Thursday, July 8, 2010

. .

စစ်တွေ ဆန္ဒပြ ကျောင်းသားများ ကျောင်းပြန်မတက်သေး

မင်းနိုင်သူ Thursday, July 08, 2010
E-mail Print
စစ်တွေ နည်းပညာ ကောလိပ် ကျောင်းသားများက ကျောင်းသွား လာရေး အခက်အခဲများ အတွက် ဖြေရှင်းပေးရန် ဇူလိုင် ၅ ရက် နေ့မှ စတင်ကာ အာဏာပိုင်များကို တောင်းဆို ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး ယနေ့အထိ ကျောင်းတက်ကြခြင်း မရှိသေးကြောင်း သိရသည်။

စစ်တွေနည်းပညာကောလိပ်သည် စစ်တွေမြို့မှ ၁၂ မိုင်ကွာဝေးသည့် ရေချမ်းပြင်ရွာအနီးတွင် တည်ရှိရာ ဇူလိုင် ၅ ရက်က ကျောင်းကြိုပို့ကားတချို့ မလာရောက်ခြင်း၊ ယင်း ကြိုပို့ ကားခဈေးနှုန်းများ တိုးမြှင့်ခြင်းတို့ကြောင့် ကျောင်းဆင်းချိန်တွင် ကျောင်း သား များက ပယက ရုံးရှေ့အထိ ငြိမ်းချမ်းစွာ ခြေလျင်လျှောက် ဆန္ဒပြခဲ့ကြပြီး လိုလားချက်များကို တောင်းဆို ဆန္ဒပြခဲ့ခြင်း ဖြစ် သည်။

“ကျနော်တို့က ကြိုပို့ကားတွေ ပုံမှန်လာဖို့ ၊ ကားခဈေးတက်တာတွေ မလုပ်ဖို့ ၊ ကားခငွေ အကြွေအမ်းဖို့အတွက် ကားစပယ်ယာ တွေကို ငွေအကြွေထုတ်ပေးထားဖို့တွေ တောင်းဆိုတယ်"ဟု စစ်တွေနည်းပညာ ကောလိပ်ကျောင်းသားတဦးက ပြောသည်။

ညနေ ၃ နာရီခန့်မှစ၍ စစ်တွေနည်းပညာကောလိပ်မှ ကျောင်းသားကျောင်းသူ အင်အား ၅၀၀ ကျော်ခန့် ခြေလျင်လျှောက်ပြန်ခဲ့ ကြပြီး ညနေ ၆ နာရီခန့်တွင် ပယက ရုံးရှေ့၌ ထိုင်၍ ဆန္ဒပြခဲ့ကြရာ ည (၉)နာရီခန့်တွင်မှ ဆရာ ၊ဆရာမများက အားလုံးအဆင်ပြေ ရန် စီစဉ်ပေးပါမည်ဟု အာမခံသဖြင့် ဆန္ဒပြပွဲကို ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။

အဆိုပါ ဆန္ဒပြမှုနှင့်စပ်လျဉ်း၍ စစ်တွေ ပယက ရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမပြုပေ။

ကျောင်းသားများဆန္ဒပြမှုကြောင့် စစ်တွေမြို့သို့ ပညာရေးဝန်ကြီး ယမန်နေ့က ရောက်ရှိနေပြီး အနောက်ပိုင်းတိုင်း တိုင်းမှူးက ဆန္ဒပြမှုကို ဦးဆောင်သည့် ကျောင်းသားများကိုဖော်ထုတ်ပေးရန် နည်းပညာကောလိပ် ကျောင်းအုပ်ကြီး ဦးအောင်ကျော်ငြိမ်းနှင့် ဆရာများကို ဖိအားပေးထားသည်ဟူသော သတင်းများလည်း ပေါ်ထွက်နေသည်။

အဆိုပါဆန္ဒပြမှုကြောင့် အာဏာပိုင်များက ကျောင်းကြိုပို့ ကားပိုင်ရှင်များကို တင်းကျပ်စွာ ကိုင်တွယ်မှု ပြုလာလိမ့်မည်ဖြစ်ကြောင်း စစ်တွေ ဒေသခံတဦးက ပြောဆိုသည်။

“ကလေးတွေကလည်း ကားခဈေးတက်တာ မကြိုက်ဘူး ၊ ကားသမားတွေကလည်း ဓာတ်ဆီဈေး တက်တော့ ကျောင်းကြိုပို့ ကား လုပ်ရတာ မကိုက်ဘူးလို့ ပြောကြတယ် ၊ စစ်တွေမှာရှိတဲ့ အစိုးရ ဓာတ်ဆီဆိုင် ၂ ဆိုင်ကို ထူးကုမ္ပဏီက လုပ်ပိုင်ခွင့်ရသွားပြီးနောက် ဓာတ်ဆီဈေးကလည်း တက်လာတယ်လို့ ကားသမားတွေက ပြောကြတယ် ၊ ဘာပဲပြောပြော လောလောဆည်တော့ ကျောင်းသား တွေနဲ့ ထိပ်တိုက်မတိုးချင်တဲ့အတွက် ကားသမားတွေကို ကိုက်ကိုက်မကိုက်ကိုက် မဆွဲမနေရ ဆွဲခိုင်းမှာပါပဲ"ဟု စစ်တွေ ဒေသခံက ပြောသည်။

ဆန္ဒပြမှုကြောင့် ဇူလိုင် ၇ ရက် တွင် စစ်တွေနည်းပညာကောလိပ် သာမက စစ်တွေတက္ကသိုလ်ကိုလည်း ပိတ်ထားရကြောင်း သိရ သည်။

“ဒီနေ့ စစ်တွေတက္ကသိုလ်ကတော့ ပြန်ဖွင့်တယ်၊ နည်းပညာကောလိပ်ကိုတော့ ကျောင်းသားတွေ မသွားကြသေးဘူးလို့ကြားတယ်၊ တိုင်းမှူးက ဆန္ဒပြပွဲမှာပါတဲ့ ကျောင်းသားတွေကို စာရင်းပြုစုခိုင်းနေတယ်ဆိုတော့ ကလေးတွေ လန့်နေကြတာလည်း ပါမယ်"ဟု စစ်တွေ ဒေသခံက ဆိုသည်။

စစ်တွေတက္ကသိုလ်ကျောင်းသားများသည် ၂၀၀၆ ၊ ၂၀၀၈ ၊ ၂၀၀၉ ခုနှစ်များတွင်လည်း ကြိုပို့ ကားခ ဈေးတက်ခြင်း ၊ ကား မလာ ခြင်းများကြောင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသေးသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ် ၊ ကောလိပ်နှင့် ဒီဂရီကောလိပ် စုစုပေါင်း ၁၅၉ ခု ရှိနေပြီး အာဆီယံ နိုင်ငံများအတွင်း အများဆုံးဖြစ်နေ ကြောင်း weekly eleven အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သို့ရာတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ စ၍ အဆင်မြင့်ပညာအဆင့်ကျောင်းများကို မြို့နှင့်ဝေးကွာရာ နေရာများတွင်သာ ထူထောင် ပေးထားရာ ကျောင်းသားများအကြား ပဋိပက္ခဖြစ်ပွားမှုများရှိလာပါက မြို့လူထုနှင့် မပူးပေါင်းမိစေရန် စစ်အစိုးရက ပြုလုပ်ထားခြင်း ဖြစ်သည်ဟု ကျောင်းသားများက ပြောဆိုကြသည်။

No comments:

Post a Comment