပ်ပြီးစီးခဲ့ကြောင်း ရှမ်းသံတော်ဆင့်သတင်းတွင် ပါရှိသည်။

မြန်မာစစ်အစိုးရ ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ် ရွှေမန်းက ၂၀၀၈ ခုနှစ် နိုဝင်ဘာလ၌ မြောက်ကိုးရီးယားသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေးတပ်များ၊ ရေဒါနှင့် သတင်းများကို ကြားဖြတ်ပိတ်ဆို့ တားဆီးရေးဌာနများ၊ အဝေးမှ အမိန့်ပေး ထိန်းချုပ်နိုင်သည့် ဌာနများသို့ သွားရောက်လေ့လာခဲ့သည်။

မြန်မာနိုင်ငံတဝှမ်းတွင် ရေတပ်၊ လေတပ်သုံးနှင့် မိုးလေဝသ အချက်ပြ ရေဒါပေါင်း (၁၀၀) ခုကျော်ရှိပြီး ရေဒါစခန်းပေါင်း (၄၀) ခန့်တို့တွင် တပ်ဆင်ထားရှိထားကြောင်း၊ အသစ်ရောက်လာသော 1L117 ရေဒါများကဲ့သို့ လေကြောင်းကာကွယ်ရေးဆိုင်ရာ အဆင့်မြင့် ရေဒါများ၊ မိုးလေဝသ အချက်ပေးရေဒါများနှင့် P Series ခေါ် ရေဒါများကို အဆိုပါစခန်းများ၌ တပ်ဆင်ထားကြောင်း အင်တာနက်စွယ်စုံကျမ်း (ဝီကီ) မှ မြန်မာ့တပ်မတော် (လေ) လေကြောင်းကာကွယ်ရေး ခေါင်းစဉ်အောက်တွင် ဖော်ပြပါရှိသည်။်

No comments:

Post a Comment