Thursday, July 8, 2010

. .

ဂျာမဏီကို အနိုင်ယူပြီး ဥရောပချန်ပီယံ စပိန် ဗိုလ်လုပွဲတက်၊ ကမ္ဘာ့ဖလားတွင် ဗိုလ်မစွဲဖူးသည့် နှစ်သင်း ဗိုလ်လုကြမည်

NEJ / ၀၈ ဇူလိုင် ၂၀၁၀




ဂျာမဏီကို အနိုင်ယူပြီး ဥရောပချန်ပီယံ စပိန် ဗိုလ်လုပွဲတက်၊ ကမ္ဘာ့ဖလားတွင် ဗိုလ်မစွဲဖူးသည့် နှစ်သင်း ဗိုလ်လုကြမည်
NEJ/၈-၇-၂၀၁၀

ဇူလိုင်လ (၇) ရက်နေ့က တောင်အာဖရိကနိုင်ငံ၊ ဒါဘန်းမြို့၊ မော့စက်စ်မာဘီဒါ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားသည့် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဥရောပချန်ပီယံ စပိန်အသင်းက ကမ္ဘာ့ဖလား (၃) ကြိမ်ရ ဂျာမဏီအသင်းကို (၁) ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

စပိန်အသင်းသည် ၂၀၀၈ ခုနှစ် ဇွန်လ (၂၉) ရက်နေ့က သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၊ အားနက်စ်ဟက်ပ်ပယ်လ် အားကစားကွင်း၌ ယူရို ၂၀၀၈ နောက်ဆုံးဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားခဲ့စဉ်ကလည်း ဂျာမဏီအသင်းကို (၁) ဂိုး - ဂိုးမရှိဖြင့်ပင် အနိုင်ရရှိကာ ဥရောပချန်ပီယံဆုဖလားကို ရရှိခဲ့သည်။

ယခုပွဲတွင် စပိန်အသင်းသည် ဂျာမဏီအသင်းအား အင်္ဂလန်၊ အာဂျင်တီးနားအသင်းများကဲ့သို့ တန်ပြန်တိုက်စစ်ဆင်ခွင့်မပြုဘဲ ဘောလုံးကို ကိုင်ကစားကာ ကစားကွက်အသာ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဟာကွက် နည်းနိုင်သမျှနည်းအောင် ထိန်းချုပ်ကစားသွားခဲ့သည်။

စပိန်အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ဒုတိယပိုင်း (၇၃) မိနစ်တွင် ကွင်းလယ်ဖန်တီးရှင် ဇာဗီဟာနန်ဒက်ဇ် ကန်တင်ပေးသည့် ဘယ်ထောင့်ကန်ဘောမှတဆင့် နောက်ခံလူ အသင်းခေါင်းဆောင် ကားလက်စ်ပူယိုးလ်က ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။

စပိန်အသင်းသည် အကြိမ်ကြိမ် တိုက်စစ်ဆင်ကာ ဂိုးသွင်းခွင့်များစွာ ရရှိခဲ့သော်လည်း ဂျာမဏီ ဂိုးသမား ဖမ်းမိခြင်း၊ ဂိုးပေါ်ထောင်သွားခြင်း၊ ဂိုးတိုင်ဘေးမှ ကပ်ထွက်ကာ ကံခေခြင်းများကြောင့် သွင်းဂိုးများများရရှိမည့် အခွင့်အရေး နစ်နာဆုံးရှုံးခဲ့ရသည်။

ထို့အပြင် စပိန်အသင်းသည် (၈၂) မိနစ်တွင် ကွင်းလယ်ညာတောင်ပံလူ ပီဒရို လူပေးမကစားဘဲ တကိုယ်တော် လိမ်ခေါက်နေမှုကြောင့် သေချာပေါက် ဂိုးတဂိုး ရရှိမည့် အခွင့်အရေးတရပ် ဆုံးရှုံးခဲ့ရသည်။ ညာတောင်ပံမှ လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးလာသည့် ဘောလုံးကို ဘယ်ဘက်တွင် လွတ်နေသည့် တိုက်စစ်မှူး တောရက်စ်ထံ ထိုးမပေးဘဲ ဂျာမဏီ နောက်ခံလူကို လိမ်ခေါက်နေမှုကြောင့် ဘောလုံးဆုံးရှုံးကာ သေချာပေါက်ဂိုးတဂိုး နစ်နာခဲ့ရခြင်းဖြစ်သည်။

ဂျာမဏီအသင်းသည်လည်း ကွင်းလယ်လူ ထရိုချောစကီး အဝေးမှ ကန်သွင်းသည့် ဘောလုံးနှင့် လူစားဝင်လာသည့် ကွင်းလယ်လူ တိုနီကရော့စ် ကန်သွင်းသည့် ဘောလုံးကို စပိန်ဂိုးသမား ကားဆီးလက်စ် ပုတ်ထုတ်ကာကွယ်လိုက်သဖြင့် ဂိုးရမည့် အခွင့်အရေး နစ်နာခဲ့ရသည်။

ဂျာမဏီဝန်ကြီးချုပ် အန်ဂျလာမာကယ်လ်က ပွဲမကစားမီ ဂျာမန်သတင်းအေဂျင်စီ ဒီအေဒီပီသို့ ပြောကြားရာ၌ ဂျာမန်အသင်းအနေဖြင့် စပိန်အသင်းကို ဆီမီးဖိုင်နယ်တွင် (၂) ဂိုး - (၁) ဂိုးဖြင့် အနိုင်ရလိမ့်မည်ဖြစ်ကြောင်း ဟောကိန်းထုတ်ခဲ့သည်။

“စပိန်အသင်းက အသင်းကောင်းတသင်းဖြစ်တဲ့အတွက် ဂျိုးအာချင်းမ်လိုးရဲ့ အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ခက်ခက်ခဲခဲ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမယ့် (၂) ဂိုး - (၁) ဂိုးလောက်နဲ့ နိုင်မယ်ထင်ပါတယ်” ဟု အဓိပတိ မာကယ်လ်က ပြောကြားခဲ့သည်။

ဂျာမဏီဝန်ကြီးချုပ်သည် အာဂျင်တီးနားနှင့် ကစားသည့် ကွာတားဖိုင်နယ်ပွဲစဉ် မတိုင်မီကလည်း ဂျာမဏီအသင်း (၂) ဂိုး - (၁) ဂိုးဖြင့် အနိုင်ရမည်ဟု ဟောကိန်းထုတ်ခဲ့သည်။ သို့သော် ပွဲကစားသည့်အခါ ၀န်ကြီးချုပ်ခန့်မှန်းသည့် ဂိုးအရေအတွက်ကို ကျော်လွန်ကာ (၄) ဂိုး - ဂိုးမရှိဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

ယခုပွဲတွင် ဂျာမဏီအသင်း၌ ဂိုး - မန်နျူရယ်လ်နူရာ၊ နောက်တန်း - ဖိလစ်ပ်လမ်း၊ အာနီဖရိုင်းဒရစ်ခ်ျ၊ ပါမာတီဆက်ကာ၊ ဂျရိုမီဘိုအာတန် (မာဆယ်လ်ဂျန်ဆင် ၅၂ မိနစ်)၊ အလယ်တန်း - ပိုင်ယိုတာထရိုချောစကီး (တိုနီကရော့စ် ၆၂ မိနစ်)၊ ဆာမီခီဒီရာ (မာရီယိုဂိုးမက်ဇ် ၈၁ မိနစ်)၊ ဘက်စ်ရှန်ရှဝိန်းစတိုင်ဂါ၊ လူးကပ်စ်ပိုဒေါလ်စကီး၊ မီဆွတ်အိုဇေးလ်၊ ရှေ့တန်း - မီရိုဆလပ်ဗ်ကလိုဆေးတို့ ပါဝင်ကစားခဲ့ကြသည်။

စပိန်အသင်းတွင် ဂိုး - အိုင်ကာ ကားဆီးလက်စ်၊ နောက်တန်း - ဆာဂျီယိုရာမို့စ်၊ ဂျရတ်ပီကေး၊ ကားလက်စ်ပူယိုးလ်၊ ကက်ဒီဗီလာ၊ အလယ်တန်း - ဇာဗီအလွန်ဆို (ကားလို့စ်မာချီနာ ၉၀+၃ မိနစ်)၊ ဇာဗီဟာနန်ဒက်ဇ်၊ အန်းဒရက်စ်အင်နီယက်စတာ၊ ဆာဂျယိုဘတ်စ်ကွက်စ်၊ ပီဒရို (ဒေးဗစ်ဆေးလ်ဗား ၈၆ မိနစ်)၊ ရှေ့တန်း - ဒေးဗစ်ဗီလာ (ဖာနန်ဒိုတောရက်စ် ၈၁ မိနစ်) တို့ ပါဝင်ကစားခဲ့ကြသည်။

No comments:

Post a Comment