Thursday, July 1, 2010

. .

ပတ်ဝန်းကျင်ပျက်စီးမှုဆိုင်ရာ သတင်းများကို စိစစ်ရေးက ပိုကန့်သတ်

ဝီရ / ၀၁ ဇူလိုင် ၂၀၁၀

ပတ်ဝန်းကျင်ပျက်စီးမှုဆိုင်ရာ သတင်းများကို စိစစ်ရေးက  ပိုကန့်သတ်

မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် နောက်ဆက်တွဲ သတင်းများ ဖော်ပြနေသည့် ပြည်တွင်းဂျာနယ်များအပေါ် စာပေစိစစ်ရေးက ပိုမိုကန့်သတ်မှုများ လုပ်လာကြောင်း သိရသည်။
အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက “ရေရှားတုန်းက ရေရှားတယ်လို့ သတင်းရေးရင် စိစစ်ရေးက မချပေးတော့ဘူး။ ရေရှားတဲ့ဒေသကို သူတို့လူကြီးတွေ ဘယ်လိုသွားရောက်ကူညီနေသလဲ သတင်းစာထဲမှာ ပါလာတော့မှ အဲဒီသတင်းကို ရေးလို့ရတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အလားတူ သတင်းများဖြစ်သည့် သစ်တောပြုန်းတီးခြင်း၊ မြစ်ရေခန်းခြောက်ခြင်း၊ ရေညစ်ညမ်းမှု ဖြစ်ပွားခြင်း၊ ရေကြီးခြင်း စသည့်သတင်းများသာမက ယင်းအဖြစ်အပျက်များ၏ နောက်ဆက်တွဲ သတင်းများကိုလည်း ဂျာနယ်များတွင် ဖော်ပြခွင့် ကန့်သတ်လိုက်ကြောင်း အဆိုပါအယ်ဒီတာက ပြောသည်။

၎င်းက “ပြည်တွင်းက အပတ်စဉ်ထုတ်ဂျာနယ်တိုင်းက ပြည်သူတွေ စိတ်ဝင်စားတဲ့ အဲဒီလို သတင်းမျိုးတွေကို လိုက်ရေးတာ ဖြစ်ပေမယ့် ဒါကို ပြည်သူတွေ အထိတ်တလန့်ဖြစ်စေတယ်လို့ အကြောင်းပြပြီး ကန့်သတ်နေတာတော့ သဘာဝမကျဘူးလေ။ ဒါတောင်မကဘဲ နိုင်ငံရေးသတင်းတွေကိုလည်း စာမျက်နှာ (၂) မျက်နှာပဲ ထည့်ဖို့ ကန့်သတ်လိုက်တယ်။ ဒီလိုသတင်းတွေဟာ ပြည်သူတွေအတွက် အကျိုးဖြစ်စေတဲ့ သတင်းတွေပါ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ မိုးရွာ၍ ရေကြီးကာ မြေပြိုခြင်းကြောင့် အိုးအိမ်မဲ့သူများ၏ အခြေအနေဖော်ပြသည့် သတင်းနှင့် ဓာတ်ပုံများကို ကန့်သတ်မှုများရှိခဲ့ကြောင်း၊ အင်းလေကန်ရေ ခန်းခြောက်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများကိုလည်း သတင်းဖော်ပြရာတွင် ကန့်သတ်မှုများရှိခဲ့ကြောင်း ပြည်တွင်းသတင်းထောက်များထံမှ စုံစမ်းသိရသည်။

ပြည်တွင်းဂျာနယ် သတင်းထောက်တဦးက “သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းနေတာက ပြည်သူတွေကို အသိပေးဖို့ အရမ်းလိုအပ်နေတဲ့ကိစ္စပါ။ ဥပမာ သစ်တောပြုန်းတီးမှု ကမ္ဘာ့အဆိုးဝါးဆုံး (၃) နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက တတိယနေရာ ဖြစ်တယ်။ ဒါကို အဲလိုမရေးဘဲ မြန်မာနိုင်ငံမှာ သစ်တောဖုံးလွှမ်းမှု ဧရိယာပမာဏ ဘယ်လောက်ရှိသေးသလဲဆိုပြီး ဂျာနယ်တွေမှာ ရေးထားတာ တွေ့လိုက်တယ်။ အဲဒီလိုရေးမှ ခွင့်ပြုမယ်ဆိုတော့ ပြည်သူတွေ နားလည်အောင် သတင်းထောက်တွေက သွယ်ဝိုက်ပြီး ကြိုးစားနေရတာပေါ့” ဟု ပြောကြားသည်။

၎င်းက “အလားတူပဲ ရခိုင်ပြည်နယ်က တံတားဘယ်နှစင်းကို ပြုပြင်နေတယ်။ ဘယ်နှရာခိုင်နှုန်း ပြီးနေပြီဆိုတာ ရေးမှ ခွင့်ပြုတယ်။ အဲ့လိုမဟုတ်ဘဲ ပြန်လည်ထူထောင်ရေးအတွက် ဘယ်နှနှစ် အချိန်ကြာဦးမယ်ဆိုတာတွေ ရေးလို့မရဘူး။ အင်းလေးကန်ခန်းတဲ့ကိစ္စမှာ သူတို့လူကြီးတွေဘက်က ဘက်စုံပြုပြင်ရေးလုပ်ငန်းတွေ ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းမျိုးမှ ရေးလို့ရတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနတွင် ဗိုလ်မှူး တင့်ဆွေက ညွှန်ကြားရေးမှူးအဖြစ် ဆောက်ရွက်နေပြီး ဒုတိယ ဗိုလ်မှူးကြီး မျိုးမြင့်မောင်က တွဲဖက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားကြောင်း သိရသည်။

No comments:

Post a Comment