
သူမအား ထောင်ဒဏ်ရက်ပေါင်း၉၀တိတိ ကျခံရမည်ဟု တရားသူကြီးက အတည်ပြု စီရင်ချက် ချလိုက်သည့်အတွက် လင်းဆေးလိုဟန်တစ်ယောက် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သွားခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ ဇူလိုင်လ (၆)ရက်နေ့ တရားခွင်တွင် တရားသူကြီး မာရှာရီဗယ်လ်က Mean Girlsစတား အဆိုတော် မင်းသမီးအား ယခုပြစ်ဒဏ် ချမှတ်ကြောင်း အတည်ပြု ကြေညာလိုက်ပြီးနောက် လင်းဆေးမှာ မျက်ရည်လည်ရွဲ ငိုကြေးခဲ့သည်။
(၂၀၀၇)ခုနှစ်အတွင်းက အရက်မူးပြီး ကားမောင်းမှု နှစ်ခုနှင့် ပတ်သက်ပြီး လင်းဆေးတွင် ပြစ်မှုထင်ရှားကြောင်း တရားသူကြီးက ဆုံးဖြတ်ခဲ့သလို သူမ၏ အခြားသော ဥပဒေ ဖောက်ဖျက်သည့် ပြစ်မှုများကြောင့် ပြစ်ဒဏ်ကို ရှောင်လွှဲမရနိုင်ကြောင်း ပြောကြားခဲ့သည်။ လင်းဆေးသည် ထောင်ဒဏ်ကို ဇူလိုင်လ (၂၀)ရက်နေ့တွင် စတင်ကျခံရမည်ဖြစ်သည်။ လင်းဆေးက သူမသည် အနုပညာအလုပ် အမြောက်အမြားကို လက်ခံထားသဖြင့် ပြစ်ဒဏ်ကြောင့် အခက်ကြုံရကြောင်းနှင့် ယခုစီရင်ချက်သည် သူမအတွက် မမျှတကြောင်း လျှောက်လှဲခဲ့သေးသော်လည်း လော့စ်အန်ဂျလိစ် တရားရုံးမှ တရားသူကြီးက ပယ်ချခဲ့သည်။ “ဒါကို ဟာသတစ်ခုလို ကျွန်မက သဘောမထားနိုင်ဘူး။ ဒါကျွန်မရဲ့ဘ၀၊ ကျွန်မရဲ့ အလုပ်အကိုင်။ ကျွန်မတစ်ဘ၀လုံးအတွက် ကြိုးစားလာခဲ့ရတာတွေ”ဟု လင်းဆေးက ပေါက်ကွဲပြောကြားခဲ့သည်။ ထို့နောက် သူမသည် သူမ၏ရှေ့နေ ရှောင်ချပ်မန်းဟိုလီကို တိုင်တည်ငိုကြွေးနေခဲ့သည်။
လင်းဆေးက တရားသူကြီးအား “ကျွန်မတတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပြီးပြီ။ ဒါပေမယ့် ဖြစ်ခဲ့သမျှကို ပုံကြီးချဲ့ ရေရှည်ဆွဲခေါ်နေတာမျိုးတွေပဲ ကြုံနေရတယ်။ ဒီလိုပြောလို့ တရားသူကြီးကို ကျွန်မက မရိုသေ မလေးစားဘူးလို့တော့ မထင်စေချင်ဘူး”ဟု ပြောဆိုသွားသည်။ တရားသူကြီးကလည်း သူမ၏ အမိန့်အတွက် မပြင်ဆင်နိုင်ကြောင်း၊ ချမှတ်ထားသည့် စီရင်ချက်တွင် ခြွင်းချက်မရှိကြောင်း တနု့်ပြန်ခဲ့သည်။ လင်းဆေး၏ရှေ့နေ ချပ်မန်းသည် တရားသူကြီးအား သူမ၏ အမှုသည်သည် ကောင်းနိုင်သမျှ အကောင်းဆုံး ကျင့်ကြံနေထိုင်ခဲ့ကြောင်း၊ ထို့အတွက် ပြင်းထန်သော အမိန့်မချမှတ်သင့်ပါကြောင်း ပန်ကြားခဲ့သေးသည်။
လင်းဆေးသည် (၂၀၀၇)ခုနှစ် မေလ(၂၆)ရက်နေ့က အရက်မူးမူးနှင့် သူမစီးလာသော မာစီဒီးစ်ကားကို ဆန်းဆက်ဘူလာဗက်ရှိ ခြံစည်းရိုးတစ်ခုကို ၀င်တိုက်ခဲ့သည်။ ထို့နောက် နှစ်လအကြာတွင် အရက်မူးပြီး ကားမောင်းမှုဖြင့် ဆန်တာမော်နီကာတွင် အဖမ်းခံရပြန်သည်။ ထိုကိစ္စအတွက် လင်းဆေးသည် (၈၄)မိနစ်ကြာ အချုပ်ကျခဲ့ပြီး အမှုစစ်ရန် ကိစ္စကိုမူ (၃)နှစ်ထိ ရွှေ့ဆိုင်းထားခဲ့သည်။ သူမသည် ရဲအစောင့်အရှောက်ဖြင့် တရားရုံးမှ ပြန်လည်ထွက်ခွာသွားချိန်တွင် သတင်းထောက်များ၏ မေးခွန်းများအား တစုံတရာ မဖြေကြားသွားခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment