ဒီတကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ရဲ့ ထူးခြားချက်ကတော့ တောင်အမေရိကအသင်း ၄ သင်း တပြိုင်နက်တည်း တက်ရောက်နိုင်ခြင်း၊ အာဖရိကတိုက်က ဂါနာအသင်း ပထမဆုံးအကြိမ် ကွားတာအဆင့်ကိုရောက်ရှိလာခြင်းတို့ဟာ ထူးခြား ချက်ဖြစ်ပါတယ်။

ဘောလုံး အစဉ်အလာရှိတဲ့ ဥရုဂွေး နဲ့ ဂါနာအသင်း ပွဲစဉ်ကတော့ မျှတတဲ့ ပွဲစဉ်တခုလို့ ဆိုနိုင်သလို ကွဲပြားခြားနားတဲ့ ကစားဟန် ရှိတဲ့ အသင်းနှစ်သင်း တွေ့ဆုံခြင်းလည်း ဖြစ်ပါတယ်။
ဥရုဂွေးအသင်းကတော့ တောင်အမေရိကအသင်းပီပီ ကွင်းလယ်ကစားကွက်အသာဖြင့် အုပ်စုဖွဲ့ကစားတတ်ပြီး ဂါနာအသင်းက တော့ ခွန်အားနဲ့ အမြန်နှုန်းကို အသုံးပြုပြီး ကစားတဲ့အသင်းဖြစ်ပါတယ်။
ဥရုဂွေး အသင်းဟာ ကမ္ဘာ့ဖလားစတင်ခဲ့တဲ့ ၁၉၃၀ နဲ့ ၁၉၅၀ ခုနှစ်မှာချန်ပီယံဖြစ်ခဲ့ပြီး ၁၉၇၀ မက္ကဆီကို ကမ္ဘာ့ဖလားမှာတော့ ဆီမီးဖိုင်နယ်အဆင့်အထိ နောက်ဆုံး တက်ရောက်ခဲ့ပါတယ်။ ဒီတကြိမ်ကတော့ နှစ်ပေါင်း ၄၀အကြာမှ ကွာတားအဆင့်ကို ပထမဆုံး အကြိမ် ပြန်လည်တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဂါနာအသင်းအတွက်ကတော့ ကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံးတက်ရောက်နိုင်ခြင်းဖြစ်ပြီး၊ ဒီပွဲမှာ ဥရုဂွေးအသင်းကို နိုင်လိုက် မယ်ဆိုရင် အာဖရိကတိုက်က ဆီးမီးဖိုင်နယ်ကို ပထမဆုံးတက်မယ့် အသင်းဖြစ်လာမှာဖြစ်တဲ့အတွက် ပိုမို ကြိုးစားသွားရမှာပါ၊ ဥရုဂွေးအသင်းကလည်း တကျော့ပြန် ကမ္ဘာ့ဖလားကို ပြန်ယူဖို့ ကြိုးစားမှာဖြစ်ပါတယ်၊ ဒါကြောင့် ကြည့်ကောင်းမယ့် ပွဲကောင်းတပွဲ ဆို ရင်လည်း မမှားပါဘူး။
“ဒီနှစ်သင်း တွေ့ဆုံမှာဟာ မျှတတဲ့အတွက် ကစားချိန် မိနစ် ၉၀ အတွင်း အရှုံးအနိုင် အဖြေမပေါ်နိုင်ဘူး၊ အချိန်ပို သို့မဟုတ် ပင်နယ်တီ အထိ သွားနိုင်တယ်”လို့ အားကစားကလောင်ရှင် တဦးဖြစ်သူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက သုံးသပ်ပါတယ်။
ကမ္ဘာ့အဆင် ၄ ရှိတဲ့ လိမ္မော်ရောင် နယ်သာလန် အသင်းကတော့ ကမ္ဘာ့အဆင့်နံပါတ် ၁ ဘရာဇီးအသင်းနဲ့ တွေ့ဆုံမှာပါ။
ယေဘုယျ ကြည့်ရင်တော့ ဘရာဇီးအသင်းအနေနဲ့ ပွဲချောင်တယ်လို့ ပြောရတဲ့ အနေအထားပါ၊ နယ်သာလန် အသင်းအနေနဲ့ လည်း ကွာတားအဆင့်မှာ စောစီးစွာ ဘရာဇီးလို အသင်းမျိုးနဲ့ တွေ့ဆုံရတာတော့ ကံကောင်းတယ်လို့ ပြောလို့ မရပါဘူး။
လက်ရှိနယ်သာလန်အသင်းရဲ့အနေအထားကတော့ အာဂျန်ရော်ဘင်၊ ဗန်ပါစီ၊ ဗန်ဒါဘတ်နဲ့ ရှနိုက်ဒါတို့သာ ပွဲအဖြေကို ပြောင်းလဲ ပစ်နိုင်တဲ့ စွမ်းရည်ရှိပြီး ဘရာဇီးအသင်းကတော့ လိုအပ်ရင် နောက်တန်း လူကအစ ဂိုးသွင်းနိုင်တဲ့အတွက် နယ်သာလန်အသင်း ဘရာဇီးကို ယှဉ်ဖို့မလွယ်ပါဘူး။
နယ်သာလန်အသင်းရဲ့အားနည်းချက်ကတော့ တောင်ပံကနေ ဘောလုံးသယ်လာပြီး ဂိုးသွင်းတတ်တဲ့ အာဂျန်ရော်ဘင်ကို မှီခိုနေ ရတဲ့အပြင် တိုက်စစ်မှူးဗန်ပါစီလည်း အာဆင်နယ်အသင်းမှာ ကစားသလောက် လက်ရွေးစင်မှာ ခြေမပေါ်မှုပါပဲ။
ဘရာဇီးအသင်းအနေနဲ့ အာဂျန်ရော်ဘင်ကို ထိန်းထားနိုင်ခဲ့ရင် နယ်သာလန်အသင်း ဂိုးရဖို့ ခက်ခဲပါလိမ့်မယ်။
ဘရာဇီးအသင်းကတော့ လက်ရှိအနေအထားအရ နယ်သာလန်အသင်းထက် လူအင်အားတောင့်တင်းပေမယ့် အုပ်စုပွဲစဉ်တွေရဲ့ အစပိုင်းမှာတော့ ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ချီလီအသင်းနဲ့ တွေ့တဲ့ ရှုံးထွက်ပွဲစဉ်မှာတော့ ဘရာဇီးအသင်း ခြေစွမ်း ပြန်ပြနိုင်ခဲ့ပါတယ်။
ဘရာဇီးအသင်းမှာ ရှေ့တန်း အလယ်တန်းသာမက နောက်ခံလူများကပါ ဂိုးသွင်းနိုင်တဲ့ စွမ်းရည်ရှိပါတယ်၊ အုပ်စုပွဲစဉ်မှာ ထူးခြား ချက် ကတော့ နောက်ချန်တိုက်စစ်မှူး အဖြစ်ကစားတဲ့ အလယ်တန်းလူ ကာကာနဲ့ တိုက်စစ်မှူး ရော်ဘင်ဟိုမပါဘဲ ပေါ်တူဂီအသင်း ကို သရေကစားနိုင်ခဲ့ပါတယ်။
ဘရာဇီးအသင်းဟာ အုပ်စုပွဲစဉ်မှာ မြောက်ကိုရီးယား နဲ့ အိုင်ဗရီကို့စ်အသင်းကို အနိုင်ကစားခဲ့ပြီး ပေါ်တူဂီအသင်းကို သရေကစား ကာ အုပ်စုပထမဖြင့် ရှုံးထွက်အဆင့်တက်ရောက်ခဲ့ပါတယ်၊ ရှုံးထွက်အဆင့်မှာ ချီလီအသင်းကို ၃ ဂိုး ဂိုးမရှိ အနိုင်ရခဲ့ပြီး ကွာတား ဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီ ဘောလုံးအင်အားကြီး နှစ်သင်းတွေ့ဆုံမှု သမိုင်းကြောင်းကတော့ ၁၉၇၄ မက္ကဆီကိုကမ္ဘာ့ဖလားမှာ နယ်သာလန်က အနိုင်ရခဲ့ပြီး တော့ ၁၉၉၄ အမေရိကန်ကမ္ဘာ့ဖလားမှာ ဘရာဇီးက ပြန်လည်အနိုင်ယူခဲ့ပါတယ်၊ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားမှာ ထပ်မံတွေ့ဆုံပြီး ဘရာဇီးအသင်းကပဲ အနိုင်ထပ်ယူခဲ့ပါတယ်။
ဘောလုံးဝါသနာရှင် စာရေးဆရာညီပုလေးက“နယ်သာလန် နောက်တန်းအနေနဲ့ ဘရာဇီးကို ကြာကြာတောင့်မခံနိုင်ဘူး၊ ဒီတကြိမ် လည်း ဘရာဇီးပဲ နိုင်ပါလိမ့်မယ်”လို့ ဆိုပါတယ်။
နောက် ဘောလုံးဝါသနာအိုးတွေအတွက် ရင်ခုန်စေမယ့် ပွဲကတော့ နည်းပြမာရာဒိုနာရဲ့အာဂျင်တီးနား အသင်းနဲ့ ဥရောပအသင်း ကြီး ဖြစ်တဲ့ ဂျာမနီအသင်းတို့ ပွဲပဲဖြစ်ပါတယ်၊ ဒါပေမယ့် အသင်းကောင်းနှစ်သင်း ဒီအဆင့်မှာ စောစီးစွာ တွေ့ဆုံမှုကတော့ ပွဲကြည့် ပရိသတ်အတွက် နှမြောစရာပါ။

လက်ရှိကမ္ဘာ့ ဖလားမှာတော့ အာဂျင်တီးနား အသင်းအနေနဲ့ အုပ်စုပွဲစဉ်မှာ နိုင်ဂျီးရီးယား ၊တောင်ကိုရီးယား၊ ဂရိအသင်းတို့ကို အနိုင်ယူပြီး ရှုံးထွက်အဆင့်ကို တက်ခဲ့ပါတယ်၊ ရှုံးထွက် အဆင့်မှာလည်း မက္ကဆီကိုအသင်းကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အုပ်စုပွဲစဉ်နဲ့ ရှုံးထွက်ပွဲစဉ်တွေမှာ သက်သောင့်သက်သာ ကစားပြီး ကွာတားအဆင့်ကို ရောက်လာခြင်းဖြစ်တဲ့ အတွက် အာဂျင် တီးနားအနေနဲ့ ပွဲပန်းမှု မရှိပါဘူး။
အာဂျင်တီးနားအသင်းဟာ လက်ရှိလူစာရင်းအရ ဂျာမနီအသင်းထက် အနည်းငယ်သာလွန်ပြီး “မက်ဆီ”ကို တိုက်စစ်မှူးနေရာထက် အလယ်တန်းကစားသမား အဖြစ်ပြောင်းလဲ အသုံးပြုထားခြင်းဟာ အာဂျင်တီးနား အတွက် အားသာချက်ဖြစ်ပါတယ်။
ဘောလုံးကိုကိုင်ပြီး လှုပ်ကစားတတ်တဲ့ မက်ဆီကြောင့် အာဂျင်တီးနားနောက်တန်း အလုပ်ရှုပ်စေပြီးတော့ ဖြစ်ပေါ်လာတဲ့ ကွက် လပ်တွေကို ဟီဂူအင်၊ တီဗက်စ် အစရှိတဲ့ အာဂျင်တီးနား ကစားသမားများက အခွင့်ကောင်း ယူသွားနိုင်ပါတယ်။
ဂျာမနီအသင်းရဲ့ အဓိကကစားသမားတွေကတော့ တောင်ပံကစားသမား ကျောနံပါတ် ၈ အိုဇေးလ်နဲ့ ကျောနံပါတ် ၁၃ မူလာတို့ ဖြစ်ပြီး အလယ်တန်းလူ ရှဝိန်းစတိုက်ဂါ ကတော့ ဂိုးမသွင်းနိုင်သေးပေမယ့်လည်း လိုအပ်ရင် နောက်တန်းကိုပါ ဆင်းကစားနိုင်ပြီး ရုတ်တရက် တန်ပြန်တိုက်စစ်ကို ပြောင်းနိုင်တဲ့ စွမ်းရည် ရှိပါတယ်၊ ဒါပေမယ့် ရှေ့တန်းတိုက်စစ်မှူးများ ဂိုးသွင်းမမှန်ခြင်းကတော့ ဂျာမနီရဲ့ အားနည်းချက်ဖြစ်ပါတယ်။
အုပ်စုပွဲစဉ်တွေမှာလည်း တိုက်စစ်မှူး ပိုဒေါ့စကီး ဂိုးမသွင်းနိုင်သည့်အတွက် ဆားဘီးယား အသင်းကို ရှုံးနိမ့်ခဲ့ရပြီး အင်္ဂလန်နှင့် ပွဲတွင်လည်း အဓိက ဂိုးသွင်းခဲ့သူများမှာတောင်ပံ ကစားသမားများ ပင်ဖြစ်သည်။
နှစ်သင်းစလုံး ဘောလုံးကိုင်ကစားပြီ တိုက်စစ်ဦးစားပေး ကစားမယ်ဆိုရင်တော့ ကြည့်ကောင်းမယ့် ပွဲတပွဲဖြစ်လာနိုင်ပါတယ်။
ဝါရင့်အားကစားကလောင်ရှင် ခင်မောင်ထွေး(ပျဉ်းမနား)က“လက်ရှိအရ အာဂျင်တီးနား ကိုကြိုက်တယ်၊ ဒါပေမယ့် ထင်တိုင်း မပေါက်လို့ ဖိ ကစားရင်တော့ အာဂျင်တီနား အသင်းလည်း အင်္ဂလန်လို ဂျာမနီရဲ့တန်ပြန်တိုက်စစ် မိသွားနိုင်တယ်”ဟု သုံးသပ် ပါတယ်။
ပါရာဂွေးအသင်းနဲ့ စပိန်အသင်းတို့ ပွဲမှာတော့ လက်ရှိလူစာရင်းအရ စပိန်အသင်းက အသာရရှိနေပြီး ပါရာဂွေးအသင်းအနေနဲ့ ရှုံးထွက်အဆင့်မှာ ဂျပန်အသင်းကို ကစားသွားသည့် ခြေမှာ အားရစရာမရှိပေ။
ပါရာဂွေးအသင်းဟာ ကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းထားပေမယ့် နာမည်ကြီး ကစားသမားအနည်းငယ်သာ ပါဝင်ပါတယ်၊ အုပ်စုပွဲစဉ်မှာ အီတလီကို သရေကစားခဲ့ပြီး ဆလိုဗက်ကီးယားကို ၂ ဂိုး ဂိုး မရှိဖြင့် အနိုင်ရခဲ့ပေမယ့် နယူးဇီလန်အသင်းကို သရေသာ ကစားနိုင်ခဲ့ပါတယ်၊ ရှုံးထွက် ပွဲစဉ်မှာလည်း ဂျပန်အသင်းကို ပင်နယ်တီနဲ့ အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။
စပိန်အသင်းကတော့ ပွဲဦးထွက်မှာ ဆွစ်ဇာလန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ခြေမှန်ရရှိကာ အနိုင်ပွဲ ပြန်တွေ့ခဲ့ပါတယ်၊ ရှုံးထွက် အဆင့်မှာလည်း တယောက်လျော့ ပေါ်တူဂီအသင်းကို တိုက်စစ်မှူး ဒေးဗစ်ဗီလာ သွင်းဂိုးနဲ့ အနိုင်ယူခဲ့ပြီး ကွာတား အဆင့်ကို တက်ရောက်ခဲ့ပါတယ်။
အားထားရတဲ့ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ် ခြေစွမ်းမပြနိုင်ပေမယ့် တိုက်စစ်မှူး ဒေးဗစ်ဗီလာက စပိန်အသင်းအတွက် ၄ ဂိုးသွင်း ယူထားပြီး အာဂျင်တီနား တိုက်စစ်မှူး ဟီဂူအင်နဲ့ အပြိုင် ဂိုးသွင်းဘုရင်ဆုကို ရယူသွားနိုင်ပါတယ်။
“ကစားတဲ့ဟန်ကတော့ နှစ်သင်းစလုံး တိုက်စစ်ကို ဦးစားပေးတဲ့ တောင်အမေရိက ကစားဟန်တွေပဲ၊ ဒါပေမယ့် အတွေ့အကြုံအရ ရော စပိန်အသင်းက ပိုအားသာတယ်၊ ဒါကြောင့် စပိန်ပဲ တက်မယ်”လို့ ခင်မောင်ထွေး(ပျဉ်းမနား)က ပြောပါတယ်။
အဲဒီတော့ ကျနော်တို့အားလုံး မနက်ဖြန်မှာ ကန်ကြမယ့် ရင်ခုန်စရာကောင်းတဲ့ ဘောလုံးပွဲတွေအတွက် အားမွေးပြီး စောင့်မျော်ကြ ရအောင်ပါ။
No comments:
Post a Comment